ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ဆင့်ပွားပေါ်ပေါက်လာသည့် တောင်းဆိုမှု (ဝယ်လိုအား) ဖြစ်ပါသည်။ အဆိုပါ ဝယ်လိုအားအပေါ် အကျိုးသက်ရောက်သော အချက်များမှာ အစိုးရအဖွဲ့အစည်း၊ နိုင်ငံရေး အခြေအနေများ၊ ကမ္ဘာ့စီးပွားရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ ပျမ်းမျှခရီး အကွာအဝေးနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ် တို့ဖြစ်ပါသည်။ အခြားတစ်ဘက်တွင် သင်္ဘောလုပ်ငန်း ပံ့ပိုးနိုင်မှု (ရောင်းလိုအား) အပေါ် အကျိုးသက်ရောက်သော အချက်များမှာ သင်္ဘော အရေအတွက်၊ ကုန်တင် ဆောင်နိုင်သည့် ပမာဏနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုတို့ ဖြစ်ပါသည်။
သင်္ဘောလုပ်ငန်းရောင်းလိုအားသည် သင်္ဘောတင်ခ နှုန်းထားတစ်ခုတွင် ပင်လယ်ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းရှင်များမှ ပံ့ပိုးပေးနိုင်သည့် ဝန်ဆောင်မှုကို ဖော်ပြပြီး သင်္ဘောလုပ်ငန်း ဝယ်လိုအားသည် သင်္ဘောတင်ခနှုန်းထား အပြောင်းအလဲတွင် ကုန်တင်ပို့သူများက ၎င်းတို့၏ လိုအပ်ချက်ကို မည်သို့ချိန်ညှိ ဆောင်ရွက်သည်ကို ဖော်ပြသည်။ သင်္ဘောလုပ်ငန်း ဈေးကွက်တွင် ရောင်းလိုအားနှင့် ဝယ်လိုအားတို့သည် မျှခြေဈေးနှုန်းတစ်ခုသို့ ရောက်ရှိသည့်အခါ ကုန်သယ် ဆောင်သူများနှင့် ကုန်တင်ပို့သူများ အကြား နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် သင်္ဘောတင်ခ နှုန်းထားသို့ ရောက်ရှိလာသည်။
ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးအတွက် ဝယ်လိုအား
သင်္ဘောလုပ်ငန်းတွင် ရောင်းလိုအားနှင့် ဝယ်လိုအားကို အခြေခံသည့် ဈေးကွက်ပုံစံကို အသုံးပြုသည်။ ကုန်စည်ပို့ဆောင်ရန်အတွက် ဝယ်လိုအားကို မတူညီသည့် နေရာဒေသတစ်ခု အတွင်းရှိ ကုန်စည် ဝယ်လိုအားက အဆုံးအဖြတ်ပေးသည်။ သဘာဝ အရင်းအမြစ်များရရှိမှုသည် တစ်နေရာနှင့်တစ်နေရာ ကွဲပြားခြားနားခြင်း၊ ထုတ်လုပ်ရာတွင် ကုန်ပစ္စည်း ကွဲပြားခြားနားခြင်းနှင့် အထူးပြုပုံ ကွာခြားခြင်း တို့ကြောင့် ကုန်ပစ္စည်းများမှာ အချို့ဒေသတွင် လိုအပ်သည်ထက် ပိုနေခြင်း၊ အချို့ဒေသများတွင် လိုအပ်သလောက် မရရှိခြင်းတို့ကို တွေ့ကြုံရနိုင်ပါသည်။
နိုင်ငံရေးအခြေအနေများ
နိုင်ငံရေးအခြေအနေများတွင်အစိုးရအဖွဲ့မှ ကျင့်သုံးသော မဟာဗျူဟာ/ နည်းဗျူဟာများနှင့် မူဝါဒများ ပါဝင်သည်။ အဆိုပါကိစ္စများတွင် အစိုးရမှ ကုန်သွယ်ရေးနှင့် သင်္ဘောလုပ်ငန်းကို ဝင်ရောက် စွက်ဖက်ခြင်းအပြင် ပြည်တွင်းထုတ်ကုန်များကို အားပေးရန်အတွက် နိုင်ငံခြားမှ သွင်းကုန် ကုန်ပစ္စည်းကို ကန့်သတ်သည့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ ပါဝင်သည်။ အခြားနိုင်ငံရေးအကျိုး သက်ရောက်မှုများမှာ စစ်ပွဲ၊ တော်လှန်ရေး၊ နိုင်ငံရေး အကြပ်အတည်းများနှင့် သပိတ်မှောက်မှုများ ပါဝင်သည်။ ဥပမာအနေဖြင့် ၁၉၅၀ ဝန်းကျင်ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိုးရီးယားစစ်ပြွဲော့် အနောက်နိုင်ငံများတွင် ကုန်ပစ္စည်းများ စုပုံနေခြင်း၊ ၁၉၉၀ ခုနှစ်တွင် ကူဝိတ်နိုင်ငံသို့ အီရတ်နိုင်ငံမှ ကျူးကျော် ဝင်ရောက်ခဲ့သဖြင့် ရေနံတင်သင်္ဘောများကို ပစ္စည်းသိုလှောင်ရန် အသုံးပြုခဲ့ရသည့် အတွက် ရေနံတင်သင်္ဘောပိုင်ရှင်များ ဝင်ငွေကောင်းခဲ့ခြင်း၊ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နောက်ပိုင်းတွင် ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်မှုမှာ ၁.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ယခင်နှစ်များ၏ တိုးတက်မှုနှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံသာရှိခြင်းစသည့် အခြေ အနေများ ဖြစ်ပေါ်ခဲ့ပါသည်။
ကမ္ဘာ့စီးပွားရေး
သင်္ဘောလုပ်ငန်း ဝယ်လိုအားကို သက်ရောက်သည့် အခြားအရေးပါသော အချက်တစ်ချက်မှာ ကမ္ဘာ့စီးပွားရေးဖြစ်သည်။ ၉/၁၁ ဖြစ်ရပ်နောက်ပိုင်းတွင် ကမ္ဘာ့ကုန်ပစ္စည်း ထုတ်လုပ်မှု ကျဆင်း သွားသည့်အတွက် အကျိုးဆက်အနေနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် သွင်းကုန်ရောပို့ကုန်ပါ ပမာဏ ကျဆင်းသွားခဲ့ပါသည်။
ကမ္ဘာ့စီးပွားရေးသည် အမျိုးမျိုးသော ကုန်ပစ္စည်းများကို သွင်းကုန်/ ထုတ်ကုန်များအဖြစ် ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်ပေးရန် ဝယ်လိုအားကို ဖြစ်ထွန်းစေသည့်အတွက် ကမ္ဘာ့ စီးပွားရေးနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေးအတွှက် ဝယ်လိုအားမှာ တိုက်ရိုက်ဆက်စပ်မှု ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏနှင့် ကမ္ဘာ့စီးပွားရေး ဆက်စပ်မှုကို သိရှိနိုင်ရန် ရေကြောင်းဖြင့် ကုန်သွယ်သော ကုန်ပစ္စည်းကိုလည်း လေ့လာရန် ဆန်းစစ်ရန် လိုအပ်ပါသည်။ ကာလတိုအတွှင်း (ပုံမှန်အားဖြင့်တစ်နှစ်အတွင်း) ရေကြောင်းဖြင့် ကုန်သွယ်သည့် ကုန်စည်တွင် တသမတ်တည်းမရှိဘဲ အတက်အကျဖြစ်ပေါ်ခြင်း၏ အဓိကအကြောင်းရင်းမှာ ရာသီချိန်ဖြစ်ပါသည်။ ဥပမာပြရလျှင် ကမ္ဘာ့ မြောက်ပိုင်းဒေသများတွင် ဆောင်းတွင်းကာလ၌ စွမ်းအင်သုံးစွဲမှုများပြားသဖြင့် စွမ်းအင်အတွက် ဝယ်လိုအားမြင့်တက်လာပါသည်။
ကုန်စည်ကုန်သွယ်မှုတွင် ရေရှည်ကာလအတွက် အလားအလာများကို စက်မှုလုပ်ငန်းများ၏ စီးပွားရေး ဆိုင်ရာစရိုက်လက္ခဏာများကို လေ့လာခြင်းဖြင့် သတ်မှတ်နိုင်ပါသည်။ ထိုစရိုက်လက္ခဏာများမှာ ကုန်ပစ္စည်းထုတ်လုပ်/ စားသုံးသည့်ပုံစံ (အချို့သောထုတ်ကုန်များတွှင် ဝယ်လိုအားပြောင်းလဲမှု)၊ တည်နေရာ (ကုန်ကြမ်းပစ္စည်း ရရှိနိုင်သည့် အရင်းအမြစ်နေရာ ပြောင်းလဲခြင်း)၊ လုပ်ငန်းစဉ် (ကုန်သွယ်မှုပုံစံ ပြောင်းလဲသွားသည့်အတွက် စက်ရုံကို ပြန်လည်မွမ်းမံ နေရာချထားရခြင်း)၊ အချိန် (ကုန်တင်ပို့သူ၏ လိုအပ်ချက် ပြောင်းလဲခြင်း) စသည်တို့ဖြစ်ပါသည်။
ပျမ်းမျှခရီးအကွာအဝေး (Average Haul)
ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးအတွက် ဝယ်လိုအားသည် ကုန်စည်ပမာဏပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ ကုန်စည်သယ်ပို့ရမည့် ခရီးအကွာအဝေး ပေါ်တွင်လည်း မူတည်နေသည်။ သံသတ္တုရိုင်း တစ်တန်ကို တရုပ်ပြည်သို့ တင်သွင်းရန်အတွက် မြောက်အမေရိကတိုက်ရှိ ဝယ်လိုအား ထက် သြစတေးလျတိုက်ရှိ ဝယ်လိုအားသည် ပိုမိုများပြားပါသည်။ ကုန်သွယ်ရာတွင် ခရီးအကွာ အဝေး၏ အကျိုးသက်ရောက်မှုကို ပျမ်းမျှအကွာအဝေးအဖြစ် ဖော်ပြကြသည်။
ထို့အတွက် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုအတွက် ဝယ်လိုအားကို တန်-မိုင် ဟူသည့်ယူနစ်ဖြင့် တိုင်းတာနိုင်သည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်းပမာဏကို ပျမ်းမျှခရီး အကွာအဝေးဖြင့် မြှောက်၍ရသည့် ရလာဒ် ဖြစ်သည်။ ပျမ်းမျှခရီး အကွာအဝေးအပေါ် ရေကြောင်းသယ်ယူ ပို့ဆောင်ရေးအတွက် ဝယ်လို အား သက်ရောက်မှုကို တရုပ်ပြည်မှ ဝမ်းပုံသင်္ဘောဖြင့် သယ်ယူသည့် ကုန်စည်ပမာဏနှင့် သက်ဆိုင်သည့် ဝယ်လိုအားဖြင့် ရှင်းလင်းဖော်ပြနိုင်သည်။
သံသတ္တုရိုင်း၊ ကျောက်မီးသွေးနှင့် အခြားကုန်စည်များစသည့် ကုန်ကြမ်းပစ္စည်းများ လိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းရာတွင် ကုန်ကြမ်းပစ္စည်းများအတွက် တရုပ်ပြည်၏ ဝယ်လိုအားမှာ အလွန် ကြီးမားသည့်အတွက် အနီးအနားရှိနိုင်ငံများမှ (ဥပမာ-သြစတေးလျ) ထောက်ပံ့ပေးနိုင်သည့် ကုန်ကြမ်းပစ္စည်း ပမာဏထက်ကို ကျော်လွန်လျက်ရှိနေသည်။ ရလာဒ်အနေဖြင့် တရုပ်ပြည်သည် လိုအပ်သည့် ပစ္စည်းများကိုရရှိရန် အဝေးရှိ ကုန်ကြမ်းထောက်ပံ့သူမျာြး ဖစ်သည့် ဘရာဇီး၊ ချီလီနှင့် တောင်အမေရိက နိုင်ငံများအထိ ဆက်သွယ်ဆောင်ရွက်လာရသည်။ ထိုသို့ကုန်သွယ်မှုကြောင့် ရှည်လျားသောခရီးစဉ်များအတွက် သင်္ဘောများပိုမို လိုအပ်လာပြီး ကမ္ဘာတဝှမ်းလုံးတွင် ဝမ်းပုံကုန်တင် သင်္ဘောဖြင့် တင်ဆောင်သည့် ကုန်စည်ပမာဏမှာ သိသိသာသာတိုးတက်မြင့်များလာသည်။
သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်
ပြီးခဲ့သည့် ရာစုနှစ်တွင် သယ်ယူပို့ဆောင်ရေးစနစ်များ ထွန်းကားလာခြင်း၊ အရွယ်အစား ကြီးမားသော သင်္ဘောများကို အသုံးပြုလာခြင်း၊ သင်္ဘောလုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုထိရောက်သော ဖွဲ့စည်းပုံကို အသုံးပြုလာခြင်းစသည့် အချက်များကြောင့် သယ်ယူပို့ဆောင်မှုစရိတ်ကို တဖြေးဖြေး လျော့ချလာနိုင် ခဲ့ပါသည်။ သယ်ယူပို့ဆောင်မှုစရိတ်ကို လျော့ချလာနိုင်သည်နှင့်အမျှ ပင်လယ်ရေကြောင်းဖြင့် သယ်ယူ ပို့ဆောင်ပေးရန် ဝယ်လိုအားသည်လည်း ပိုမိုမြင့်မားလာပါသည်။
စားသုံးသူများသည် ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်း၏ အရည်အသွေးနှင့် သယ်ယူပို့ဆောင်ရန် ကုန်ကျစရိတ်တို့အပေါ် အခြေခံ၍ ဆုံးဖြတ်ကြပါသည်။ မည်သည့်ပစ္စည်းကို ဝယ်ယူမည်ဆိုသည့် ဆုံးဖြတ်ချက်သည် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်နှင့် သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုကို အလွယ် တကူရရှိနိုင်မှုတို့နှင့် ဆက်စပ်နေပါသည်။
