ပထမဦးဆုံးထုတ်ပေးထားသော ကုန်တင်တန်ဆာ မူရင်းသုံးစောင် (တစ်စုံ) ကို သင်္ဘောလိုင်းသို့ ပြန်လည်အပ်နှံသည့်အခါ သင်္ဘောလိုင်းမှ ကုန်တင်တန်ဆာအသစ်တစ်စုံ ပြန်လည်ထုတ်ပေးခြင်း ဖြစ်ပါသည်။ မူလကုန်သွယ်သည့် အခြေအနေနှင့် အနေအထားပြောင်းလဲသွားသည့် အခါ Switch bills ကို ထုတ်ပေးရန်တောင်းဆိုလေ့ရှိပါသည်။ အချို့သောအကြောင်းရင်းများမှာ
• ကုန်စည်တင်ဆောင်လာသောသင်္ဘောသည် ပင်လယ်ပြင်တွင် သွားလာနေသည့်အချိန်တွင် ကုန်လက်ခံ ရယူမည့်သူမှ ကုန်ပစ္စည်းကို ရောင်းချလိုက်သည့်အခါ ကုန်ချဆိပ်ကမ်း ပြောင်းလဲသွားသည့်အခါ
• ကုန်ပစ္စည်းတင်ပို့သူ(ပို့ကုန်တင်ပို့သူ၏ကိုယ်စားလှယ်)သည် ကုန်တင်ပို့သူ၏ အမည်မှန်ကို ကုန်လက်ခံသူ မသိစေလိုသည့်အခါ (ဆိုလိုသည်မှာ ကုန်ထုတ်ယူသူသည် ကုန်တင်ပို့သူနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်မှုကို မပြုလုပ်စေသည့်အခါ)
• ကုန်ပစ္စည်းရောင်းချသူသည် ကုန်ပစ္စည်းမူလထုတ်လုပ်သည့်နိုင်ငံ (country of origin) ကို ကုန်ပစ္စည်း ဝယ်ယူသူအား မသိစေချင်သည့် အတွက် မူလတင်ပို့သည့်ဆိပ်ကမ်း port of loading အစား အခြားဆိပ်ကမ်းတစ်ခုကို ဖော်ပြပေးရန် တောင်းဆိုလာသည့်အခါ
သင်္ဘောလိုင်းနှင့် နေရာဒေသအကျုံးဝင်မှုတို့အပေါ် မူတည်၍ ကမ္ဘာတစ်ဝှမ်းလုံးမည်သည့်နေရာမဆို ကုန်တင်တန်ဆာကို လဲလှယ်နိုင်ပါသည်။ ဥပမာ New York မှ Antwerp သို့ ကုန်တင်ပို့ရာတွင် တင်ပို့လိုက်သည့်သင်္ဘောလိုင်း၏ရုံးခွဲသည် လန်ဒန်တွင်ရှိနေပါက လန်ဒန်တွင် ကုန်တင်တန်ဆာကို ပြောင်းလဲလဲလှယ် နိုင်ပါသည်။
ကုန်တင်တန်ဆာတွင် ပါဝင်သည့် သတင်းအချက်အလက်များကို ပြောင်းလဲဖော်ပြလိုက်သည့်အခါ ဥပဒေနှင့် ညီညွတ်မှု ရှိပါသလားဆိုသည့် မေးခွန်းပေါ်ပေါက်လာပါသည်။လိမ်ညာလှည့်ဖြားရန်ကြံရွယ်ချက် မပါပါက switch bill of lading ထုတ်ပေးသည့်ကိစ္စသည် အထူးပြောစရာ မရှိပါ။ ထိုသို့ထုတ်ပေးသည့် ကုန်တင်တန်ဆာသည် ဝယ်ယူသူအတွက် မမှန်ကန်သော သို့မဟုတ် လိမ်လည်လှည့်ဖြားထားသော စာရွက်စာတမ်းအဖြစ် နားလည်ခြင်း သို့မဟုတ် လက်ခံရရှိခြင်း မဟုတ်ပါက၊ မူလထုတ်ပေးသည့် ကုန်တင်တန်ဆာနှင့် အဓိကအချက်အလက်များတွင် ဆန့်ကျင်ခြင်း မရှိပါက အာမခံကုမ္ပဏီအများစုသည် ကုန်တင်တန်ဆာအပေါ်တွင် ပြင်ဆင်ခြင်းဟူ၍သာ မှတ်ယူကြပါသည်။
သင်္ဘောလိုင်းများ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ဖြစ်ပေါ်လာနိုင်သည့် လျော်ကြေး တောင်းဆိုမှုများ (possible claims) ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါသည်-
• switch bills of lading ထုတ်ပေးသည့်အခါ အာမခံအကာအကွယ် ရယူထားရန်
• ထိုသို့ထုတ်ပေးရသည့် တိကျသောအကြောင်းရင်းကိုလည်း အာမခံကုမ္ပဏီသို့အသိပေးထားရန်
• ထုတ်ပေးသောအဖွဲအစည်းသည် သင်္ဘောလိုင်းပင်ရင်း (principal) ၏ ကိုယ်စားလှယ် (acting as agents) အဖြစ်ဆောင်ရွက်ခြင်းဖြစ်ပါက principal ထံမှ စာဖြင့်ခွင့်ပြုချက်ရယူထားရန်
• မူလကုန်တင်တန်ဆာကို လက်ခံရယူပြီးမှသာ ဒုတိယကုန်တင်တန်ဆာတစ်စုံကို ထုတ်ပေးရန်
• switch bills of lading တွင် ပထမဦးဆုံးထုတ်ပေးသော အချက်အလက်နှင့် ကွဲပြား ခြားနားသည့် အချက်အလက်များမပါရှိစေရန် (ကုန်ပစ္စည်းအနေအထားနှင့် ပမာဏ ကွဲလွဲခြင်း)
• အကယ်၍ ထပ်မံထုတ်ပေးသည့် ကုန်တင်တန်ဆာတွင် နားလည်မှု သို့မဟုတ် ဘာသာပြန် ဆိုရာတွင် ကွဲလွဲမှုများ (misrepresentations) ရှိနိုင်ပါက သင်္ဘောလိုင်း သို့မဟုတ် ကိုယ်စားလှယ်သည် လျော်ကြေးကိစ္စများနှင့် ပါတ်သက်၍ ဒုက္ခရောက်နိုင်သည့်အနေအထား (at risk of claims) ရှိနိုင်ပါသည်။
အကယ်၍ ဖောက်သည်ထံမှ ငွေကြေးဆိုင်ရာ အာမခံချက် (indemnity) ကိုအခြေခံ၍ switch bill of lading ကို ထုတ်ပေးရန် principal မှ agent ကို အကြောင်းကြားလာသည့်အခါ ကုန်တင်တန်ဆာကို မထုတ်ပေးမီ မှန်ကန်သောစာသားနှင့်ပုံစံအတိုင်း ရေးသားထားသည့် indemnity ဖြစ်စေရေးနှင့် principal ထံမှ indemnity ကို အတည်ပြုနိုင်ရေး ဆောင်ရွက်ထားရန်လိုအပ်ပါသည်။
Source : Shipping and Logistics