Port News

သင်္ဘောချင်းတိုက်မိမှု့ကြောင့် လျော်ကြေးပေးရန်တာဝန်

သင်္ဘောချင်းတိုက်မိမှု့ကြောင့် လျော်ကြေးပေးရန်တာဝန် google.com

          ပါကစ္စတန်နိုင်ငံ၊ ကရာချိ ဆိပ်ကမ်းတွင် Hapag Lloyd သင်္ဘောလိုင်းမှ MV Tolten ကုန်သေတ္တာသင်္ဘောသည် ဆိပ်ကမ်း

တံတားကပ်ရန်ချည်းကပ်စဉ် ဆိပ်ကမ်း၌ ကြိုးချည်ဆိုက်ကပ်ထားသော MV Hamburg Bay ကိုပွတ်တိုက်မိပြီး MV. Tolten ပေါ်မှ ကုန်သေတ္တာများ ရေထဲသို့ ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျသွားသော ကုန်တ္တောများကိုပြန်လည် ဆယ်ယူရန်ကြိုးစားလျက်ရှိပါတယ်။

 

          သင်္ဘောချင်းတိုက်မိမှုကြောင့်ဖြစ်ပေါ်လာသော ဆုံးရုံးမှုများအတွက် လျော်ကြေးပေးရန် တာဝန်များ ကိုအကျဉ်းမျှရှင်းပြလိုပါတယ်။ရေကြောင်း အာမခံ ကိစ္စအလို့ဌာ သင်္ဘောချင်းတိုက်မိမှု (Collision) တွင် သင်္ဘောဟူသော စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ "ရေကြောင်းသွားလာရေးတွင် အသုံးပြုသော မည်သည့်ရေယာဉ်ကိုမဆို" လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒါကြောင့် ပင်လယ်ကူး liner သင်္ဘောမှသည် အမှိုက်သယ် barge အထိ အားလုံးအကျုံးဝင်ပါတယ်။ရွေ့လျားရေနံတူးစင် (mobile oil drill rig)ကိုလည်း သင်္ဘောလို့သတ်မှတ်ပါတယ်။ ကျောက်ချထားသော် သင်္ဘော၏ ကျောက်ဆူး ကြိုးကို ဝင်တိုက်မိပါကလည်း သင်္ဘောချင်း တိုက်မိမှု (Collision) ဟုပင်သတ်မှတ်ပါတယ်။ သို့သော် ရေကြောင်းပြဗော်ယာ၊ ဆိပ်ခံတံတား၊ ဗောတံတား တို့ကို သင်္ဘောဝင်တိုက်မိမှုကိုတော့ Collision လို့ မခေါ်ပါဘူး။

 

          သင်္ဘောချင်းတိုက်မိမှုတွင်လျော်ကြေးပေးရန်တာ ဝန်ကိုသတ်မှတ်နိုင်ဖို့ မည်သူမှားသလဲဆိုတာ အရင် ဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီလိုဆုံးဖြတ်ရာမှာ-

 

၁။ သင်္ဘော၂ စီးစလုံးဘယ်သူမှမမှားတဲ့ အနေအထား၊ ဥပမာရှောင်လွှဲလို့မရတဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် (force majeure)။

၂။ သင်္ဘောတစ်စီးတည်းက လုံးလုံး လျားလျား မှားယွင်းမှု (ယခုဖြစ်ရပ်)။

၃။ သင်္ဘောနစ်စီးစလုံးကမှားယွင်းမှု (both to blame collision) တို့ဖြစ်ပါတယ်။

 

          သင်္ဘောနှစ်စီးလုံးမှားယွင်းမှုတွင်မှားယွင်းမှုကြောင့် လျော်ကြေးပေးရန်တာဝန်ကို ကျနော်၏ "ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ သိကောင်းစရာများ " စာအုပ်တွင်ရှင်းပြထား ပါတယ်။ (စာအုပ်ကြော်ငြာ ဖြတ်ဝင်တာမဟုတ်ပါ)ယခုကရာချိဆိပ်ကမ်းတွင် သင်္ဘောချင်းတိုက်မိမှုသည် ဆိပ်ကမ်းတံတားကပ်ရန်ချည်းကပ်လာသော် berthing MV. Tolten သင်္ဘော၏ မှားယွင်းမှုကြောင့်ဖြစ်မည်ထင်ပါတယ်။ ဒါကြောင့် MV. Toltenအနေဖြင့် တစ်ဖက်ကအတိုက်ခံရတဲ့ MV Hanburg Bay သင်္ဘော၏ ပျက်စီးဆုံးရုံးမှုတွေကို အလျော်ပေးဖို့ တာဝန်ရှိလာပါတယ်။

