Local Industry

Myanmar

မြန်မာတွင် တောင်တင့်ပြီး သန်မာသည့် ကုန်တင်ထရပ်ယာဉ်လုပ်ငန်းနယ်ပယ်တစ်ရပ် ရှိနေသည်။

သို့သော် တိုင်းပြည်ကို စီးပွားရေး ပိတ်ဆို့ခံထားရပြီး အထီးကျန်ကာလများကို ဖြတ်သန်းစဉ် ၎င်းနယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှုများ ပြည့်ပြည့်၀၀ မရရှိသည့်ဒဏ်ကို ခံစားခဲ့ရသည်။ သို့ဖြစ်ရာ ယခုအခါ စီးပွားရေးစနစ်သစ်၏ မငြိမ်သက်ခြင်းကို လိုက်ချိန်ညှိပေးဖို့ ကြိုးစားရုန်းကန်နေကြရသည်။

ကုန်တင်ထရပ်ယာဉ်လုပ်ငန်းနယ်ပယ်၏ ပုဂ္ဂလိကကဏ္ဍကို အသင်းကြီး နှစ်သင်းဖြင့် အုပ်စုနှစ်ခု ခွဲခြားနိုင်သည်။ အုပ်စုတစ်ခုမှာ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း Myanmar Container Trucks Association(MCTA) မှ ကိုယ်စားပြုထားသည့် ဆိပ်ကမ်းမှ ခရီးတို ပို့ဆောင်သည့် ကုန်သေတ္တာတင်ယာဉ် လုပ်ငန်းရှင်များ၊ ခရီးဝေး ပို့ဆောင်မှုကို ချိတ်ဆက်လုပ်ကိုင်သည့် အချို့လုပ်ငန်းရှင်ကြီးများဖြစ်သည်။ ကျန်သည့်အုပ်စုတစ်ခုမှာ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း The Myanmar Highway Freight Transportation Services Entrepreneurs Association-MHFTSEA မှ ကိုယ်စားပြုသည့် လုပ်ငန်းငယ် လုပ်ကိုင်ကြသူ ရာဂဏန်း ဖြစ်ပြီး ၎င်းတို့တွင် အများစုသည် ထရပ်ကား ၅ စီးနှင့်အောက်သာ ပိုင်ဆိုင်ကြပြီး ပိုင်ရှင်ကိုယ်တိုင် လုပ်ကိုင်သူများလည်း ရှိသည်။ ကုမ္ပဏီအနေဖြင့် ကြည့်မည်ဆိုပါက ရန်ကုန်မြို့တွင် အဖွဲ့ဝင် ၃၂၀ ရှိပြီး မန္တလေးမြို့တွင် ၂၀၀  ကျော်ရှိသည်ဟု သိရသည်။ ၎င်းတို့ သုံးစွဲလျက်ရှိသော ထရပ်ကားအများစုသည် ဂျပန်နိုင်ငံမှ တင်သွင်းသည့် တစ်ပတ်ရစ်ထရပ်ကားများ ဖြစ်ပြီး ၁၀ ဘီးကားများနှင့် ၁၂ ဘီးကားများ ဖြစ်သည်ဟု သိရသည်။

ထရပ်ကားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အသင်းတစ်ခုခုတွင် မ၀င်မနေရဟု ပြဋ္ဌာန်းထားခြင်း မရှိချေ။ သို့ဖြစ်ရာ အဆိုပါအသင်းကြီးနှစ်ခုတွင် ထရပ်ကားကုမ္ပဏီအားလုံး အသင်းဝင်အဖြစ် ပါဝင်သည်ဟု မယူဆအပ်ပေ။ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ အစိုးရပိုင်ကဏ္ဍသည် ထရပ်ကား အများအပြားဖြင့် လုပ်ကိုင်လျက် ရှိသော်လည်း အဆိုပါအသင်းကြီးများတွင် ပါဝင်ခြင်း မရှိချေ။

MHFTSEA တွင် လုပ်ကိုင်သူများသည် ပို့ဆောင်ရေးဂိတ်များ ထားရှိပြီး မိမိတို့ဘာသာ လုပ်ကိုင်ကြသည်။ မြို့ကြီးမြို့ငယ်တို့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့ အစရှိသော မြို့ကြီးများသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအတွက် အ၀င်အထွက်ဂိတ်များ ထားရှိကြသည်။ ဂိတ်များသည် စုပေါင်းစပ်ပေါင်း လုပ်ကိုင်မှုအသွင်ဖြင့် လုပ်ကိုင်ကြသည်။ ရရှိလာသော ကုန်စည်များကို ဂိတ်အဖွဲဝင်များအကြား ဝေမျှသယ်ပို့ကြသည်။ အခြေစိုက်ရာမြို့သို့ အပြန်ကုန် စောင့်ဆိုင်းနေသော ထရပ်ကားအလွတ်များအတွက်လည်း ကုန်စည် ဝေမျှပေးသည်။ နယ်မြို့များသို့ တင်ပို့ရန် လက်ခံရရှိသည့် ကုန်စည်များသည် ပေးပို့သူ တစ်ဦးချင်းအရ ကုန်သေတ္တာတစ်လုံးအပြည့်စာ မရရှိတတ်ပေ။ သို့ဖြစ်ရာ ကုန်သေတ္တာတစ်လုံးစာ မပြည့်သော ကုန်စည် Less than Container Load (LCL) များ စုစည်းပေးပြီး ကုန်တင်ကားပေါ် တင်ပေးသည်။ ကုန်တင်ကားဂိတ်များ၏ လုပ်ဆောင်ပုံသည် အကျိုးထိရောက်မှု ကောင်းသည်။ သို့သော် ပုံစံတကျ မရှိသဖြင့် နိုင်ငံတကာမှ ကုန်သယ်ပို့ခိုင်းလိုသူများအနေဖြင့် ဘ၀င်မကျ ဖြစ်ကြရမည်ဖြစ်သည်။ သယ်ပို့ရမည့် ကုန်အလေးခချိန်ကို ကတ္တားဖြင့် ချိန်တွယ်ရာ၌ ပိသာချိန်ဖြင့် ချိန်တွယ်ပြီး သယ်ပို့ခ နှုန်းထားများကိုလည်း ပိသာချိန်ဖြင့် သတ်မှတ်သည်။ နိုင်ငံတကာသုံးအလေးချိန်စနစ်ဖြစ်သည့် ကီလိုကို သုံးစွဲခြင်း မရှိကြသေးချေ။ သယ်ပို့ပေးလျက်ရှိသည့် ကုန်စည်များမှာ စိုက်ပျိုးရေးထုတ်ကုန်များ၊ လူသုံးကုန်များ၊ စက်ကိရိယာအပိုပစ္စည်းများသည် အများစုဖြစ်သည်။ ကုန်စည် ရရှိမှုသည် ရာသီအလိုက် အတက်အကျ ရှိတတ်သည်။ ပြီးခဲ့သည့် ၁၅ နှစ်တာအတွင်းတွင် သယ်ပို့ပေးနိုင်သည့် ကုန်တင်ယာဉ်အရေအတွက်က ပိုများနေသဖြင့် သယ်ပို့လိုသည့် ကုန်တင်ယာဉ်နှင့် ကုန်စည်ရရှိမှု အချိုးအစား မညီမမျှ ဖြစ်နေခဲ့သည်ဟု သိရသည်။ ကုန်စည်သယ်ပို့ခ နှုန်းထားများကို ပုံသေကားကျ သတ်မှတ်ထားခြင်း မရှိဘဲ ယာဉ်နှင့် ကုန်စည် အချိုးအစား ပြောင်းလဲမှုသည် ယေဘုယျအားဖြင့် ကုန်စည်သယ်ပို့ခနှုန်းထားအပေါ် သက်ရောက်မှု ရှိနေသည်။ သယ်ပို့လိုသူနှင့် ကုန်တင်ယာဉ်လုပ်ကိုင်သူတို့အကြား အဆင်ပြေမည့် ဈေးနှုန်းသတ်မှတ်ကြလေ့ ရှိသည်။ ကုန်စည်သယ်ယူမှု များပြားသည့်အခါမျိုးတွင် သယ်ပို့ခ နှုန်းထား မြင့်တက်မည်ဖြစ်သည်။ ယေဘုယျအားဖြင် ကုန်စည်များ သယ်ယူရသည့် ခရီးတာအတွက် ကုန်ကျစရိတ်အမျိုးမျိုးတို့အပေါ် အခြေခံပြီး အခြေခံဈေးနှုန်းကို သတ်မှတ်ကြသည်။ သယ်ယူပို့ဆောင်မှုအပိုင်းတွင် အာမခံ ထားရှိကြလေ့ မရှိချေ။ ကုန်တင်ယာဉ်များအနေဖြင့်လည်း အရွယ်အစားနှင့် အမျိုးအစား စံနှုန်းများ တိတိကျကျ သတ်မှတ်ထားခြင်း မရှိချေ။

