Port News

Friday, 26 October 2018 08:47

ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်း ဆိပ်ကမ်းအော်ပရေတာ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် ဆိပ်ကမ်းအော်ပရေတာ (Private Port Operator) ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်းပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ အဆိုပါရွေးချယ်ခန့်အပ်မည့် ဆိပ်ကမ်းအော်ပရေတာသည် ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်း နှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ စီမံခန့်ခွဲခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိခဲ့ရပါတယ်။ ထိုဆိပ်ကမ်းအော်ပရေတာကို ရွေးချယ်ခန့်ထားနိုင်ရန်အတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် စစ်တွေဆိပ်ကမ်းတွင် တန်ချိန်နှစ်သောင်း ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ရှိ ရေယာဉ်များ ဝင်ထွက်နိုင်ရန်အတွက် လုံလောက်သော ရေအနက်ရှိစေရန်သောင်တူးခြင်း၊ ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အဝေးပြေးကားလမ်း ဖောက်လုပ်ခြင်းတို့ အပါအဝင် တန်ချိန် ၃၀၀ ရှိ ရေယာဉ်များတည်ဆောက်ခြင်း စီမံကိန်း နှင့် အခြားပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများပါဝင်သည့် စီမံကိန်းတစ်ခုလဲ ဖြစ်ပါတယ်။ ယင်းကုလားတန်မြစ်ကြောင်း စီမံကိန်းကို အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ Source : The Voice

Friday, 19 October 2018 07:09

သင်္ဘောကုန်တင်လက်မှတ် (Bill of lading)ဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာများ

အနက်အဓိပ္ပာယ်အရ သင်္ဘောကုန်တင်လက်မှတ်ဆိုသည်မှာ သင်္ဘောပိုင်ရှင် ကိုယ်စားသင်္ဘောဦးစီးမှူးက ကုန်ပို့သူထံမှ ကုန်ပစ္စည်းလက်ခံရရှိကြောင်း အသိအမှတ်ပြုလက်ခံပြေစာတခုပဲ ဖြစ်ပါတယ်။အဆိုပါပြေစာတွင် ကုန်စည်များကို သတ်မှတ်သည့်ခရီးလမ်းဆုံးသို့ တာဝန်ခံပေးပို့ရန် နှင့် ကုန်စည်ကို လက်ခံရယူမည့်သူ၏ အမည်နာမကို သတ်မှတ်ဖော်ပြပေးထားပါတယ်။ သင်္ဘောကုန်တင်လက်မှတ်တွင် ပါဝင်ရမည့်အချက်များမှာ သာမန်အားဖြင့် သင်္ဘောကုန်တင်လက်မှတ်တွင် အောက်ပါအချက်များပါဝင်ရမည်- (၁) ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ/လုပ်ငန်းရှင်၏ အမည် (၂) မည်သည့် နိုင်ငံပိုင် သင်္ဘောဖြစ်ကြောင်းဖော်ပြချက် (၃) ကုန်စည်တင်ပို့သူ၏ အမည် (၄) ကုန်စည်လက်ခံမည့်သူ၏ အမည်။(အဆိုပါနေရာတွင် ကွက်လပ်ထားလေ့ရှိသည်) (၅) ကုန်တင်သည့် ဆိပ်ကမ်း၏ အမည် (၆) ကုန်ချမည့် ဆိပ်ကမ်း၏ အမည် (၇) ကုန်စည် အမျိုးအမည်၊ ကုန်အမှတ်အသား၊အရေအတွက် နှင့် အခြားဖော်ပြချက်များ (၈) သင်္ဘောကုန်တင်လက်မှတ် ပြုလုပ်သည့်နေရာ၊ ရက်စွဲ (၉) ကုန်သယ်ယူပို့ဆောင်ခ နှုန်းထား (၁၀) သင်္ဘောကုန်တင်လက်မှတ် မိတ္တူအရေအတွက် ကုန်စည်များကို ကုန်သင်္ဘောပေါ်တင်ပြီးသည် နှင့် ရေယာဉ်မှူးက သင်္ဘောကုန်တင်လက်မှတ် ၃စုံတွင်လက်မှတ်ရေးထိုးရမည်။ ပထမတစ်စုံကို ရေယာဉ်မှူးက ထိန်းသိမ်းထားပြီး ဒုတိယတစ်စုံကို ကုန်စည်တင်ပို့ခံရသူထံ ပေးပို့ထားသည်။ တတိယတစ်စုံကို ကုန်စည်ပို့သူက ၄င်း၏ကုန်ပိုင်ဆိုင်မှု အာမခံချက်အဖြစ်ကိုင်ဆောင်ထားသည်။ကုန်တင်ပို့သူက ကုန်တင်ရမည့် ဆိပ်ကမ်းတွင်ကုန်များကို ပေးအပ်လိုက်သည်အခါ mate'sreceiptကို ထုတ်ပေးရသည်။ အဆိုပါ mate'sreceipt သည် ကုန်စည်ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းအဖြစ် မမှတ်ယူရပါ။ mate's receipt သည်နောင်အခါ Bill of lading နှင့် လဲလှယ်ရန်ဖြစ်သည်။ သို့ရာတွင် mate's receipt နှင့် Bill of lading ရရှိသူ မတူညီသည့်အခါ Bill of lading ရရှိသူကိုသာ ကုန်စည်များကို လက်ရောက်ပေးအပ်ရမည်။mate's receipt ပါ ကုန်စည် နှင့် Bill of lading ပါ ကုန်စည် ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီးမှ ရေယာဉ်မှူးက လက်မှတ်ရေးထိုးရမည်။ ထို့ပြင်ကုန်စည်များ သင်္ဘောပေါ်တင်ချိန် ပျက်စီးချို့ယွင်းနေပါက Bill of lading တွင် တပါတည်းဖော်ပြရမည်။ ကုန်စည်ပျက်စီးချို့ယွင်းမှု ရှိပါလျက်နှင့်သင်္ဘောဦးစီးမှူးက ကုန်စည်များ ကောင်းမွန်သောအခြေအနေတွင်ရှိသည်ဟု Bill of ladingတွင်clean bill of lading ဟုဖော်ပြထားပါက သင်္ဘောဦးစီးမှူးတွင် တာဝန်ရှိလာနိုင်ပါသည်။ Bill of ladingတွင် all on Deck at ShipperRisks ဟု ရေးသားထားသည့်တိုင် သင်္ဘောပိုင်ရှင်အနေဖြင့် မိမိ၏ ပေါ့ဆမှုကြောင့် ကုန်ပတ်ပေါ်မှကုန်စည်ပျက်စီးမှုအတွက် ကင်းလွှတ်ခွင့်မရရှိပါ။ကုန်ပို့သူက Bill of ladingကို ဖြည့်စွက်ပြီးသင့်လျော်သောအချိန်အတွင်း သင်္ဘောဦးစီးမှူးထံဖြစ်စေ/ သင်္ဘောကိုယ်စားလှယ်ထံဖြစ်စေလက်မှတ်ရေးထိုး ပေးအပ်ရသည်။ သို့ရာတွင်ကုန်တင်ပို့ သူက မိမိဆောင်ရွက်ရမည့် တာဝန်ပျက်ကွက်ခဲ့ပါက နှောင့်နှေးကြန့်ကြာမှုအတွက်သင်္ဘောပိုင်ရှင်က နစ်နာကြေးကို ကုန်ပို့သူထံမှတောင်းခံပိုင်ခွင့်ရှိသည်။ သင်္ဘောဦးစီးမှူးသည် ကုန်ပို့ဆောင်ခရရှိသည် နှင့် Bill of lading ကိုင်ဆောင်သူ/ Bill of ladingပါ ကုန်လက်ခံသူထံ ကုန်စည်များကို လက်ရောက်ပေးအပ်ရမည်။ကုန်စည်တင်ပို့သူသည် သင်္ဘောပေါ်ကုန်တင်နေချိန် သို့မဟုတ် နောက်ပိုင်းချိန်တွင် Bill of lading ကိုတောင်းခံပိုင်ခွင့်ရှိသည်။Bill ofladingသည် သင်္ဘောကုန်ပတ်ပေါ်ကုန်စည်တင်ပြီးကြောင်း မြင်သာသော အထောက်အထား ဖြစ်သကဲ့သို့ ကုန်ပို့သူ နှင့် သင်္ဘောဦးစီးမှူးတို့အကြား အပြီးသတ်သက်သေခံချက်ဖြစ်သည်။ Bill of lading ကိုလွှဲပြောင်းခြင်း ==================== Bill of lading သည် ကုန်ရောင်းကုန်ဝယ်ဥပဒေအရ ကုန်စည်ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းဖြစ်သည်။ထို့ပြင် Bill of lading သည် ကုန်စည်များကိုကိုယ်စားပြု၍ ၄င်းလက်မှတ်ကို လွှဲပြောင်းခြင်းသည် ကုန်စည်များကို လွှဲပြောင်းခြင်းအဖြစ်အတည်ဖြစ်သည်။ Bill of lading Act ဥပဒေအရ ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းဖြင့် လွှဲပြောင်းရရှိသူသည် သယ်ဆောင်သူကို တရားစွဲဆိုနိုင်သည်။သယ်ဆောင်သူကလည်း ၄င်းအပေါ်တရားစွဲဆိုနိုင်သည်။Bill of lading Act ဥပဒေအရ ကုန်တင်ကုန်ချအဆင်ပြေစေရန် Bill of lading လွှဲပြောင်းရရှိသူကုန်ပို့သူ၏ ကိုယ်စားလှယ်ကိုဖြစ်စေ၊ ရောင်းသူကအဆိုပါ ကုန်စည်ပိုင်ဆိုင်ခွင့်ကို ဆက်လက်ထားရှိကြောင်း ညွှန်ပြသည့် အခြေအနေတွင် Bill of lading ကို လက်ခံရရှိသူသည် သူ့ကိုလွှဲပြောင်းပေးသူ ထက်ပို၍ သာလွန်ကောင်းမွန်သော ပိုင်ဆိုင်ခွင့်မရရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ Bill of lading တွင် ကုန်လက်ခံသူအဖြစ် ဖော်ပြထားသော ကုန်ဝယ်သူသည် ရောင်းသူ၏ ကိုယ်စားလှယ်အဖြစ် ကုန်စည်ပေးအပ်ခြင်းကိုလက်ခံပြီး ရောင်းသူ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ရသည်။ ထိုသို့ မဆောင်ရွက်မီ အထိရောင်းသူ၏ ပိုင်ဆိုင်ခွင့်သည် ၀ယ်သူသို့ လွှဲပြောင်းခြင်းမရှိပေ။ဝယ်သူသည် ရောင်းသူ၏ ညွှန်ကြားချက်အတိုင်းပြည့်မီအောင် မဆောင်ရွက်မီ အချိန်အထိ သယ်ဆောင်သူအပေါ် တရားစွဲဆိုခွင့်မရှိပေ။ (၁)နှစ်အတွင်းတရားစွဲဆိုရခြင်း ================= ကုန်စည်များကို ဆိပ်ကမ်းသို့မချမီဖြစ်စေ၊ချပြီးဖြစ်စေကုန်စည်ပျက်စီးမှုရှိပါက သယ်ဆောင်သူထံသို့ အသိပေးအကြောင်းကြားစာပေးပို့ရမည်။ ကုန်စည်ချပြီ ၂ရက်အတွင်း ထိုသို့အကြောင်းမကြားပါက Bill of ladingပါဖော်ပြချက်အတိုင်း ကုန်စည်သည် ကောင်းမွန်သောအခြေအနေဖြင့် လက်ရောက်ပေးအပ်လိုက်သည်ဟု သယ်ဆောင်သူက မှတ်ယူရမည်ဖြစ်သည်။ ကုန်စည်များကို ပေးအပ်ရမည့်အချိန်မှစ၍ (၁)နှစ်အတွင်း သို့မဟုတ် ကုန်စည်များကို ကုန်လက်ခံမည်သူထံပေးအပ်ပြီး (၁)နှစ်အတွင်း ကုန်စည်များ နှင့် ပတ်သတ်၍ ဆုံးရှုံးခြင်း၊ ပျောက်ဆုံးခြင်းများကြောင့်တရားမစွဲဆိုပါက သင်္ဘောပိုင်ရှင်အနေဖြင့် မိမိ၏တာဝန်ရှိမှုမှ လုံးဝကင်းလွှတ်ခွင့်ရသည်။ Credit>> wara logistics & supply chain