ထုတ်ကုန်ပစ္စည်းများကို မည်သည့်နေရာတွင် ရောင်းချရမည်ဆိုသည့် ဆုံးဖြတ်ချက်သည် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူများမှ ထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်နှင့် ထိုက်တန်အောင် ဈေးကွက်သို့ ပို့ဆောင်ပေးနိုင်သည့် အရည်အချင်းအပေါ် များစွာမူတည်နေပါသည်။
ကုန်ကြမ်းပစ္စည်းများကို မည်သည့်နေရာမှ ရယူရမည်ဆိုသည့် ဆုံးဖြတ်ချက်သည် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်အပေါ် မူတည်နေသည်။ ထို့အပြင် ကုန်ပစ္စည်းကို မည်မျှဈေးနှုန်း သတ်မှတ်မည်ဆိုသည့် ဆုံးဖြတ်ချက်သည်လည်း သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ပေါ်တွင် များစွာမူတည်နေပြီး တစ်ဖန် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်သည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် ရေရှည်တွင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အကျိုးသက်ရောက်မှု ရှိနေပြန်သည်။
သယ်ယူပို့ဆောင်မှကုန်ကျစရိတ်ကို လျော့ချနိုင်သည့်အခါ နိုင်ငံခြားရင်းနှီးမြှပ်နှုံမှုများ ပိုမိုဝင်ရောက် လာနိုင်သည့်အတွက် ပြည်ပပို့ကုန်ပမာဏမြင့်မားလာခြင်း၊ အဆင့်မြင့်နည်းပညာနှင့် အသိပညာများကို ရင်းနှီးကျွမ်းဝင်မှုရှိလာခြင်း၊ အလုပ်လက်မဲ့ အရေအတွက် ကိုလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ လည်းရရှိလာနိုင်ပါသည်။
သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွင် ပါဝင်နေသည့် အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပါ။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအတွက် တောင်းဆိုမှု (ဝယ်လိုအား)သည် ကုန်သွယ်မှုမှ ဆင်းသက်လာပြီး ကုန်သွယ်မှုတွင်ပင် ပို့ဆောင်ရေးကုန်ကျစရိတ်ကို သက်ရောက်နေသည့် အချက်များစွာ ရှိနေပါသည်။
ယေဘူယျအားဖြင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်သည် ဝန်ဆောင်မှုအပေါ် ရောင်းလိုအားနှင့် ဝယ်လိုအားတို့မှ အဆုံးအဖြတ်ပေးနေပါသည် သယ်ယူ ပို့ဆောင်ရေးစရိတ် လျော့နည်းပါက နောက်ဆုံးထုတ်လုပ်သည့် ကုန်ချောပစ္စည်း၏ တန်ဖိုးမှာ လျော့နည်းသွားသည့်အတွက် ကုန်သွယ်မှုပမာဏကို မြင့်တက်လာစေမည် ဖြစ်ပါသည်။
ထို့အပြင် ကုန်သွယ်မှုပမာဏကို မြှင့်တင်နိုင်ပါက ပမာဏများပြားစွာ သယ်ယူပို့ဆောင်ခြင်းဖြင့် ကုန်ပစ္စည်းတစ်ခုအတွက် ကုန်ကျစရိတ်ကို လျော့နည်းစေနိုင်ပြီး သင်္ဘောလုပ်ငန်း ဆောင်ရွက်မှုတွင် ယုံကြည်စိတ်ချရမှု၊ ထိရောက်မှုနှင့် ကြိမ်ဖန်များစွာ ဆောင်ရွက်မှုတို့ဖြင့် ကျွမ်းကျင်မှု ရရှိလာကာ ရေရှည် တွင် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကိုလျော့ချနိုင်မည်ဖြစ်ပါသည်။
Source : Shipping and logistics