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းအနေဖြင့် ရန်ကုန်မြို့တွင် အဓိကအားဖြင့် လုပ်ကိုင်လျက်ရှိပြီး ပိုခေတ်မီပြီး ထိရောက်မှု ပိုကောင်းသော ထရပ်ကားများ အများအပြားဖြင့် လုပ်ကိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ ဆိပ်ကမ်းမှ တစ်ဆင့် ပို့ကုန်သွင်းကုန်များအတွက် ကွန်တိန်နာသုံးစွဲပြီး ပို့ဆောင်ခြင်းသည် ၁၉၉၀ ပြည့်နှစ်လွန်ကာလတွင် သိသိသာသာ ပိုမိုသုံးစွဲခဲ့ကြပြီး ယခုအခါ ကွန်တိန်နာကို အများစုက သုံးစွဲနေကြသည့်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ပေရာ ကုန်သေတ္တာတင်ယာဉ်များအနေဖြင့် ဈေးကွက် အခိုင်အမာ ရှိနေပေသည်။

အခြား ပို့ကုန်သွင်းကုန်နည်းလမ်းဖြစ်သည့် နယ်ခြားကုန်သွယ်ရေး တစ်ဟုန်ထိုး ထွန်းကားသွားသည့်နောက်ပိုင်းတွင် ထရပ်ကားကြီးများဖြင့် ကုန်စည်သယ်ဆောင်မှုများသည် မူဆယ်၊ မြ၀တီ အစရှိသည့် နယ်ခြားကုန်သွယ်မှုစခန်းများ၏ ကုန်သွယ်မှုများအတွက် ဖြစ်လာခဲ့သော်လည်း ကုန်စည်၏ သဘောဘဘာဝ၊ ကုန်စည်သယ်ပို့သည့် ဓလေ့ထုံးတမ်းများ၏ သဘောသဘာဝတို့အရ ကုန်သေတ္တာတင်ယာဉ် သုံးစွဲဖို့ မဆီလျော်သဖြင့် ကွန်တိန်နာ အသုံးပြုမှု နည်းပါးသည်ကို တွေ့ရသည်။ သာမန်ကုန်တင်ယာဉ် ၁၀ ဘီးကားများ၊ ၁၂ ဘီး ကားများဖြင့်သာ သယ်ပို့လျက် ရှိကြသည်။ ကုန်စည်စီးဆင်းမှု များပြားခြင်း၊ လမ်းအကျယ်လမ်းအလျားနှင့် ကုန်တင်ယာဉ် အချိုးအစား မမျှတခြင်း၊ နယ်မြေအေးချမ်းတည်ငြိမ်မှု အပြည့်အ၀ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် လမ်းကြောင်းပိတ်ခြင်းများ ရံဖန်ရံခါ ကြုံကြရသည်မှာ စိန်ခေါ်နေသည့် ပြဿနာတစ်ရပ် ဖြစ်နေပေသည်။

မြန်မာနိုင်ငံရှိ အဝေးပြေးလမ်းများသည် ဒေသတွင်းစံချိန်စံညွှန်းကို မမီသည်က များသည်။ လမ်းကွန်ရက် အလျားမိုင် ကြီးကြီးမားမား တိုးများခဲ့သော်လည်း လမ်းအကျယ်နှင့် လမ်းသားကောင်းမွန်မှုအပိုင်းတွင် အဆင့်မြှင့်တင်ပေးဖို့ လိုအပ်နေပေသည်။ ကွန်ကရစ်အသားထူ ခင်းသည့် လမ်းကျယ်လမ်းမကြီးတစ်ခုကို ရန်ကုန်-နေပြည်တော်- မန္တလေး ဖောက်လုပ်ထားသော်လည်း ကုန်တင်ယာဉ်များ သွားလာရန် ခွင့်ပြုမထားချေ။ သို့ဖြစ်ရာ ဗြိတိသျှ ကိုလိုနီခေတ်တုန်းက ဖောက်ခဲ့သည့် ရန်ကုန်-မန္တလေး လမ်းဟောင်းကိုသာ အသုံးပြုကြရသည်။ လမ်းအကျယ်မှာ နှစ်စီး ရှောင်သာရုံသာ ရှိသည်။ နောက်ထပ်အားနည်းချက်မှာ မြို့များ၊ ကျေးရွာများကို ဖြတ်သန်းဖောက်လုပ်ထားခြင်း ဖြစ်သည်။