Thursday, 18 October 2018 07:21

တူညီစုဖွဲ့ကုန်စည်စီမံမှုစနစ် (Unitization of Cargo)

Containerization ခေတ် အဆက်ဆက်တွင် ကုန်စည် သယ်ယူပို့ဆောင်ခြင်း နှင့် ပတ်သက်ပြီး ပိုမိုလွယ်ကူမှုရှိရန်၊ ထိရောက်မှု ရှိရန်၊ အချိန်တိုတို နှင့် ဆောင်ရွက်နိုင်ရန်၊ ကုန်စည် ကိုင်တွယ်စီမံမှုကို ကုန်ကျစရိတ် သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန်၊ ကုန်စည်များအား ဆက်လက် ပို့ဆောင်မည့် လုပ်ငန်းစဉ်များ အတွက် အဆင်သင့် အနေအထား ပိုမိုဆောင်ရွက်ပေးနိုင်ရန်၊ ကုန်စည်များ ဘေးကင်းလုံခြုံမှုရှိရန် စသဖြင့် စဉ်းစားပြီး ကုန်စည်စုဖွဲ့စီစဉ်မှုကို ကောင်းမွန်အောင် အစဉ်အမြဲကြံစည် ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကုန်စည်ကို တင်/ချ ကိုင်တွယ်ရာတွင် လည်းကောင်း၊ ရွှေ့ပြောင်း သယ်ယူစီမံရာတွင် လည်းကောင်း ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကုန်စည်များကို တူညီသည့်စုဖွဲ့မှု ပုံစံဖြစ်အောင် စီမံဆောင်ရွက်ခြင်းကို Unitization ဟု ခေါ်ဝေါ် သုံးစွဲလေ့ရှိပါသည်။ ယနေ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် သာမက၊ ကုန်းလမ်း (ရထား/ကား) ဖြင့် သယ်ယူပို့ဆောင်မှုအပါအဝင် ဘက်စုံပို့ဆောင်ရေးကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျှက်ရှိသည့် ပို့ဆောင်မှု နည်းလမ်းတစ်ခုဖြစ်သော ကုန်သေတ္တာဖြင့် သယ်ယူပို့ဆောင်ခြင်း (Containerization) စနစ်သည်လည်း ခေတ်အဆက်ဆက် ကုန်စည်သယ်ယူပို့ဆောင်မှု လွယ်ကူအောင် စဉ်းစားစီမံ ဆောင်ရွက်ခဲ့ကြသည့် အကျိုးဆက် တစ်ရပ်ဖြစ်ပါသည်။ Unitization ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ===================== ကုန်စည်များတွင် ကုန်စည်၏ အနေအထား အရအိပ်များ၊ ကပ်ထူပုံးများ၊ သစ်သားပုံများ စသဖြင့် အမျိုးသင့်တော်သည့် ပုံစံ၊ အမျိုးအစား နှင့် ကုန်စည် သဘာဝအလိုက်တူညီစုဖွဲ့ ကုန်စည်စီမံမှုစနစ် (Unitization) ကို ဆောင်ရွက်ပြီး သယ်ယူပို့ဆောင်မှုကို ဆောင်ရွက်လေ့ရှိကြပါသည်။Unitization အား အဓိပ္ပါယ်ဖွင့်ဆိုမှု အနေဖြင့် English Oxford Dictionary မှ"(Noun); The packaging of cargo into unit loads; (တစ်စု တစ်စည်းထဲဖြစ်အောင် ပြုခြင်း)” ဟု လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ ပြုစုသည့် ဆိပ်ကမ်း နှင့် သင်္ဘောလုပ်ငန်းစကားရပ်များ (Glossary of Port and Shipping Terms) တွင် “The consolidation of a quantity of individual items into one large shipping unit for easier and faster handling through methods such as palletizing. stripping, slinging and containerization. (သီးခြားစီ ကွဲပြားစွာ ရှိနေသည့် ကုန်စည်များကို ပိုမိုသက်သာ မြန်ဆန်စွာ ကိုင်တွယ် စီမံဆောင်ရွက်နိုင်ရန်အတွက် အခင်းပြား၊ စည်းနှောင်မှု၊ ကြိုးဖြင့်သိုင်းခြင်း နှင့် ကုန်သေတ္တာ အသုံးပြုခြင်း အစရှိသည့် နည်းလမ်းများကို အသုံးပြုကာ စုစည်းပို့ဆောင်မှု ဆောင်ရွက်ခြင်း) ဟု လည်းကောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ ခေတ်ကာလ၊ နေရာဒေသအလိုက် ဆောင်ရွက်မှု ပုံစံအမျိုးမျိုး ကွဲပြားခြားနားကြသော်လည်း အသုံးများသည့် တူညီစုဖွဲ့ ကုန်စည်စီမံမှု စနစ် (Unitization) ပုံစံများမှာ - (က)Palletization (ကုန်စည်များအား အခင်းပြားနှင့် စုပေါင်းတင်ဆောင်သည့်စနစ်) (ခ) Pre-slinging (ကုန်စည်ကို ကြိုတင်စည်းနှောင် ကြိုးသိုင်း စီစဉ်သည့်စနစ်) (ဂ) Lighter Aboard SHIP - LASH (ကုန်စည်များအားတွဲရေယာဉ်များတွင် စီစဉ်ထည့်သွင်းပြီး သင်္ဘောကြီးဖြင့် စုပေါင်းသယ်ယူသည့် စနစ်) (ဃ) Rol-on/ Roll-off - Ro/Ro (မောင်းတက်/ မောင်းဆင်း စနစ်) (င) Containerization (ကုန်သေတ္တာဖြင့် ထည့်သွင်း သယ်ဆောင်သည့် စနစ်) ထိုသို့ Unitization ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် ကုန်စည် ပို့ဆောင်မှု နှင့် ကုန်တင်/ ကုန်ချ လုပ်ငန်း ဆောင်ရွက်မှုတွင် အားသာချက် များစွာ ရရှိစေနိုင်ပါသည်။ သိသာထင်ရှားသည့်ကောင်းမွန်မှုများမှာ- (က) ကုန်ကိုင်တွယ်ရာတွင် လျှင်မြင်မှု ရှိခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း၊ (ခ) ကုန်စည်များ ပျောက်ရှမှု နှင့် ပျက်စီးမှုတို့နှင့် ပတ်သက်ပြီး ဘေးကင်းလုံခြုံမှု ပိုမိုရရှိခြင်း၊ (ဂ) ကုန်ပစ္စည်းများ ထုပ်ပိုးမှု သက်သာခြင်း နှင့် (ဃ) အိမ်တိုင်ယာရောက် door-to-door ကုန်စည်ပို့ဆောင်နိုင်သည့် ဝန်ဆောင်မှုကို အမှန်တကယ် ဆောင်ရွက်လာနိုင်ခြင်း တို့ ဖြစ်ကြပါသည်။ အဆိုပါ ကောင်းမွန်ချက်များကြောင့်ပင် နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာပြီး ပင်လယ် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းများ နှင့် ကုန်စည်ဘက်စုံပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ကမ္ဘာကြည့် ကြည့်မြင်ကာ ကျယ်ပြန့်စွာ စီမံဆောင်ရွက်လာနိုင်သဖြင့် ကမ္ဘာဒေသအသီးသီးမှနံမည် ကျော်ကြားသည့် အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်သို့ ကောင်းမွန်စွာ ပို့ဆောင်နိုင်ပြီး ကမ္ဘာနိုင်ငံ အနှံ့အပြားရှိ စားသုံးသူလက်ဝယ်သို့ Logistics ကုန်ကျစရိတ် သက်သာစွာဖြင့် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ Source : Dr.Myo