 

          ၁။ MV. Hamburg Bay သင်္ဘောကိုယ်ထည် ပျက်စီးမှုအတွက် လာတိုက်တဲ့ MV. Tolten ၏ သင်္ဘော ကိုယ်ထည်အာမခံကုမ္ပဏီ (Hull insurance underwriter)က လျော်ပေးပါလိမ့်မယ်။ အဲဒီလိုလျော်ပေးရာမှာ International Hull Clauses (2003) ၏ clause 6. 3/4 ths Collision Liabilityအရ MV. Hambutg Bay ကိုယ်ထည်ပျက်စီးဆုံးရုံးမှုတန်ဖိုး၏ ၄ပုံ ၃ပုံ ကိုသာ သူ့ဆီမှာ အာမခံထားတဲ့ MV. Tolten ကိုယ်စားလျော်ပေးပါလိမ့်မယ်။ ဒါကြောင့် ကျန်တဲ့ ၄ပုံ ၁ပုံကို MV. Tolten က ကိုယ့်ဖာသာ လျော်ပေးရပါတော့မယ်။


          ဒီနေရာမှာဆွေးနွေးလိုတာက ဘာကြောင့် သင်္ဘောကိုယ်ထည်အာမခံ (Hull insurance underwriter) တွေက သူတို့ဆီမှာ သင်္ဘော ကိုယ်ထည်အာမခံထားတဲ့ သင်္ဘောတွေက အခြားသင်္ဘောကိုတိုက်မိလို့ အလျော်ပေးရရင် အပြည့်မလျော်ဘဲ ပျက်စီးမှုတန်ဖိုး၏ ၄ပုံ ၃ပုံ သာလျော်ရတာလဲ။အဓိက ရည်ရွယ်ချက်ကတော့ Hull insurance underwriter က သူ့ဆီမှာအာမခံထားတဲ့ သင်္ဘောက အခြားသင်္ဘောကိုတိုက်မိလို့ သူ့တစ်ပါးထိခိုက်မှုအတွက်လျော်ကြေး (third party liability) ကိုအပြည့်လျော်ပေးလိုက်ပါ က တိုက်မိသမျှ အာမခံကလျော်လိမ့်မယ်ဆိုပြီး အာမခံထား ထားတဲ့ သင်္ဘောပိုင်ရှင်တို့၊ ship operator တို့အနေဖြင့် မဆင်မခြင်မှု၊ ပေါ့ဆမှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် အာမခံထားသူ သင်္ဘောပိုင်ရှင်ဘက်ကလည်း တာဝန်ယူစိတ်ရှိစေရန်၊ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်စေရန်(prudence)၊ ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်အလားအလာကိုလည်း အလေးဂရုပြုလာစေရန် (risk awareness) အတွက် မိမိသင်္ဘောဖြင့်တိုက်မိ၍ အခြား သင်္ဘော၏ကိုယ်ထည်ပျက်စီးဆုံးရုံးမှုတန်ဖိုး၏ ၄ပုံ၁ပုံကို သင်္ဘောပိုင်ရှင်ကို တာဝန်ပြန်ယူခိုင်းခြင်း ဖြစ်ပါတယ်။ တိုက်ခံရတဲ့အခြား သင်္ဘောပေါ်က ကုန်ပစ္စည်းတွေရဲ့ ပျက်စီးဆုံးရုံးမှုကိုတော့ Hull insurance underwriter တွေကမလျော်ပေးပါဘူး။

 