နမူနာအဖြစ် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ကုန်စည်သယ်ပို့သည့် ထရပ်ကားတစ်စီး၏ ခရီးစဉ်ကို ကြည့်မည်ဆိုပါက  ခရီးတာသည် ၇၅၀ ကီလိုမီတာ ရှိပြီး ထရပ်ကား၏ ပျမ်းမျှအမြန်နှုန်းသည် တစ်နာရီလျှင် ၄၀ ကီလိုမီတာ ၀န်းကျင်ဖြစ်သဖြင့် ၄ရက်မှ ၅ ရက်အထိ ကြာမြင့်သည်။ မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသော လမ်းများသည် ပိုမိုဆိုးရွားသော အခြေအနေတွင် ရှိနေကြသည်။ ပြုပြင်ထိန်းသိမ်းခြင်းကို လုပ်ကိုင်ပေးလျက်ရှိသော်ငြားလည်း ရာသီဥတုဒဏ်ကြောင့် အပျက်အစီးများ ဖြစ်ပေါ်နေသဖြင့် ပျက်လိုက်ပြင်လိုက်နှင့် စခန်းသွားနေကြရသည်။ ယာဉ်အလေးချိန် တန် ၅၀ ရှိသည့် နောက်တွဲကုန်တင်ယာဉ်တစ်စီးအဖို့ ကီလို ၄၅၀ ဝေးကွာသော ခရီးအတွက် ပျမ်းမျှအမြန်နှုန်းသည် တစ်နာရီလျှင် ၂၅ ကီလိုမီတာ ရှိသည်။ အဆိုးဝါးဆုံး လမ်းပိုင်းနေရာများတွင် ကားဘီးကို တစ်လှိမ့်ချင်း မောင်းရပေရာ လူတစ်ဦး လမ်းလျှောက်သွားသည့် အမြန်နှုန်းသာသာမျှသာ ရှိသည်။ လမ်းဆိုးခြင်းအပြင် အကွေ့အကောက်များလည်း ရှိနေသေးသည်။ ထိုသို့ အခက်အခဲများ ရှိသော်လည်း ယာဉ်များ အသွားအလာ များပြားလျက်ရှိသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်အနီး မူဆယ်မြို့ တောင်ဘက်ရှိ ၁၀၅မိုင် နယ်ခြားကုန်သွယ်မှုစခန်းသို့ ကုန်တင်ယာဉ် အ၀င်အထွက်သည် ရာသီအလိုက် အနည်းအများ ရှိပြီး နေ့စဉ် စီးရေ ၁၀၀၀ မှ ၁၅၀၀ အထိ ရှိသည်။ တရုတ်နိုင်ငံနယ်စပ်အတွက် အကောက်ခွန်စစ်ဆေးရေး စခန်းသည် မြောက်ဘက် ၃၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံမှ ထရပ်ကားများကို တရုတ်နိုင်ငံတွင်းသို့ ၀င်ခွင့်ပြုထားသော်လည်း ဂျိုင်ဂိုနှင့် ရုလီမြို့များ အထိသာ သွားခွင့် ရှိသည်။ သို့သော် ပင်လယ်စာ တင်ပို့ခြင်းအတွက် ခြွင်းချက်ဖြင် ခွင့်ပြုခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ ထရပ်ကားများ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခြင်း မရှိချေ။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည် ကုန်စည်အမျိုးမျိုးတို့တွင် အများစုသည် စိုက်ပျိုးရေး ထွက်ကုန်များ၊ သစ်သီးဝလံများဖြစ်သည့် ဖရဲသီး၊ သရက်သီး၊ ပြောင်း၊ ဟင်းသီးဟင်းရွက်တို့ဖြစ်သည်။ ၎င်းတို့တွင် အများစုသည် သဘောတူစာချုပ်ဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် စိုက်ခင်းများမှ ထုတ်လုပ်ခြင်း ဖြစ်သည်။ ပန်းသီး အပါအ၀င် သစ်သီးဝလံနှင့် ပန်းမန်တို့ကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့လည်း တင်သွင်းသည်။ ထို့အပြင် စက်ကိရိယာများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည်။