Thursday, 18 October 2018 04:31

ပြည်တွင်းသွား မြစ်တွင်း ဆိပ်ကမ်းတံတားများ ဖြည့်တင်းတည်ဆောက်ခြင်း

မြန်မာနိုင်ငံရှိ မြေမျက်နှာ အသွင်အပြင်၊ တောင်တန်းများ တည်ရှိမှု နှင့် အဓိက မြစ်ကြီးများ ဖြစ်တည်မှုတို့အရ မြောက်မှ တောင်သို့ စီးဆင်းလျှက်ရှိသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် နှင့် သံလွင်မြစ်တို့ကို တွေ့ရပါတယ်။ အဆိုပါ နိုင်ငံ၏ မြစ်များအနက် ကုန်စည်ပို့ဆောင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ဧရာဝတီမြစ်တွင် ရေစီးနှုန်း နှင့် ရေအနက် ပြောင်းလဲမှုအရ တစ်နှစ်လုံးအနေဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ဗန်းမော်မြို့ အထိ လည်းကောင်း၊ နွေရာသီ ရေငြိမ်သည့် ကာလတွင် မြစ်ကြီးနားမြို့အထိလည်းကောင်း ရေလမ်းကြောင်း အဖြစ်အသုံးပြုနိုင်ပြီး၊ အခြားမြစ်များတွင်လည်း ထိုနည်းတူစွာ ရာသီအလိုက် ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်သည့် အကွာအဝေးများ ကွဲပြားစွာ ဖြစ်ပေါ်လျှက် ရှိကြပါသည်။ အဓိက မြစ်ကြီးများ အပါအဝင် နိုင်ငံ တစ်ဝှမ်းလုံး အတိုင်းအတာအရ မြစ်များအား ရေလမ်းကြောင်း သုံးစွဲနိုင်မှု အနေအထားမှ အောက်ပါအတိုင်း တွေ့ရှိရပါသည်။ အသုံးပြု နိုင်သည့် ရေလမ်းကြောင်း အရှည် (ကီလိုမီတာ) ဧရာဝတီမြစ် ရေလမ်းကြောင်း ၁,၅၃၄ ချင်းတွင်းမြစ် ရေလမ်းကြောင်း ၇၃၀ သံလွင်မြစ် နှင့် မွန်ပြည်နယ်ရှိ မြစ်များ ၃၈ဝ ဧရာဝတီ မြစ်ဝှမ်းဒေသရှိ မြစ်များ ၂၄၀၄ ရခိုင်ပြည်နယ်ရှိမြစ်များ ၁,၆၀၂ စုစုပေါင်း အသုံးပြု နိုင်သည့် ရေလမ်းကြောင်း ၆,၆၅ဝ အဆိုပါ ရေလမ်းကြောင်းအသုံးပြု ကုန်စည် ပို့ဆောင်နေသည့် မြစ်တွင်း ဆိပ်ကမ်း မြို့များ (၅၀) ခန့်ရှိပါသည်။ များသောအားဖြင့် ဆိပ်ကမ်းများမှာ သဘာဝ ကမ်းနားသို့ကမ်းထိုးပြီး ဖြစ်စေ၊ ကုန်းပေါင် နှင့် ယာယီ ဆက်စပ်၍ ဖြစ်စေ ဆိုက်ကပ် အသုံးပြုသည့် ဆိပ်ကမ်းတံတားများသာ ဖြစ်ကြပြီး၊ ဆိပ်ကမ်း တစ်ခု၏ လိုအပ်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်သည့် အခြေခံ အဆောက်အဦများ အခိုင်အမာ တည်ဆောက်နိုင်ခြင်းမရှိကြ သည်ကို တွေ့ရပါသည်။ မြစ်တွင်းဆိပ်ကမ်းများအား ကောင်းမွန် ပြည်စုံသော ဆိပ်ကမ်း တံတားများအဖြစ် မဆောက်နိုင်ခြင်း၏ အဓိကအချက်မှာ မြစ်၏ ရေအတက်အကျ အနိမ့် အမြင့် ကွာခြားမှုလွန်စွာ များပြားသောကြောင့် ဖြစ်ပါသည်။ အချို့နေရာများတွင် အနိမ့် အမြင့် ကွာခြားချက်မှာ (၁၁) မီတာ ခန့်အထိ ကွာခြားသည့် ဆိပ်ကမ်း နေရာများ ရှိသကဲ့သို့၊ အချို့ ဆိပ်ကမ်း နေရာများတွင် ရာသီအလိုက် လည်းကောင်း၊ နှစ်အလိုက် လည်းကောင်း မကြာခဏ နေရာ ရွှေ့ပြောင်းသွားသည့် ဆိပ်ကမ်း နေရာများလည်း တွေ့ရှိရပါသည်။ သဘာဝ မြစ်ရေ တက်/ကျ မှု၊ မြစ်ကမ်းပါး တိုက်စားမှု စသည်တို့ကြောင့် ဝန်ဆောင်မှု ကောင်းမွန် ပြည့်စုံစွာ ဆောင်ရွက်ပေးနိုင်သည့် အတည်တကျ မြစ်တွင်း ဆိပ်ကမ်းများ တည်ဆောက်ရန် အခက်အခဲများစွာရှိသော်လည်း လက်ရှိ နိုင်ငံတကာ ပူးပေါင်း ကူညီမှုဖြင့်ဆောင်ရွက်လျှက်ရှိသော မြစ်တွင်း ဆိပ်ကမ်း တည်ဆောက်ရေး လေ့လာမှုများ၊ မြစ် ရေ လမ်းကြောင်း ထိန်းသိမ်းမှုများနှင့် အတူ ရေကြောင်းကုန်စည်များ ပို့ဆောင်ခ ချိုသာစွာဆောင်ရွက်နိုင်ရေး အသုံးပြုနိုင်သည့် မြစ်တွင်း ဆိပ်ကမ်းများကို အဆင့်အလိုက် တိုးတက် တည်ဆောက် အကောင်အထည်ဖော်သွားရမည် ဖြစ်ပါသည်။ မြစ်တွင်း ဆိပ်ကမ်းတံတားများ တိုးတက်ဖြစ်ထွန်းမှုအား ကုန်စည် ကိုယ်တွယ်သည့် နည်းလမ်း၊ ကုန်ကိုင်တွယ်သည့် စက်ကိရိယာ နှင့် စီမံခန့်ခွဲသည့် စနစ် သုံးစွဲနိုင်မှုအပေါ် မူတည်ပြီး အဆင့် (၇) ဆင့် ခွဲခြား ဆွေးနွေး သွားပါမည်။ (၁) သမရိုးကျ မြစ်တွင်း ဆိပ်ကမ်း တံတား (Conventional Style) ================= မြစ်ကမ်းပါးရှိ ဆိပ်ကမ်း နေရာနှင့် ရေယာဉ်တို့အကြား ဆက်စပ်သည့် ချဉ်းကပ် တံတား (ယာယီ ဖြစ်စေ) အသုံးပြုပြီး ဆိုက်ကပ်ခါ ကုန်စည်များကို အလုပ်သမား အသုံးပြုပြီး ဖြစ်စေ၊ ကုန်တင်ယာဉ် (Truck) နှင့် တင်ဆောင် မောင်းနှင် ချထားခြင်းဖြင့် ဖြစ်စေ ဆောင်ရွက်သည့် ဆိပ်ကမ်းနေရာများ ဖြစ်ပါသည်။ လက်ရှိအနေအထားတွင် များစွာတွေ့ရှိရသည့် ဆိပ်ကမ်းပုံစံ ဖြစ်ပါသည်။ (၂) ဆိပ်ကမ်း လွင်ပြင်နှင့် သိုလှောင်ရုံ အသုံးပြု ဆိပ်ကမ်း တံတား (Yard &Warehouse Operation) ========================= ဆိပ်ကမ်း တံတား၏ လွင်ပြင် နေရာတွင် ကုန်စည် ချထားနိုင်ရန် ဂိုဒေါင် အဆောက်အဦ၊ အခင်းစသည့် အဆောက်အဦများ ပါဝင်ပြီး ဆိပ်ကမ်းသည် ကုန် တင်/ချ ရန်သာမက ခေတ္တသိုလှောင် သိမ်းဆည်းခြင်း၊ စုပုံခြင်း စသည့် ဆက်စပ်လုပ်ငန်းများပါ ဝန်ဆောင်မှုပေးနိုင်သည့် ဆိပ်ကမ်းလုပ်ငန်း အမျိုးအစားဖြစ်ပါသည်။ဧရာဝတီမြစ်၏ အချို့ ဆိပ်ကမ်း နေရာများတွင် တွေ့ရှိရပါသည်။သယ်မရန် အတွက် လိုအပ်သည့် ကုန်ကိုင်တွယ် ကိရိယာများပါ ပံ့ပိုး ပေးနိုင်သည့် ဆိပ်ကမ်း တံတား အမျိုးအစား ဖြစ်ပါသည်။ (၃) ကုန်စည် လွယ်ကူစွာ ကိုင်တွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် ဆိပ်ကမ်းတံတား(Palletization in Port Terminal) ========================= ဆိပ်ကမ်း တံတား၏ လွင်ပြင် နေရာတွင် ကုန်စည် ချထားနိုင်ရန် ဂိုဒေါင် အပြင်၊ ကုန်စည်များ ရွှေ့ပြောင်း နေရာချထားရန် အတွက် Pcllet များ အသုံးပြုကာ၊ ရွှေ့ပြောင်းသယ်မရန် အတွက် လိုအပ်သည့် ကုန်ကိုင်တွယ် ကိရိယာများပါ ပံ့ပိုး ပေးနိုင်သည့် ဆိပ်ကမ်းတံတား အမျိုးအစား ဖြစ်ပါသည်။ (၄) လေးလံသည့် ကုန်စည်များ ကိုင်တွယ်ရန် စီမံထားသည့် ဆိပ်ကမ်း တံတား (HeavyCargo Handling) =========================== ဆိပ်ကမ်း တံတားသို့ အလွန်လေးလံသည့် ကုန်စည်တင် သင်္ဘောများ ဆိပ်ကပ် အသုံးပြုနိုင်သည့် အပြင်၊ အဆိုပါ အလွန်လေးလံသည့် ကုန်စည်များကို လွင်ပြင်တွင် နေရာ ချထားနိုင်ရန်အတွက် ရွှေ့လျားသွားလာနိုင်သည့် Mobile Crane ကဲ့သို့သော ကုန်ကိုင်တွယ် ကိရိယာများ ဖြည့်ဆည်း ဆောင်ရွက် ပေးသည့် ဆိပ်ကမ်း တံတား အမျိုးအစား ဖြစ်ပါသည်။ (၅) မောင်းတက်/ မောင်းဆင်း (RO-RO - Roll On-Roll Off) ================== မောင်းတက်/ မောင်းဆင်း (RO-RO - Roll On-Roll Off) လုပ်နိုင်သည့် ကုန်စည် အမျိုးအစား (ဥပမာ - ကား တင်ဆောင်သည့် ရေယာဉ်) ဖြစ်ပြီး ကား စက်ရုံမှ Distribution ဆောင်ရွက်မည့် မြစ်ကမ်း ဆိပ်ကမ်းမြို့များသို့ သယ်ဆောင်သည့် အခါတွင် တည်ဆောက် အသုံးပြုသည့် ဆိပ်ကမ်း တံတား အမျိုးအစားဖြစ်ပါသည်။ ကုန်စည် တင်ဆောင်ထားသည့် မော်တော်ယာဉ်များ တိုက်ရိုက် မောင်းတက်/ မောင်းဆင်း ဆောင်ရွက်နိုင်သဖြင့် ကုန်စည် အတင်/အချ လုပ်ငန်းစဉ်များကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ပါသည်။ (၆) Pallet အခင်း အသုံးပြု ကုန်စည်များ ကိုင်တွယ် စီမံခန့်ခွဲနိုင်သည့် ဆိပ်ကမ်း တံတား(CompletePalletization) ==================== Pallet အသုံးပြု ကုန်စည် တင်/ချ သယ်/ပို့ခြင်း လုပ်ငန်းကို ဆိပ်ကမ်း တံတားအတွင်း ကုန်စည် ပို့ဆောင်မှု လုပ်ငန်းစဉ် တစ်ခုလုံးတွင် အသုံးပြုဆောင်ရွက်သဖြင့် ကုန်စည် ထားသို၊ တင်/ချ၊ သယ်/ပို့ လုပ်ငန်းစဉ်များအား ပိုမိုမြန်ဆန် ထိရောက်စွာ ဆောင်ရွက် နိုင်ပါသည်။ ကုန်စည် ရွှေ့ပြောင်း နေရာချထားခြင်း လုပ်ငန်းများစွာအတွက် Folk Lift ကဲ့သို့သော ကုန် ကိုင်တွယ် စက်ကိရိယာများကို အသုံးပြု ဆောင်ရွက်သည့် ဆိပ်ကမ်း တံတား အမျိုးအစား ဖြစ်ပါသည်။ (၇) ကုန်သေတ္တာ ကုန်စည် ကိုင်တွယ်နိုင်သည့် ဆိပ်ကမ်းတံတား (ContainerHandling) ====================== ကုန်စည် သယ်ယူ ပို့ဆောင်ရေး ဆောင်ရွက်တွင် ဘက်စုံပို့ဆောင်ရေး နည်းလမ်း အသုံးပြု ဆောင်ရွက်မည် ဆိုပါက ကုန်သေတ္တာများ အသုံးပြုပြီး ကုန်စည် တင်ပို့ခြင်း လုပ်ငန်းစဉ် (Containerization) သည် အသင့်တော်ဆုံးဖြစ်ပါသည်။ အဆိုပါ ကုန်သေတ္တာ ကုန်စည်များကို ကိုင်တွယ်နိုင်သည့် Container Handling ဆိပ်ကမ်းတံတား အနေဖြင့် ကုန်စည် သယ်ယူ ပို့ဆောင်ခအပြင် အခြား ဆက်စပ် Logistics လုပ်ငန်း ကုန်ကျစရိတ်များအတွက်ပါ လျော့ချ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ပြည်တွင်း နှင့် နိုင်ငံတကာ ရေကြောင်း ကုန်သွယ်မှုတို့ အကြား ဆက်စပ်ဆောင်ရွက်နိုင်သည် အထိ အထောက်အပံ့ ပေးနိုင်သော မြစ်တွင်း ဆိပ်ကမ်းတံတား အမျိုးအစား ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိပ်ကမ်းတံတား ကုန်ကိုင်တွယ်မှု ပုံစံအလိုက် သင့်လျော်သည့် အမျိုးအစား ဆိပ်ကမ်းတံတားများကို တည်ဆောက်ခြင်း၊ လိုအပ်သော ကုန်ကိုင်တွယ် စက်ကိရိယာများ ဖြည့်တင်းခြင်းဖြင့် မြစ်ကြောင်းတစ်လျှောက် ရေကြောင်း ကုန်တင် ရေယာဉ်များကောင်းမွန်စွာ အသုံးပြုနိုင်ပြီး ကုန်စည် တင်/ချမှု မြန်ဆန်ခြင်း၊ ကုန် ပို့ဆောင်ခ ချိုသာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ ကနဦး ဆွေးနွေး တင်ပြခဲ့သည့် မြစ် ရေ အနိမ့်အမြင့် ကွာခြားမှုများပြားသည့် အခက်အခဲကိုကျော်လွှားနိုင်ရန်အတွက် Floating Pontoon Dock Jetty စနစ် (သို့မဟုတ်) Incline Concrete Jetty စနစ်တို့မှ ကိုက်ညီသည့် နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ၊ လက်ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တည်ဆောက်နေသည့် ပုံစံများကို အသုံးပြု၍ ဖြစ်စေ၊ မြစ်တွင်း ဆိပ်ကမ်းတံတားများ တည်ဆောက်နိုင်ရန် စီမံဆောင်ရွက်သွားသင့်ပါသည်။ Source :Dr.Myo

