ပနားမားတူးမြောင်းသည် ခန့်မှန်းခြေ ၈၀ ကီလိုမီတာခန့် ရှည်လျား၍ အတ္တလန်တစ်သမုဒ္ဓရာနှင့် ပစိဖိတ်သမုဒ္ဓရာ အကြားတွင် တည်ရှိသည်။ မြောက်အမေရိကနှင့် တောင်အမေရိကတိုက်ကြီးနှစ်ခု ဆက်စပ်နေသည့် အကျဉ်းမြောင်းဆုံး နေရာတွင် ရေလမ်းကြောင်းအဖြစ် ဖောက်လုပ် တည်ဆောက် ထားသည်။ ပနားမားတူးမြောင်း၏ အဝင်နှင့် အထွက်နေရာများတွင် အကန့်အလိုက် ခွဲခြားထားသော ရေထိန်းတံခါး စနစ်ကိုအသုံးပြုထားသည်။
ရေထိန်းတံခါးအတွင်းသို့ သင်္ဘောဝင်ရောက်ပြီးသည့်အခါ ရေများဖြည့်သွင်း လိုက်ခြင်းအားဖြင့် သင်္ဘောသည် ပင်လယ်ရေ မျက်နှာပြင် အထက်သို့ မြင့်တက် လာသည်။ ရေမျက်နှာပြင်သည် ဂါတွန်ရေကန် (Lake Gatun ) (ပင်လယ်ရေ မျက်နှာပြင်အထက်မှ ၂၆ မီတာအမြင့်) နှင့်ညီသွားသည့်အခါ သင်္ဘောသည် တူးမြောင်း တလျှောက် ဆက်လက်မောင်းနှင်သွားသည်။
ပနားမားတူးမြောင်းကို အရွယ်အစားကြီးမားသောသင်္ဘောများ ဝင်ရောက် ဖြတ်သန်း နိုင်ရန်အတွက် တတိယရေထိန်းတံခါးကို ထပ်မံတည်ဆောက်ကာ ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါရေထိန်းတံခါး၏ အတိုင်းအတာမှာ အရှည် ၄၂၇ မီတာ၊ အကျယ် ၅၅ မီတာ နှင့် ရေအနက် ၁၈.၃ မီတာရှိသည့်အတွက် အရှည် ၃၆၆ မီတာ၊ အကျယ် ၄၉ မီတာနှင့် ရေစူး ၁၅.၂ မီတာ အရွယ်အစားရှိသည့် ကုန်သေတ္တာ TEU ၁၃၀၀၀ တင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်သည်။
Source : Shipping and Logistics