          သင်္ဘောပိုင်ရှင်တွေက သူတစ်ပါးထိခိုက်မှု လျော်ကြေး (third party liability)တွေဖြစ်တဲ့ အခြား သင်္ဘောကိုယ်ထည်ပျက်စီးမှုအတွက်ကျန်တဲ့ ၄ပုံ၁ပုံ လျော်ကြေးနဲ့ အခြားသင်္ဘောပေါ်က ကုန်စည်ပျက်စီးမှုအတွက် လျော်ကြေးတွေကိုပေးလျော်နိုင်စေဖို့ ၁၈၅၀ ခုနှစ် ဝန်းကျင်မှာ Protection and Indemnity Clubs တွေပေါ်ပေါက်လာတာဖြစ်ပါတယ်။Protection and Indemnity Mutual Insurance လို့ခေါ်တဲ့ အာမခံလုပ်ငန်းကတော့ တခြားအာမခံတွေနဲ့ လုံးဝမတူတဲ့ အကျိုးအမြတ် မယူတဲ့အာမခံ အမျိုးအစားဖြစ်ပါတယ်။ အများအားဖြင့် P&I Club, P and I, Third-Party Insurance စတဲ့နာမည်တွေနဲ့ အသိများတဲ့ ဒီအာမခံဟာ သမ၀ါယမအသင်း သဘောနဲ့ သင်္ဘောပိုင်ရှင်တွေ အစုစပ်ထည့်ဝင် ဖွဲ့စည်းထာတဲ့ အမြတ်မယူသော (Non Profit-making Insurance) အဖွဲ့အစည်း ဖြစ်ပါတယ်။ P&I အာမခံဟာ သူတစ်ပါး ထိခိုက်မှုအာမခံ (Third-Party Liability Insurance) ဖြစ်ပါတယ်။

 

          သင်္ဘောပိုင်ရှင် တစ်ယောက်ဟာ သူ့သင်္ဘောရဲ့ လုပ်ငန်းဆောင်ရွက်မှုကနေ ပေါ်ပေါက်လာပြီး သင်္ဘောကိုယ်ထည်အာမခံ ပေါ်လစီတွင်လည်း အကျုံးမဝင်သည့် တစ်ခြားသူ (Third Party) တွေအပေါ်ဥပဒေအရပေးလျော် ရမည့်တာဝန် နှင့် စာချုပ်စာတမ်း အရ ပေးလျော်ရန် ရှိတဲ့ ဒဏ်ငွေနဲ့ လျော်ကြေး (Legal Liabilities and Contractual Liabilities) တွေကို တာဝန်ယူပေးလျော်ပါတယ်။ သင်္ဘောပိုင်ရှင်တွေရဲ့ ဥပဒေ အကျိုးဆောင် အဖြစ်နဲ့လည်း ဆောင်ရွက်ပေးပါတယ်။ သင်္ဘောပိုင်ရှင် တစ်ယောက်အတွက် စားစရာ မရှိခဲ့ရင်တောင် လျော်စရာအတွက် ပူပင်စရာ မလိုတော့တဲ့ အာမခံမျိုးဖြစ်တာကြောင့် မရှိမဖြစ် ထားကြရတဲ့ အာမခံဖြစ်ပါတယ်။P&I Club ဟာ တခြားအာမခံ အမျိုးအစားတွေလို Premium မကောက်ပေမယ့် နှစ်စဉ်ထည့်ဝင်ငွေ Calls တွေ ကောက်ခံပါတယ်။ ကုန်ကျစရိတ်တွေ နုတ်ပြီး လိုငွေပေါ်ပေါက်နေပါက သင်္ဘော ပိုင်ရှင်များမှ အချိုးကျ Calls များ ထပ်မံ ထည့်ဝင်ရခြင်း၊ ပိုငွေများရှိပါက နောင်နှစ် Calls ကို လျှော့ပေါ့ကောက်ခံခြင်း ပြုလုပ်ပါတယ်။

 

          ၂။ တိုက်မိတာက သင်္ဘောမဟုတ်ဘဲ အသေစိုက်စွဲထားသော၊ ရေပေါ် ပေါ်လော် ပေါ်နေသောအရာဝတ္တု (Fixed and Floating Objects) များဖြစ်သည့် ရေကြောင်းပြဗော်ယာ၊ ဆိပ်ကမ်းတံတားများဖြစ်ပါက သင်္ဘောကိုယ်ထည် အာမခံ (Hull insurance) ကမလျော်ပါဘူး။ လျော်ပေးစေလိုပါက အာမခံကုမ္ပဏီ နှင့် ကြိုတင် သဘောတူညီမှုရယူပြီး အာမခံပေါလစီ တွင်ထည့်သွင်းထားရန် IHC (2003) clause 37 တွင်ဖော်ပြထားပါတယ်။

 