Friday, 12 October 2018 07:57

ရန်ကုန်မြစ်ဝမှ မိုင် ၂၀ အကွာ၌ ရေကြောင်းပြအဆောက်အအုံဆောက်လုပ်

ယင်းစီမံကိန်းကို ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ ရေမိုင် ၂ဝအကွာ တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး သုံးထပ်သံကူကွန်ကရစ်အဆောက်အအုံတစ်လုံးအပါအဝင် ဆိပ်ခံတံတားတစ်စင်း၊ရေကြောင်းပြဆိုင်ရာပစ္စည်းကိရိယာများ၊Pilot Boat တို့လည်းပါဝင်မည်ဖြစ်သည်။ရေကြောင်းပြသုံးထပ်သံကူကွန်ကရစ်အဆောက်အအုံသည်အလျား ၃၃.၂ မီတာ၊အနံ ၃ဝ.၄ မီတာရှိပြီး ယင်းအဆောက်အအုံအတွင်းမီးစက်၊ရေသန့်စင်စက်၊ရေဆိုးသန့်စင်စက်၊ရေကြောင်းဆက်သွယ်ရေးကိရိယာ၊ရေဒါစက်နှင့် Pilot Boat သုံးစင်းပါဝင်မည်ဖြစ်သည်။ ယင်းစီမံကိန်းတွင် ပါဝင်မည့် ဆိပ်ခံတံတားမှာ GRT 1500 အရွယ် ရေယာဉ်များဆိုက်ကပ်နိုင်မည်ဖြစ်ပြီး ကန်ဒေါ်လာ ၂ဝ.၉သန်းအကုန်အကျခံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်မြစ်ထဲကို ပင်လယ်ကူးသင်္ဘောကြီးများ အဝင်အထွက်လုပ်နေသောကြောင့် ဒီစီမံကိန်းသည်အများကြီးအထောက်အကူပြုမည်ဖြစ်သည်။အကျိုးရှိစေသော စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်မည်ဟု သိရသည်။ ထို့ပြင်အပျော်စီးသင်္ဘောများ အများအပြားဝင်ရောက်လေ့ရှိသဖြင့် ရေကြောင်းအန္တရာယ်ကင်းဝေးစေရန်နှင့် ယင်းစီမံကိန်းက အထောက်အကူကောင်းများ ဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။လက်ရှိတွင်ရေကြောင်းပြအဆောက်အအုံ (Offshore Fixed Pilot Station)စီမံကိန်းသည် ၆ဝရာခိုင်နှုန်းပြီးစီးနေပြီး မိုးတွင်းကာလတွင်လုပ်ငန်းများ ခေတ္တရပ်နားထားကာ ပွင့်လင်းရာသီရောက်မှ သာဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ယင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ တည်ဆောက်ရေးလုပ်ငန်းရှင်များကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့ရာ ကမ်းဝေးပိုင်းပင်လယ်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံများသည့် China Harbour Engineering မှ တင်ဒါအောင်မြင်ကာ လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုရန် ရန်ကုန်မြစ်ဝပင်လယ်ဘက်ရေမိုင် ၂၀ အကွာတွင် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြို့ပြအင်ဂျင်နီယာဌာန မြို့ပြ လုပ်ငန်း ဒုအင်ဂျင်နီယာချုပ်ဦးနေမျိုးညွန့်က အောက်တိုဘာ ၉ ရက်၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ပြောဆိုသည်။ အထောက်အကူပြု ============ "ဒီအဆောက်အအုံပြီးရင် ဆိပ်ကမ်းကို ဝင်ထွက်ဆိုက်ကပ်တဲ့ ရေယာဉ်ကြီးများ အချိန် အခါ ရာသီမရွေးမောင်းနှင်ပေးနိုင်ပြီး နိုင်ငံရဲ့ သွင်းကုန်ပို့ကုန်ကို ပိုမိုကိုင်တွယ်နိုင်ကာ ကျွန် တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အထောက် အကူပြုစေမှာပါ"ဟု ၎င်းက ပြောဆိုသည်။ ရေကြောင်းပြ အဆောက်အအုံ တည် ဆောက်ပြီးစီးပါက ရာသီဥတုဆိုးရွားသော် လည်း ရေကြောင်းပြမှူးကြီးများနှင့် တာဝန် ထမ်းဆောင်သူများအား အခြားနေရာသို့ ရွှေ့ ပြောင်းရန်မလိုခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ ဘေးအန္တရာယ်လုံခြုံ စိတ်ချ ရခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယင်းသို့ တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းတင်ဒါခေါ်ယူခဲ့ရာ ကမ်းဝေးပင်လယ်ပြင်တည် ဆောက်ခြင်းလုပ်ငန်း အတွေ့အကြုံရှိသည့် China Harbour Engineering Co.,Ltd က တင်ဒါအောင်မြင်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းဖြစ်ပြီး လက်ရှိတည်ဆောက် ရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းကျော် ပြီးစီးနေကြောင်း သိရသည်။ Source : Myanmar Time/Myawaddy

Wednesday, 10 October 2018 03:42

Logistics Performance Index (LPI)

