ရန်ကုန်ဆိပ်ကမ်းတွင် အသုံးပြုမည့် ဆိပ်ကမ်းသုံးတွန်း/ဆွဲရေယာဉ် မာန်အောင် ၄ ကို အစိုးရနှင့်ရေယာဉ်တည်ဆောက်ရေး ပူးပေါင်းလုပ်ကိုင်နေသည့် Myanma Shipyards – AMECC JV Co., Ltd. က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ နိုဝင်ဘာလ ၆ ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။
အလျား ၃၂ မီတာ၊ မြင်းကောင်ရေ ၃၀၀၀ ကျော်ရှိ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ်မာန်အောင် ၄ ကို အဆိုပါကုမ္ပဏီ က ဆင်မလိုက်သင်္ဘောကျင်းတွင် ၂ နှစ် ကျော်ကြာတည်ဆောက်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်းဝင်း၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
“ယနေ့လွှဲပြောင်းပေးခဲ့တဲ့ မြစ်တွင်းသွား တွန်း/ဆွဲရေယာဉ်က လက်ရှိ ရန်ကုန်ဆိပ်ကမ်းမှာ အသုံးပြုနေတဲ့ တွန်းဆွဲရေယာဉ်တွေမှာ စွမ်းအားအကြီးဆုံးတွန်းဆွဲ ရေယာဉ်အနေနဲ့ ပါဝင်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။
အဆိုပါရေယာဉ်သည် အလျား ၃၂ မီတာ၊ အနံ ၁၁ မီတာ၊ စောက် ၅ မီတာရှိ ပြီး တစ်နာရီ ရေမိုင်နှုန်း ၁၂ မိုင် မောင်းနှင်နိုင်သောကြောင့် စွမ်းအားကြီးမားသည့် တွန်းဆွဲရေယာဉ်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။
ယခုလက်ရှိ ရန်ကုန်အတွင်းဆိပ်ကမ်းတွင် နိုင်ငံတကာသင်္ဘောကြီးများ ရပ်နားနိုင်သည့် ဆိပ်ခံတံတား ၂၆ စင်းရှိပြီးသီလဝါဆိပ်ကမ်းဒေသတွင် ၁၂ စင်း ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် လက်ရှိ တွန်း/ဆွဲရေယာဉ်များ ဖြစ်သည့်၁၀၀၀ 1000 BHP Tug ၃ စီး၊ ၁၅၀၀ 1500 BHP Tug ၁ စီး၊ 3000 BHP Tug ၁ စီးဖြင့် လှည့်ပတ်သုံးစွဲခဲ့ရကြောင်းမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိခဲ့ရခြင်း ဖြစ်ပါတယ်။
Source : the voice