မြန်မာနိုင်ငံမှ တင်ပို့သည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့သည် နယ်ခြားချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်၏ ကူမင်းမြို့အထိ ပေးပို့သည်။ မြန်မာနိုင်ငံမှ တင်ပို့ရာ၌ ကွန်တိန်နာ အသုံးပြုခြင်း မရှိချေ။ ပတ်ဝန်းကျင် ဥတုရာသီ အခြေအနေ သက်ရောက်မှုကင်းအောင် စီမံဆောင်ရွက်ထားခြင်း မရှိချေ။ ကူမင်းသို့ ထိုင်းနိုင်ငံမှလည်း အလားတူ အပြိုင်ပြု တင်ပို့ရာ၌ ကွန်တိန်နာ အသုံးပြုလေ့ရှိသည်။

မူဆယ်-ရုလီ ကုန်သွယ်မှုတွင် အချို့ကုန်စည်များသည် နိုင်ငံတစ်ခုအဖို့ တရားဝင်သော်လည်း အခြားနိုင်ငံဘက်တွင် တရားမ၀င်သည့် ကုန်စည်များလည်း ပါဝင်သည်။ သို့ဖြစ်ရာ မှတ်တမ်းတင်ကြရာ၌ တရားဝင်သည့် နိုင်ငံဘက်၌သာ စာရင်းဝင်မည် ဖြစ်သည်။

မြန်မာ ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးကို မြ၀တီ-မဲဆောက်မှ တစ်ဆင့် လုပ်ကိုင်လျက်ရှိရာ၌ ၂၀၁၅ ခုနှစ်တွင် အဝေးပြေးလမ်းအသစ် ဖွင့်လှစ်ခဲ့ပြီးသည့်နောက်ပိုင်းတွင် သိသိသာသာ တိုးများသွားသည်ဟု သိရသည်။  ယခင်လမ်းဟောင်းတွင် ကော့ကရိတ်-မြ၀တီ လမ်းပိုင်းသည် လမ်းကျဉ်းသည့်အပြင် မတ်စောက်သည့်နေရာများလည်း ရှိသည်။ ကားနှစ်စီး မရှောင်သာသည့် နေရာများလည်း ရှိသဖြင့် အသွားနှင့် အပြန် ထရပ်ကားများသည် လမ်းကို အလှည့်ကျ အသုံးပြုကြရသည်။ ပထမတစ်ရက်တွင် အသွားယာဉ်များ အသုံးပြုသည်ဆိုပါက နောက်တစ်ရက်တွင် အပြန်ယာဉ်များ အသုံးပြုမည်ဖြစ်သည်။ သို့ဖြစ်ရာ တစ်ရက်စီ အလှည့်ကျ အသုံးပြုကြသည်။ အဝေးပြေး လမ်းအသစ်သည် မဲဆောက်တွင် မြစ်ကို ကျော်ဖြတ်သည့် တံတားအသစ်တစ်ခု ပါဝင်သည်။ လမ်းမအသစ်ကြောင့် ထိုင်းနိုင်ငံနှင် ကုန်သွယ်မှုတွင် ယာဉ်အသွားအလာ တိုးများသွားသည်။ လမ်းအဆင့်မြှင့်တင်ခြင်းကို ကော့ကရိတ်-သထုံ လမ်းပိုင်းကို ဆောင်ရွက်သွားဖို့ ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် လုပ်ကိုင်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို ကုန်စည်ပို့ဆောင်မည်ဆိုပါက လမ်းခရီးကြာမြင့်ချိန်သည် ၃ ရက် ခရီးဖြစ်သည်။ သို့သော် မြ၀တီမြို့တွင် အကောက်ခွန်စစ်ဆေးရန် ယာဉ်ပေါ်မှ ကုန်များကို ပြန်ချရသဖြင့် ကြန့်ကြာမှု ရှိမည်ဖြစ်သည်။  ထိုလုပ်ငန်းစဉ်သည် တစ်ပတ်အထိ ကြာမြင့်နိုင်သည်။ အကယ်၍ အကောက်ခွန်က ချိတ်ပိတ်ပြီး သယ်ဆောင်မည်ဆိုပါက ဘန်ကောက်မြိှု့မှ ကုန်စည်သည် ရန်ကုန်မြို့သို့ သုံးရက်ဖြင် ရောက်နိုင်မည် ဖြစ်သည်။ နယ်ခြားဖြတ်ကျော် သယ်ယူပို့ဆောင်မှု သဘောတူညီချက်ကို ကျင့်သုံးမည် ဆိုပါက နောက်တွဲကို ကားခေါင်း ပြောင်းထပ်ခြင်း ပြုမည်ဆိုလျှင်တောင် နှစ်ရက်သာ ကြာမြင့်သည်အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။ ထိုသို့သော သယ်ယူပို့ဆောင်မှုများ ဆောင်ရွက်နိုင်မည် ဆိုပါက ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းမှ စီးဝင်စီးထွက်နေရသော ကုန်စည်များတွင် အချို့ကို ကုန်းလမ်းခရီးဖြင့် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန်ဆိပ်ကမ်းတွင် ကုန်စည်စီးဆင်းမှု ၀န်နှင့်အား မမျှမတ ဖြစ်နေသဖြင့် ဖိအားကျရောက်နေခြင်းကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