၂၀၁၈ ခုနှစ်အတွက် Logistics Performance Index (LPI) တွက်ချက်မှု ရလဒ်တွေ ထွက်ရှိလာပါပြီ။ LPI နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ နှစ်က သတင်းစာမှာ ဆောင်းပါး ရေးထားခဲ့ဘူးတော့ ဘယ်အချိန်မှာ ဒီ LPI တိုင်းတာမှု အဖြေတွေ ထွက်လာမလဲ၊ မြန်မာနိုင်ငံက ဘယ်လောက်ရမလဲဆိုတာ တိတ်တိတ်လေး စိတ်ပူမိတာ အမှန်ပါပဲ။ တကယ်တမ်း ၂၀၁၈ ခုနှစ်အတွက် LPI တွက်ချက်မှု အဖြေထွက်လာတာ (၁) လလောက်တော့ ရှိသွားပါပြီ။ မြန်မာနိုင်ငံရဲ့ အဆင့် (LPI rank) က ၁၃၇ အဆင့်ကို ပြန်ရောက်သွားပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းတာမှုအရ (၁၁၃) အထိ ကောင်းမွန်ခဲ့ရာကနေ အဆင့် (၂၄) ဆင့် ပြန်ဆင်းသွားပါတယ်။ အဆင့် ဆင်းတာလားဆိုတော့ မဟုတ်ဘူးခင်ဗျ၊ အမှတ်လည်း အတော်ကျသွားရှာပါတယ်။ ၂၀၁၆ ခုနှစ်က LPI Score (၂.၄၆) ရခဲ့ရာကနေ ဒီနှစ် တိုင်းတာမှုမှာ (၂.၃၀) ပဲ ရတာကို တွေ့ရပါတယ်။ LPI အတွက် တိုင်းတာတဲ့ Indicator (၆) ခု ရှိရာမှာ timeliness လို့ ခေါ်တဲ့ (အချိန် မှန်ကန်စွာ ဆက်စပ် ဆောင်ရွက်မှု ကဏ္ဍ) တစ်ခုကလွဲလို့ ကျန်တဲ့ ကဏ္ဍတွေဖြစ်တဲ့ Custom (အကောက်ခွန် ရှင်းလင်းခြင်း ကဏ္ဍ)၊ Infrastructure (အခြေခံ အဆောက်အဦ ကဏ္ဍ)၊ International shipments (နိုင်ငံတကာသို့ကုန်ပစ္စည်း ပို့ဆောင်မှု ကဏ္ဍ)၊ Logistics competence (ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်သူများ၏ ဝန်ဆောင်မှု အရည်အသွေးကဏ္ဍ) နှင့် Tracking and tracing (ပို့ဆောင်သည့် ကုန်စည်၏ အခြေအနေကို သိရှိနိုင်မှုကဏ္ဍ) တွေ အားလုံးမှာ ၂၀၁၆ တိုင်းတာမှုထက် အတော်ကျဆင်း ခဲ့တာကို တွေ့ရပါတယ်။ အာဆီယံ နိုင်ငံတွေထဲမှာလည်း အောက်ဆုံးက ပြန်ပြီး ရပ်တည်လာတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းတာမှုအရ အာဆီယံ (၁၀) နိုင်ငံမှာ အမှတ်စဉ် (၉) အဖြစ် ရပ်တည်ခဲ့တာပါ။ ခုတော့ အားလုံးက အဆင့် (၁၀၀) အောက်ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့က (၁၃၇) ဆိုတော့၊ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။logistics Unfriendly ဆိုတဲ့ နေရာကို ပြန်ရောက်သွားပါတယ်။ ခံစားချက်က ဒီလိုခင်ဗျ။ ကိုယ့်ခလေး ကိုယ်ကတော့ စာကြိုးစားတယ် ထင်တာပေါ့နော်။ အောင်စာရင်းထွက်လာတော့ အဆင့်ကလည်း အရင်ကထက်ဆိုး၊ အမှတ်ကလည်း တော်တော်နည်း ဆိုတော့ မင်းတို့ စာမေးပွဲစနစ်က ဟုတ်ကော ဟုတ်ရဲ့လားကွယ်ဆိုပြီး ကျောင်းက ဆရာတွေကို ရန်လုပ်ချင်စိတ် ပေါက်လာတတ်တဲ့ မိဘများရဲ့ ခံစားချက်မျိုး လိုလို . . . မြန်မာ ဘောလုံးပွဲလာတိုင်း မျိုးချစ်စိတ်အပြည့်နဲ့ အားပေးပြီး၊ ပွဲအပြီးမှာတော့ ကိုယ့်ကိုယ်ကို အမှတ်မရှိသူကြီးရယ်လို့ နောင်တနဲ့ အသားကျနေတဲ့ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ ခံစားချက်မျိုး လိုလို . . .ဘာဘဲဖြစ်ဖြစ် ဆက်ချစ်နေဦးမှာပါ။ Logistics နဲ့ ပတ်သက်လို့ တတ်နိုင်သလောက်၊ ပြောနေ၊ ရေးနေ၊ လေ့လာနေဦးမှာပါ။ သိပ်တော့ မကျေနပ်ဘူးဗျာ . . .ဒါပေမယ့် - LPI တွက်ချက်တဲ့ နည်းစဉ်တွေ မှားတာနေမှာပါ တို့ . . . - Questionnaire ဖြေတဲ့သူတွေ ပေါက်တတ်ကရ ဖြေလိုက်လို့ နေမှာပါ တို့ . . . - ဆရာ အော်ပီကျယ် စေတနာနဲ့ ရေးခဲ့တဲ့ ကာတွန်း တစ်ခုထဲကလို “ဘိတ်ဆုံးကျတော့ ဘာဖြစ်လဲ၊ ကိုယ့် ထမင်းကိုယ်စားတာ ဘယ်သူ့မှ ဂရုမစိုက်ဘူး” ဆိုတာမျိုး တို့ . . . အဲသည်လိုမျိုးတွေ မတွေးမိအောင် ကြိုးစားပြီး . . . လာမယ့် ၂၀၂၀ ခုနှစ် LPI တိုင်းတာမှုတွေ ဆောင်ရွက်တဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ Logistics ကဏ္ဍ ဒီထက်ပိုတဲ့ တိုးတက်မှု တစ် ခုခု ကို ရနိုင်အောင်၊ LPI တိုင်းတာမှုတွေကို အကောင်းဆုံး ဖြေဆို ဆောင်ရွက်နိုင်အောင် စုပေါင်းပြီး ကြိုးစားကြဖို့ လိုအပ်ပါတယ်။ Source : Dr. Myo -Logistics

Friday, 05 October 2018 08:53

ကွန်တိန်နာယာဉ်ပြေးဆွဲဖို့ အချိန်သတ်မှတ်ချက်ပေးထား

ကွန်တိန်နာတင်ယာဉ်တွေကို သတ်မှတ်ချိန်အတွင်းမှာပဲ ပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့တဲ့နှစ်က ညွှန်ကြားချက်ထုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီညွှန်ကြားချက်တွေကို ဖြေလျော့ပေးလိုက်ပြီလို့ ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ဒီနေ့ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်ကကွန်တိန်နာယာဉ်တွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ ညွှန်ကြားချက် က အသက်ဝင်နေပါသေးလားဆိုတာနဲ့ ဘာကြောင့်အသက်မဝင်တော့သလဲဆိုတာကို အများပြည်သူသိရှိအောင် ဖြေကြားပေးဖို့ တိုင်းအစိုးရရဲ့ အစီအမံကို မေးမြန်းခဲ့တာပါ။ ယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းဖို့ဆိုပြီး ကွန်တိန်နာယာဉ်တွေကို ည၉နာရီကနေ မနက်၆နာရီထိသာပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရက ၂၀၁၇ဒီဇင်ဘာလမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအသင်းအဖွဲ့တွေက တိုင်းအစိုးရကိုတင်ပြတာတွေရှိလို့ ကွန်တိန်နာယာဉ်ပြေးဆွဲမှုတွေကို ယာဉ်ကြောရှင်းလင်းတဲ့လမ်းကြောင်းတွေမှာနေ့ခင်းဖက်တွေမှာပါ အချိန်သတ်မှတ်မောင်းနှင်ခွင့်ပြုခဲ့တယ်လို့ ဒေါ်နီလာကျော်ကပြောပါတယ်။ ကွန်တိန်နာယာဉ်တွေ၊ တွဲကားတွေဟာ လမ်းဘေးမှာ စည်းကမ်းမဲ့ ရပ်နားထားတာတွေ၊ လမ်းစည်းကမ်းကိုမလိုက်နာဘဲမောင်းနှင်တာတွေရှိနေတာကြောင့် ပြည်သူတွေစိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။ ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးကတော့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း မလိုက်နာရင် မော်တော်ယာဉ်ဥပဒေအရအရေးယူဖို့ ကုန်သေတ္တာတင်ယာဉ်အသင်းနဲ့ ယာဉ်ထိန်းတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြန်လည် ဖြေကြားခဲ့တာပါ။ ဒါ့အပြင် ကုန်တင်ယာဉ်တွေနဲ့ ကွန်တိန်နာကားတွေရပ်နားမယ့် ကားဝင်းတစ်ခု တည်ဆောက်ဖို့စီစဉ်နေတယ်လို ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။ Source : 7 day daily

