သင်္ဘောတွေဟာ ရှေ့ကိုမောင်းသွား တဲ့အခါ ပုံမှန်ရေလှိုင်းတွေရဲ့ ရိုက်ခတ်မှု ကြောင့် ဖြစ်လာတဲ့ ခုခံမှု (Wave making resistance) ကြောင့် သင်္ဘောရဲ့အရှိန် လျော့ကျ သွားစေပါတယ်။
သင်္ဘောဦးမှာ အဖုပုံသဏ္ဍာန်အလုံး (Bulbous bow) ကိုတပ်လိုက်တဲ့ အခါ၊ ဒီ Bow က ရေကို ထိုးခွဲတာကြောင့် သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးထားသော ရေလှိုင်းလေးတွေ (artificial wave) ဖြစ်ပေါ်စေပါတယ်။အဲဒီ Bulbous bow ကြောင့်ဖြစ်ပေါ် လာတဲ့ ရေလှိုင်း (bulb wave) က၊ သင်္ဘောဦးကို ပုံမှန်လာတိုးတဲ့ရေလှိုင်း (natural bow wave) တွေကို၊ အရွယ်သေးငယ်သွားစေပြီး၊ ပုံမှန်လှိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှု (Wave making resistance) ကို လျော့နည်းသွားစေ သလို သင်္ဘောကိုယ်ထည်တစ်လျောက် လှိုင်းတွေရဲ့ ပွတ်တိုက်မှုကို လျော့နည်းသွားစေပါတယ်။
အစိမ်းရောင်ဖြင့်ဖော်ပြထားတဲ့လှိုင်းက သင်္ဘောရှေ့က လာတဲ့ သဘဝလှိုင်းဖြစ်ပြီး၊ အပြာရောင်လှိုင်းက အဖုပုံသဏ္ဍာန် သင်္ဘော ဦးကြောင့် ဖြစ်ပေါ်လာတဲ့လှိုင်းဖြစ်ပါတယ်။ အနီရောင်လှိုင်းကတာ့Bulbous ကြောင့်ဖြစ်လာတဲ့ ဒီ Bow wave နဲ့ သင်္ဘောရှေ့ကလာတဲ့ သဘာဝလှိုင်း Natural wave နဲ့ ပေါင်းစပ်ပြီး သေးငယ်သွားတဲ့ရေလှိုင်း (modified wave) ဖြစ်ပါတယ်။ ဒီ Bulbous bow ကြောင့် သဘာဝ ပင်လယ်လှိုင်းရဲ့အမြင့် ကိုအတော်အတန်လျော့ချပေးနိုင်တဲ့ အပြင်လှိုင်းတိုက်ခတ်မှုကြောင့် ဖြစ်စေ တဲ့ Wave making resistance နဲ့ သင်္ဘောကိုယ်ထည်ကိုပွတ်တိုက်မှုတို့ ကိုလျော့ကျစေပါတယ်။ ဒါကြောင့် သင်္ဘောအရှိန်နှုန်း (Ship speed) ပိုမြန်လာပြီး၊ အမြန်နုန်း အပြည့်ဖြင့်မောင်းပါ က ဆီစားနူန်းလည်း ၁၅% လောက် သက်သာသွားစေပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သင်္ဘာမောင်းလောင်စာဆီတွေ ဈေးတက်လာလို့ သင်္ဘောအမြန်နူန်းလျော့မောင်းတာက ပုံမှန်လိုဖြစ်နေပါပြီ။ သင်္ဘောလိုင်းတွေအတွက်ကတော့ သင်္ဘောခတွေဈေးကောင်းစဉ်က အခေါက်ရေများများရဖို့ (fast transit time) ကအရေးကြီးပါတယ်။ ဒါပေမဲ့ ကုန်သေတ္တာ သင်္ဘောခတွေဈေးကကျ၊ လောင်စာဆီဈေးကတက်လာတော့၊ သင်္ဘောအမြန်နူန်းထက်၊ ကုန်သေတ္တာတစ်လုံးစီအတွက်ကုန်ကျ စာရိတ် (per unit cost) သက်သာဖို့က ပိုအရေးကြီးလာပါတယ်။
ဒါ့အပြင် ကုန်သေတ္တာ သင်္ဘောလိုင်းတွေဟာ အသွား-အပြန် ၂ကြောင်းလုံး ကုန်အပြည့်ရတာမရှိဘူး၊ အပြန်တစ်ကြောင်းမှာ ကုန်သေတ္တာအခွံလွတ်တွေသယ်လာရတာကြောင့် သင်္ဘောဟာရေစူးအပြည့်ကုန်သယ်ရတာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင်္ဘော ဦးပိုင်းမှာ တပ်ထားတဲ့ အဖုပုံသဏ္ဍာန် အလုံးကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေဟာ ဆုတ်ယုတ် လျော့ပါးသွားပါတယ်။ အမြန်နူန်းလျော့မောင်းသည့်အတွက် အဖုပုံသဏ္ဍန် သင်္ဘောဦး ပုံစံဒီဇိုင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများသည် မူလ ရည်ရွယ်သည့်အတိုင်းဖြစ်မလာဘဲ တစ်လွဲတွေဖြစ်လာ ပါတယ်။ ဒါကြောင့် ၂၀၀၀ ခုနှစ် အစော်ပိုင်းကာလတွေက တည်ဆောက်ထားတဲ့ ကုန်သေတ္တာ သင်္ဘောတွေရဲ့ အဖု ပုံသဏ္ဍန် သင်္ဘောဦးပုံစံဒီဇိုင်းကို ပြန်လည်ပြုပြင်ကြပါတယ်။