ကုန်လမ်းပို့ဆောင်ရေးသည် သွင်းကုန်ဆိုင်ရာ စည်းကမ်းစည်းမျဉ်းပြဋ္ဌာန်းချက်များ ပြောင်းလဲခြင်းကြောင့် လုပ်ငန်းသုံးယာဉ်များ ဈေးကွက်တွင် အထိနာကြသည်။ ၂၀၀၁ ခုနှစ်အထိ ထရပ်ကားတစ်စီးတင်သွင်းရန် သွင်းကုန်လိုင်စင် ထုတ်ပေးရာ၌ တင်းကျပ်ထားသည်။ ထရပ်ကားတင်သွင်းပြီး ပြန်လည်ရောင်းချသူများတွင် အဆက်အသွယ်များ ကောင်းကြသူများသာ သွင်းကုန်လိုင်စင် ရရှိသည်။ သွင်းကုန်အခွန်စည်းကြပ်သည်မှာ ၁၀၀ ရာခိုင်နှုန်းဖြစ်သည်။ ဈေးကွက်အနေအထားအရ ရန်ကုန်အရောက်တန်ဖိုး ဆီလျော်မှု ရှိစေရန် ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ထရပ်ကားများ တင်သွင်းကြသည်။ တစ်ပတ်ရစ် ထရပ်ကားများသည် အမြဲတမ်း ကောင်းမွန်စွာ ပြုပြင်မွမ်းမံထားပြီး  သက်တမ်းသည် ခြောက်နှစ်ခုနစ်နှစ် ၀န်းကျင် ဖြစ်သည်။ ထိုသို့ ဈေးသက်သာအောင် တစ်ပတ်ရစ် ထရပ်ကားများ တင်သွင်းသော်လည်း ဈေးကွက်ထဲတွင် ကုန်စည်ပို့ဆောင်မှုနှုန်းထားများ ကျဆင်းနေသည့်အတွက်ကြောင့် ယာဉ် အိုလာသဖြင့် တန်ဖိုးလျော့ကျခြင်းကို မကာမိချေ။

၂၀၁၁ ခုနှစ်တွင် လုပ်ငန်းသုံးယာဉ်များအတွက် အကောက်ခွန်နှုန်းထား လျှော့ချရန်နှင့် သွင်းကုန်လိုင်စင်များ ပိုမိုခွင့်ပြုရန် ဆောင်ရွက်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကုန်တင်ယာဉ်လုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ လုပ်သာကိုင်သာ ရှိနေစေရန် ဖြစ်သည်။ သို့မှသာ ရင်းနှီးမြှုပ်နှံမှု နည်းပါးနေသော ကုန်တင်ယာဉ်လုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ရှိလာပြီး ၎င်းလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာနိုင်စေမည်ဖြစ်သည်။

အဆင်မပြေ ဖြစ်ကြရသည်မှာ လုပ်ကိုင်လျက်ရှိသည့် ထရပ်ယာဉ်လုပ်ငန်းရှင်များသည် ထရပ်ကားအသစ်များကို ၀ယ်ယူဖို့ ငွေကြေးမတတ်နိုင်ကြချေ။ လက်ထဲရှိထားသော ထရပ်ကားများသည် ဈေးကျကုန်သဖြင့် ပြန်လည်ရောင်းချခဲ့လျှင် ယခင်က ရရှိမည့်တန်ဖိုးအောက်သို့ ၈၀ ရာခိုင်နှုန်း ထိုးကျသွားသည်ကို နေ့ချင်းညချင်း ကြုံကြရသည်။ ကားများကို အပေါင်ခံပစ္စည်းအဖြစ်ဖြင့် ထားရှိပြီး ချေးငွေ ရယူဖို့လည်း မဖြစ်နိုင်ချေ။

