Wednesday, 13 February 2019 04:19
ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ကုန်းတွင်းဆိပ်ကမ်း ( Dry Ports) နှစ်ခုအား တည်ဆောက်ထားခြင်းဖြစ်သည်။အဆိုပါ ကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ် GS KM Terminal & Logistics LimitedResource Group Logistics Co, Ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်ထားခြင်း ဖြစ်သည်။
ထိုကုန်းတွင်းဆိပ်( Dry Ports) နှစ်ခုသည် ဧက ၄ဝ စီရှိပြီး၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့ကာ ယခုနှစ်အောက်တိုဘာတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ရွာသာကြီး ကုန်းတွင်းဆိပ်နှစ်ခုကို ပုဂွလိကကုမ္ပဏီနှစ်ခုက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ကုန်ကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင်ကုန်းတွင်းဆိပ်ကမ်းများတည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းကနေ မြစ်ငယ်အထိ ကုန်သေတ္တာတင်ရထား စမ်းသပ်ခုတ်မောင်းခဲ့ပါတယ်။ ဒီစမ်းသပ်ခုတ်မောင်းမှု အဆင်ပြေတယ်ဆိုရင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းကနေကုန်သေတ္တာ တွေကို ရထားနဲ့တင်ပို့နိုင်တော့မှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ကုန်းတွင်းဆိပ်ကမ်း ( Dry Ports) နှစ်ခု တည်ဆောက်မှုအားလုံးပြီးစီးပါကသီလဝါရွာသာကြီး-မြစ်ငယ်တို့အကြား ကုန်သေတ္တာရထားတွဲများ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတည်ဆောက်နေသည့် (Dry Ports) နှစ်ခုတွင် ကုန်သေတ္တာအလုံးရေနှစ် သိန်းကျော်သိုလှောင်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း နှင့် သီလဝါဆိပ်ကမ်းအကြား ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ရန်ကုန်နှင့် မန္တလေးတွင် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ်ထားပြီး Dry Port များ ဆက်လက်တည်ဆောက်ရန် နေရာခုနှစ်ရာအား အဆိုပြုထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကုန်သေတ္တာတင် ရထားတွဲများဖြင့် သယ်ယူပို့ဆောင်နိုင်သော ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန် အဆိုပြုထားသော နေရာများမှာ ရန်ကုန်၊ မန္တလေး၊ တမူး၊ မူဆယ်၊ မော်လမြိုင်၊ ပဲခူးနှင့် မုံရွာမြို့တို့ ဖြစ်ပြီး၊ လက်ရှိတွင် မုံရွာမြို့၌ ကိုရီးယားကုမ္ပဏီ တစ်ခုက ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရန် လေ့လာမှု ပြုလုပ်နေကြောင်း သိရသည်။
ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်မည့် နေရာအား ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်ဖြစ်ရန်၊ အာရှရထားလမ်း၊ အာရှအဝေးပြေးလမ်းမနှင့် နီးစပ်ရန်၊ ကုန်ပစ္စည်း ထွက်ရှိသောနေရာ ဖြစ်ရန်နှင့် စက်မှုဇုန်များ တည်ရှိသော နေရာတို့အား သတ်မှတ်ပြီး ရွေးချယ်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် Resources Group Logistics Co.,Ltd ၏ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
Resources Group Logistics Co.,Ltd သည် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများကို ရင်းနှီးမြုပ်နှံမှု အနေဖြင့် ရန်ကုန်ရွာသာကြီး ကုန်းတွင်းဆိပ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၂၆သန်း၊ မြစ်ငယ်ကုန်းတွင်းဆိပ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၅သန်း၊ စုစုပေါင်း ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၄၉ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီး ဘူတာအနီး အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြုပ်နှံ တည်ဆောက်ထားသည့် ရန်ကုန်ကုန်းတွင်း ဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကုန်းတွင်းဆိပ်ကမ်းအား ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါ ဆိပ်ကမ်းများအတွက် ယာဉ်ကြောသွားလာရေး ပိတ်ဆို့မှု လျှော့ချပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ရန် ရည်ရွယ်သည့် ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းတစ်ခုဖြစ်ပြီး ဘီအိုတီစနစ်ဖြင့် KM Terminal & Logistics Limited မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source : Eleven