ပြင်သစ်အခြေစိုက် CMA CGM သင်္ဘောလိုင်းဟာ TEU 22,000 အထိသယ်နိုင်တဲ့ အရွယ်လွန်ဧရာမ ကုန်သေတ္တာသင်္ဘော (Ultra Large Container Ship) ၉စီးကို တရုတ်သင်္ဘောကျင်းတွေမှာအပ်နှံထားရာ၊ ပြီးခဲ့တဲ့ရက်သတ္တပါတ်က Hudong Zhonghua သင်္ဘောကျင်းက သင်္ဘော၂စီး စတင်တည်ဆောက်သည့်အခမ်းအနားတွင် သင်္ဘောပုံစံကိုထုတ်ဖော်ပြသခဲ့ပါတယ်။ တည်ဆောက်မယ့် သင်္ဘောကြီးတွေဟာ သင်္ဘောဦးပိုင်း တွင် အဖုပုံသဏ္ဍာန် အလုံးကြီးမပါတော့ဘဲ ဆွဲသင်္ဘော (tug boat) ပုံစံ သင်္ဘောဦးအနေဖြင့်တည်ဆောက်မှာဖြစ်ပါတယ်။ အတန်း row ၂၄တန်း အထိတင်နိုင်ပါတယ်။
အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နယ်ခြား Great Lakes ရေကန်ကြီး ၅ ကန်နှင့် Saint Laurence seaway တွင်ပြေးဆွဲသော သင်္ဘောများတွင်လည်း သင်္ဘောဦးတွင် အဖု Bulbous bow များမပါရှိပါ ။ ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုတော့ CMA CGM သင်္ဘောလိုင်းအနေဖြင့်အနာဂတ်တွင် သင်္ဘောအမြန်နူန်းလျော့မောင်းရန် သန္နိဌာန်ချထားပုံပေါ်ပါတယ်။ ဒါအပြင် အခုတည်ဆောက်တော့မယ့် သင်္ဘောကြီးတွေဟာ LNG လောင်စာ ကိုအသုံးပြု မှာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်(IMO) က သင်္ဘောလောင်စာဆီများတွင် Sulphur ပါဝင်မှု ၀.၅% (5,000 ppm) ထက်မများရန်စည်းကမ်း သတ်မှတ်ချက် ဟာ ၂၀၂၀ ဇန်နဝါရီလ ၁ ရက် မှာစတင် အာဏာ တည်မှာဖြစ်ပါတယ်။လက်ရှိ IMO ရဲ့ စည်းကမ်းသတ်မှတ်ချက်ကတော့ 3.5% (35,000 ppm) ထက်မပိုရပါဘူး။ လက်ရှိ Sulphur content 3.5% ပါတဲ့ သင်္ဘောမောင်းဆီ (IFO 380 CST) ရဲ့ဈေးက တစ်တန်ကို ၄၄၀ ဝန်းကျင်ပေါက်နေပြီး၊ Sulphur content 0.5% ထက်မများတဲ့ လောင်စာဆီဆိုပါက တစ်တန်ကို ဒေါ်လာ ၁၅၀ က ၂၅၀ လောက်ထိ ပိုပေးရပါလိမ့်မယ်။ သင်္ဘောလိုင်းတွေအနေနဲ့ ပိုဈေးကြီးတဲ့ လောင်စာဆီကို သုံးရမှာဖြစ်လို့ လောင်စာဆီ အတွက် ၅၀%လောက် ပိုကုန်ကျတော့မှာဖြစ်ပါတယ်။
အဆိုပါ သင်္ဘောကြီး၂ စီးကို ၂၀၁၉ အတွင်းမှာတည်ဆောက်ပြီးစီးပြီး ရေချနိုင်လိမ့်မယ်လို့မျှော်မှန်းထားပါ တယ်။ အဲဒီအချိန်ဆိုရင် လက်ရှိ အကြီးဆုံး ကုန်သေတ္တာ သင်္ဘောကြီး ဖြစ်တဲ့ TEU 21413 တင်ဆောင်နိုင်တဲ့ OOCL Hong Kong ရဲ့စံချိန်ကို ချိုးသွားမှာဖြစ်ပါတယ်။ သင်္ဘောလုပ်ငန်း သုတေသနအဖွဲ့ဖြစ်တဲ့ Alphaliner ရဲ့ အဆိုအရ အာရှ-ဥရောပ လမ်းကြောင်းမှာ လက်ရှိပြေးဆွဲနေသော TEU 14,000 နဲ့ 20,000 အကြားရှိတဲ့ အရွယ်လွန်ကုန်သေတ္တာ သင်္ဘောကြီး ၅၉စီး ရှိပါတယ်။
Source : Thant Zin