သို့ဖြစ်ရာ ကုန်တင်ယာဉ်လုပ်ငန်းနယ်ပယ်ထဲသို့ အသစ်ဝင်ရောက်လာသူများက သွင်းကုန်လိုင်စင်အသစ်များကို ရယူကြပြီး တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ထရပ်ကားများကို ၀ယ်ယူကြသည်။ အကောက်ခွန်နှုန်းထားမှာ ၁၀ ရာခိုင်နှုန်းသာ ပေးရသည်။ တရုတ်ထရပ်ကားတစ်စီး၏ ပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၀၀၀ မှ ၇၅၀၀၀ ကြားတွင် ရှိသည်။

ဈေးကွက်အတွင်း၌ ရှိနှင့်သည့် ထရပ်ကားအဟောင်းများကို အသစ်ဖြင့် လဲလှယ်အစားထိုးခြင်း မဖြစ်ဘဲ ထရပ်ကားအဟောင်းများကြားသို့ ထရပ်ကားအသစ်များ ရောက်ရှိခြင်း ဖြစ်သွားသည်။ သို့ဖြစ်ရာ ဈေးကွက်မှ ပေးအပ်နိုင်သည့် ကုန်စည်ပမာဏထက် သယ်ယူပေးနိုင်သည့် ထရပ်ကားပမာဏက ပိုများသွားပြီး ထရပ်ကားအဟောင်းဖြင့် လုပ်ကိုင်သူများနှင့် ထရပ်ကားအသစ်ဖြင့် လုပ်ကိုင်သူများအကြား ပြိုင်ဆိုင်မှုပေါ်ပေါက်သည့်သဘော ဖြစ်သွားသည်။ ယေဘုယျအားဖြင့် ယာဉ်ပြုပြင်ထိန်းသိမ်းရသည့် စရိတ်စကများတွင် ထရပ်ကားအသစ်တို့က ထရပ်ကားအဟောင်းတို့ထက် နည်းပါးပြီး ယာဉ်စက်ပျက်သဖြင့် ရပ်နားထားရသည့်အချိန်လည်း ပိုနည်းပါးသည်။ ယခုအခါ ထရပ်ကားအဟောင်းဖြင့် ပြေးဆွဲသူများသည် ထရပ်ကားကို ရောင်းချပါကလည်း ဈေးကောင်းရမည် မဟုတ်သည့်အပြင် ကုန်စည်သယ်ယူပို့ဆောင်ရာ၌လည်း ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်း အားနည်းနေပေသည်။

ထရပ်ကားအဟောင်းများဖြင့် လုပ်ကိုင်နေသူများအနေဖြင့် ထရပ်ကားအသစ်ကို လဲလှယ်သုံးစွဲရန်အတွက် ငွေကြေးကို အတိုးနှုန်း သက်သာစွာဖြင့် ချေးယူ၍ မရခြင်းသည် သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသူများသည် ၎င်းတို့၏ယာဉ်များကို ခေတ်မီအောင် ယာဉ်အသစ်များဖြင့် အစားထိုးဖို့အတွက် အဓိကအဟန့်တား ဖြစ်နေစေသည်။

ကိုယ်ပိုင်ငွေဖြင့် ထပ်မံရင်းနှီးမြှုပ်နှံရန်မှာ ပမာဏကြီးမားနေခြင်း။ ချေးငွေရယူပြီး ရင်းနှီးမြှုပ်နှံမည်ဆိုပါကလည်း အတိုးနှုန်းမြင့်မာခြင်းကြောင့် တွက်သားမကိုက်ခြင်းတို့ကြောင့် ထရပ်ကားအဟောင်းများဖြင့် လုပ်ကိုင်နေသူများသည် ကားအသစ်များကို ၀ယ်ယူလုပ်ကိုင်နိုင်ခြင်း မရှိကြသဖြင့် ဆီစားသက်သာခြင်း၊ လေထုညစ်ညမ်းမှုသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများနှင့် အားသာချက်များကို မရယူနိုင်ကြတော့ချေ။ ဈေးကွက်နှင့် ပတ်ဝန်းကျင် ရှုထောင့်နှစ်မျိုးစလုံးအရ ထရပ်ယာဉ်အဟောင်းများ မည်သို့ ဖြစ်သင့်သည်ကို မေးစရာ ဖြစ်နေသည်။ ထရပ်ကားအဟောင်းများသည် ဈေးကွက်ထဲ ဆက်လက်လုပ်ကိုင်နေပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံနေစေမည်။ ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွင်လည်း လက်ပူတိုက်ပြီး အကုန်အကျသက်သာမည့် နည်းလမ်းများကို ရွေးချယ်မည်။ ထိုအတိုင်း မည်မျှနှစ်ကြာကြာ ဆက်လက်လုပ်ကိုင်နိုင်မည်နည်း။ ၂၀၁၁/၁၂ ခုနှစ်တွင် ထရပ်ကားများ တင်သွင်းသည့် အတွက် စည်းကြပ်သည့် အကောက်ခွန်နှုန်းထား ရုတ်တရက် လျော့ကျသွားခြင်းနှင့် ထရပ်ကားဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်းတို့ကြောင့် ထရပ်ကားပြေးဆွဲသည့် လုပ်ငန်းနယ်ပယ်တွင် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ခြင်း၏ ရလဒ်အဖြစ် ဤမေးခွန်းများ ပေါ်ပေါက်လာခဲ့ပြီး ကိစ္စရပ်သည် အလွန်နက်နဲနေပြီး အကြောင်းခြင်းရာများ ပေါင်းစပ်ပါဝင်နေသည်။