Tuesday, 02 October 2018 10:13

မြန်မာ့ပင်လယ်ရေပိုင်နက်တွင်သောင်တင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံအလံတင်ထားသည့် ကုန်တင်သင်္ဘောကြီးနစ်မြုပ်

သုံးခွမြို့နယ် သမစိတ္တကျေးရွာနှင့် ဆားတလင်းကျေးရွာအုပ်စု ရေမိုင် ၇ မိုင်အနီး မြန်မာပင်လယ်ပြင် ပိုင်နက်အတွင်းသို့ မောင်းသူမဲ့ရောက်ရှိလာပြီး သောင်တင်နေသည့် အင်ဒိုနီးရှားနိုင်ငံအလံတင်ထားသည့် MV SAM RATULANGI ကုန်တင်သင်္ဘောကြီးမှာ အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။'' သင်္ဘောက မနေ့က ညနေ ၅ နာရီခွဲမှာ စပြီးတော့ အင်ဂျင်ခန်းဘက်က စပြီးဖင်ထိုင်ပြီး ဘေးတစ် စောင်းအနေအထားဖြစ်သွားတယ်။ဒီနေ့ထိတော့ တစ်စင်းလုံးမြုပ်သံမကြားသေးဘူး။ ငါးဖမ်းသင်္ဘောလေးတွေကို စောင့်ကြည့်ခိုင်းထားတယ်။ ရေတပ်၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာကအဖွဲ့တွေနဲ့ ကနဦး သွားစစ်တုန်းကလည်း သင်္ဘောကနည်းနည်းစောင်းမလိုဖြစ်ခဲ့သေးတယ်။ သင်္ဘောအင်ဂျင်ခန်းထဲက အပိုင်းအစတွေက တစ်စစီဖြစ်နေတယ်။အကောင်းကြီးတော့မဟုတ်ဘူး။ဝမ်းဗိုက်တွေလည်း သံချေးစားပြီးပေါက်နေတာတွေ့ရတယ်။နောက်ပိုင်းပြည်တွင်းရေကြောင်းကိုလွှဲလိုက်တယ်လို့ ပြောတယ်။ သူတို့တွေလည်း မကြာခဏ ရေစူးလာတိုင်းတာတို့ စစ်ဆေးတာတွေရှိတယ်"ဟု သုံးခွမြို့ အောင်သာတန်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ဖြိုးမြင့်က ပြောပြခဲ့ပါတယ်။ ရေသေရက်(ရေငြိမ်ရက်)ဖြစ်သော်လည်း ယခုကဲ့သို့ သောင်ခုံရေတိုက်စားခြင်းကြောင့် သင်္ဘော တစ်စောင်းအနေအထားဖြစ်သွားသည်ဆိုခြင်းမှာလည်း ပြန်လည်တည့်မတ်ရန်မလွယ်ကူကြောင်း အခြားတစ်ဖက်သောင်ခုံရေတိုက်စားခံရပါက ပြန်လည်တည့်မတ်နိုင်ကြောင်း ၄င်းက သုံးသပ်ထားခဲ့ပါတယ်။" လောလောဆယ်တော့ သင်္ဘောနစ်မြုပ်တဲ့ အချိန်ကို မသိသေးဘူး။ သင်္ဘောကနဦးတွေ့တုန်းက သင်္ဘောပေါ်တက်ခဲ့တဲ့ ရေလုပ်သားတွေကိုပဲ စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းထဲက သက်ဆိုင်ရာအဖွဲ့ အစည်းတွေကိုလွှဲပေးခဲ့တာပါ"အဆိုပါသင်္ဘောမှာ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဘောအင်ဂျင်ခန်းအတွင်းမှ စတင် နစ်မြုပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် သင်္ဘောတစ်စီးလုံးနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုန်တင်သင်္ဘောသည် မြန်မာ့ရေပိုင်နက်အတွင်းကို သြဂုတ် ၃၀ ရက်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းများ၏ စစ်ဆေးချက်များအရ အဆိုပါ သင်္ဘောပေါ်တွင် မည်သူ တစ်ဦးတစ်ယောက်မျှမပါရှိဘဲ ရောက်ရှိသောင်တင်နေကြောင်း ရဲတပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားခဲ့ပါတယ်။မောင်းသူမဲ့ သင်္ဘောမြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သောင်တင်တွေ့ရှိမှုနှင့်ပတ်သက်၍ ရန်ကုန် မြစ်ဝနှင့်စစ်တောင်းမြစ်ဝကြားတွင် တစ်ဖက်နိုင်ငံသို့ခုတ်မောင်းနေသည့် သံသယဖြစ်ဖွယ် အယ်လီဗန်နက် အမည်ရှိ ပင်လယ်သွားတွဲချိတ်ယာဉ်တစ်စီးကို မြန်မာပင်လယ်ရေပြင်ပိုင်နက်နှင့် မိုင် ၅၀ အကွာတွင် သြဂုတ် ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် တွေ့ရှိခဲ့ပါတယ်။ အဆိုပါတွဲဆွဲရေယာဉ်သည် မလေးရှားနိုင်ငံမှဖြစ်ပြီး ရေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား အဖူဒန်အပါဝင် ၁၃ဦးတို့ကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ MV SAM RATULANGI ကုန်တင်သင်္ဘောကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံကို ပို့ဆောင်ရန် သြဂုတ် ၂၃ရက်တွင် အယ်လီဗန့်  အမည်တွဲဆွဲယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း၊သြဂုတ်၂၆ရက်တွင် ရန်ကုန်မြစ်ဝတောင်ဘက်ကို ရောက်ရှိစဉ် ရာသီဥတုဆိုးရွားကာ တွဲခြမ်းအချို့ပျက်တောက်ကာရေစီးနှင့်အတူမျောပါခဲ့သည့်အတွက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပါတယ်။ မြန်မာ့ရေပိုက်နက်အတွင်းသို့ ဝင်ရောက်လာသည့် အဆိုပါသင်္ဘောကြီး နှင့်ပတ်သက်၍ တွဲဆွဲရေး ယာဉ်ပါ အင်ဒိုနီးရှားနိုင်ငံသားများနှင့်ရေယာဉ်တွဲဆွဲကုမ္ပဏီတို့ကို တရားစွဲဆိုရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ သဘောထားမှတ်ချက် တောင်းခံသွားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က စက်တင်ဘာ ၆ ရက်က ပြောကြားချက်အရ သိခဲ့ရပါတယ်။ Source : Myanmar Time

Tuesday, 18 September 2018 06:41

ကုန်ထုတ်ပေးမိန့် (Delivery Order) နှင့် ကုန်တင်တန်ဆာ မပါရှိပဲ ကုန်ထုတ်ပေးခြင်း (Telex Release)

ကုန်ထုတ်ပေးမိန့်သည် ရေကြောင်းဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတွင် သင်္ဘောလိုင်းမှ ထုတ်ပေးသည့် စာရွက်စာတမ်းဖြစ်သည်။