ကုန်သေတ္တာလွှဲပြောင်းခြင်းစာရွက် (EIR) ကို ကုန်သေတ္တာဖြင့် ရွေ့လျားမှု လမ်းကြောင်းတွင် အဖွဲ့အစည်း/ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ အခြားအဖွဲ့အစည်း/ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သို့ ကုန်သေတ္တာကို လွှဲပြောင်းပေးသည့်အခါ အဆိုပါ ကုန်သေတ္တာ၏ အခြေအနေကိုဖော်ပြသည့် စာရွက်စာတမ်းဖြစ်သည်။
ထိုသို့ လွှဲပြောင်းရာတွင် ကုန်သေတ္တာကိုသာမက ကုန်သေတ္တာနှင့်သက်ဆိုင်သည့် တာဝန် ရှိမှုကိုပါ လွှဲပြောင်းခြင်းဖြစ်သည်။ ကုန်သေတ္တာကို လွှဲပြောင်းသည့်အချိန်တွင် လက်ခံသူ သည် စာရွက်ရှိပုံစံတွင် ဖော်ပြထားသည့်အတိုင်း မှန်ကန်မှုရှိ/ မရှိ စစ်ဆေးရန်လိုပါသည်။ အအေးခန်း ကုန်သေတ္တာများဖြစ်ပါက ကုန်သေတ္တာအပြင် လျှပ်စစ်ဓါတ်အားပေးသည့် ပလပ်နှင့်ကြိုး၊ အအေးပေးစက်တွင် ထိခိုက်ပျက်စီးမှုရှိ/မရှိတို့ကိုပါ စစ်ဆေးရန် လိုအပ်ပါသည်။ စစ်ဆေးခြင်းမပြုပဲ လက်ခံခဲ့ပါက အဆိုပါစာရွက်တွင် ဖော်ပြထားခြင်း မရှိသည့် ကုန်သေတ္တာ ထိခိုက်ပျက်စီးမှုများမှာ လက်ခံသူတွင် တာဝန်ရှိမည်ဖြစ်သည်။
ကုန်သေတ္တာ ဆိပ်ကမ်းတံတားများနှင့် ကုန်သေတ္တာစခန်းများတွင် တံခါးမများ၌ ကုန်သေတ္တာများကို ထုတ်ပေးသည့်အခါများ၌စစ်ဆေး၍ ကုန်သေတ္တာ လွှဲပြောင်းခြင်းစာရွက်ကိုထုတ်ပေးလေ့ရှိသည်။ ဆိပ်ကမ်းတံတားများနှင့် ကုန်သေတ္တာ စခန်းများသည် သင်္ဘောလိုင်းများ ကိုယ်စားကုန်သေတ္တာများကို လက်ခံရယူရာတွင် စစ်ဆေးလေ့ရှိပြီး အဆိုပါစာရွက်နှင့် ကွဲလွဲသည့် ပျက်စီးချို့ယွင်းမှုများရှိပါက ပျက်စီးမှုအတွက် တာဝန်ရှိသူထံမှ ကျသင့်ငွေ ကောက်ခံ၍ သင်္ဘောလိုင်းများသို့ ပေးသွင်းလေ့ ရှိပါသည်။
Source : Shipping and Logistics