          အကယ်၍ အာမခံ ကုမ္ပဏီနှင့် ကြိုတင်သဘာတူထားမှု မရှိခဲ့ပါက သင်္ဘောပိုင်ရှင်၏ P&I club က သင်္ဘောပိုင်ရှင်ကိုယ်စား လျော်ပေးပါတယ်။ ၂၀၁၈ ဇန်နဝါရီလ ၂ရက်နေ့ မနက်ကကြည့်မြင်တိုင်ကမ်း နားဈေး အနီးရှိ NGJ ဆိပ်ခံဗောတံတားတစ်ခုကို စားအုန်းဆီတင်တဲ့ သင်္ဘော AU Virgo ကဝင်တိုက်မိပါတယ်။ သင်္ဘောရော၊ ဆိပ်ခံဗောတံတား ရောအနည်းငယ်ပျက်စီး သွားတာ တွေ့ရပါတယ်။ ဆိပ်ခံဗောတံတားကို စားအုန်းဆီတင် သင်္ဘောဝင်တိုက်မိမှုသည် Fixed and Floating Objects ကိုဝင်တိုက်တာဖြစ်လို့ သင်္ဘောက ဆိပ်ခံဗောတံတားကို အလားတူ နည်းဖြင့် လျော်ကြေးပေးရမှာဖြစ်ပါတယ်။

 

          ၃။ MV Tolten ကုန်သေတ္တာသင်္ဘော ပေါ်ကရေထဲပြုတ်ကျတဲ့ ကုန်သေတ္တာ ၂၁ လုံးအတွက်ကတော့ သယ်လာတဲ့ သင်္ဘောက Hague/Visby Rules (သို့) Carriage of Goods by Sea Act(1971) ၏ Article IV rule 2.a အရ error of navigation and ship management ကင်းလွတ်ခွင့် ထဲမှာအကျုံးဝင်လို့ အလျော်ပေးစရာမလိုပါဘူး။ (Hanburg Rulesမှာ​တော့ navigational fault ကိုကင်းလွတ်​ခွင့်​ မ​ပေးထားပါဘူး။ဒါ​ကြောင် သင်္ဘောပိုင်ရှင်တွေက Hamburg rules ကိုမကြိုက်​ကြပါဘူး။)

 

          ၄။ လာပွတ်တိုက်တဲ့ MV Tolten ကုန်သေတ္တာ သင်္ဘော ပျက်စီးမှုကတော့ သင်္ဘောကိုယ်ထည် အာမခံ ကုမ္ပဏီကလျော်ပေးပါမယ်။ IHC(2003) ၏ clause 2 တွင် အာမခံပေါ်လစီမှာ အကျုံးဝင်တဲ့ အလျော်ရမည့် ထိခိုက်ပျက်စီးပျက်စီးမှုအမျိုးအစား များကိုဖော်ပြထားပါတယ်။Clause 2.2.3 မှာဖော်ပြထားတာက မာလိန်မှုး၊ သင်္ဘော အရာရှိများ၊ သင်္ဘောအမှုထမ်းများ၊ ရေကြောင်းပြ အရာရှိများ၏ မဆင်မခြင်မှု၊ ပေါ့ဆမှုကြောင့် အာမခံထားသော် သင်္ဘော ပျက်စီးပါက အာမခံ ပေါ်လစီ တွင်အကျုံးဝင်ကြောင်း ဖော်ပြ ထားပါသည်။ ဒါကြောင့် MV Tolten ကုန်သေတ္တာ သင်္ဘော၏ ကိုယ်ထည်ပျက်စီးမှုအတွက် အာမခံကုမ္ပဏီက အလျောပေးမှာဖြစ်ပါတယ်။

 

          ၅။ ​ရေထဲပြုတ်ကျကုန်တဲ့ ကုန်သေတ္တာတွေပြန်လည် ဆယ်ယူဘို့ နဲ့ ပျက်စီးသွားတဲ့ သင်္ဘောအပျက်အစီး အပိုင်းအစတွေကို ရှင်းလင်း ဖယ်ရှားဖို့ကို Hull insurance underwriter တွေက တာဝန် မယူပါဘူး။ ဒါ​ကြောင့်​ MV Tolten ရဲ့ P&I Club က ဆယ်​ယူစရိတ်​၊ ရှင်းလင်းစရိတ်​​တွေအတွက်​ ကျခံ​ပေးရပါမယ်​။

 

Source : Myanmar shipping guide

 

ReadMore : ကုန်သေတ္တာ သယ်ယူပို့ဆောင်ပုံအဆင့်ဆင့်

Read times
Rate this item
(0 votes)