စည်းကြပ်သည့် အကောက်ခွန်နှုန်းထား ၁၀၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျော့ကျသွားသည့်အတွက် ဈေးပိုသက်သာသွားသည့် ထရပ်ကားအသစ်များသည် ဈေးကွက်ထဲသို့ အလျှံပယ် ၀င်ရောက်လာသည်။ သယ်ယူပို့ဆောင်ခနှုန်းထားများကို ကျဆင်းစေရာ ဆက်လက်တည်တံ့နိုင်သည့်ရေချိန်၏ အောက်သို့ ရောက်ရှိသွားသည်။ ရှေးယခင်ကတည်းက လုပ်ကိုင်ခဲ့ကြသူများသည် ဈေးကြီးပေးဝယ်ထားရသည့် ထရပ်ကားအဟောင်းများ လက်ထဲ မိနေသည်။ ထရပ်ကား အသစ်ဝယ်ရန် အသာထား၊ လက်ရှိသုံးစွဲနေသည့် ထရပ်ကားကို ပြုပြင်ထိန်းသိမ်းဖို့ကိုပင်လျှင် အခက်အခဲ ရှိနေသည်။ ကားဟောင်းလာသည့်အမျှ ပြုပြင်ရသည်များကလည်း ပိုများလာနေမည်ဖြစ်ပြီး ပြင်ရသည့် ကြိမ်ရေလည်း ပိုများလာမည် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးဈေးကွက်ထဲ ကားများ အလျှံပယ်ဖြစ်နေခြင်းကလည်း ဘူးလေးရာ ဖရုံဆင့်နေသည်။ သို့ဖြစ်ရာ အသွားရောအပြန်ပါ ကုန်စည် မရရှိသဖြင့် ကုန်မပါ အလွတ်သွားရသည့်ခရီးများ ရှိနေခြင်းကလည်း ရေနစ်သူကို ၀ါးကူထိုးသကဲ့သို့ ဖြစ်နေစေပေသည်။

ရင်းနှီးမြှုပ်နှံရန် ငွေကြေးရရှိနိုင်မှု အခက်အခဲအပြင် နောက်ထပ် အဓိကကျသည့် ကိစ္စရပ်မှာ ထရပ်ယာဉ်အဟောင်းများကို ဈေးကွက်ထဲမှ အနားပေးဖို့ ဆန္ဒ မရှိကြခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်လက်ကျန် ထရပ်ကားများကိုပင်လျှင် ဆက်လက်သုံးစွဲလျက် ရှိနေသည်။ ထရပ်ကားသည် မည်မျှပင် အိုနေပါစေ ၀ယ်ယူလိုသူ ရှိနေတတ်ပြီး ထရပ်ကားဟောင်းဖြင့် လုပ်ကိုင်လိုသူလည်း ရှိနေတတ်ပေရာ ဈေးကွက်ထဲတွင် ထရပ်ကားဟောင်းများ ဆက်ရှိနေဦးမည်ဖြစ်သည်။ ကားမှ ထုတ်လွှတ်သည့် မီးခိုးကြောင့် ပတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်း၊ ယာဉ်အောက်ပိုင်း ချို့ယွင်းမှုကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ်နိုင်ခြင်း၊ စက်သုံးဆီစားနှုန်း မြင့်မားခြင်း၊ ခေတ်ပေါ်စက်သုံးဆီအမျိုးအစားများ ရွေးချယ်သုံးစွဲ၍ မရခြင်းများ စသည့် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေစေသည်။

Read times
Rate this item
(2 votes)