ကုလသမဂ္ဂ အရေးယူပိတ်ဆို့ခြင်း ခံထားရသည့် မြောက်ကိုရီးယား နိုင်ငံနှင့် အဆက်အသွယ် ပြုလုပ်သည်ဟု သံသယရှိကြောင်း အောက်ပါ သင်္ဘော ၉ စီးအား Office of Foreign Assets Control (OFAC) မှ တရားဝင် ထုတ်ပြန်လိုက်သဖြင့် အောက်ပါ သင်္ဘောများတွင် သွားရောက် တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း Department of Maritime Administration (DMA) အသိပေးတဲ့ ၂၀၁၈ ဧပြီလ ၉ ရက်စွဲဖြင့် ဖြန့်ဝေစာကို ဖတ်လိုက်ရပါတယ်။ တရုတ်နဲ့ ကိုရီးယား နိုင်ငံတွေမှာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့ခြင်း ခံထားရတဲ့ မြောက်ကိုရီးယား နိုင်ငံပိုင်သင်္ဘော တွေ နဲ့ ကုန်သွယ်လို့ ဆိုပြီး မြန်မာသင်္ဘောသားတွေ အများကြီး အထိန်းသိမ်းခံနေရကြောင်းလည်း Social media မှာဖတ်ရပါတယ်။
အဲဒါနဲပါတ်သက်ပြီး တစ္ဆေ သင်္ဘောလိမ်လည်မှုအကြောင်းလေး ဗဟုသုတအဖြစ် မျှဝေလိုပါတယ်။ တစ္ဆေ သင်္ဘော လိမ်လည်မှု ဆိုတာ ဂိုဏ်းဖွဲ့ ပြီးကျူးလွန်တဲ့ ရှုပ်ထွေးသောလိမ်လည်မှုဖြစ်ပြီးသင်္ဘော တစ်စီး လုံးစာကုန်တွေကိုအပျောက်ရိုက်တာပါ။တစ္ဆေ သင်္ဘော လိမ်လည်မှု တွေဟာ ၁၉၈၀ ခုနှစ် များနှင့် ၁၉၉၀ ခုနစ်များ တွင် အင်ဒိုနီးရှား၊ မလေးရှား ၊ ထိုင်း၊ ဖိလစ်ပိုင် ၊ တရုတ် နိုင်ငံ အနီးတဝိုက် စတဲ့ အရှေ့အာရှဒေသတွင်ပုံမှန် ဖြစ်ပွားခဲ့ပါတယ်။တစ္ဆေ သင်္ဘောလိမ်လည်မှုနှင့် ပါတ်သက်ပြီး ရေကြောင်းအာမခံလောက မှာ ထင်ရှားတဲ့အမှုတစ်ခုအကြောင်း မျှဝေချင်ပါတယ်။ အဲဒီအမှုက "Shell Petroleum International Co Ltd v Caryl Antony Vaughan Gibbs (The Salem)" ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ် နိုဝင်ဘာလ တွင်လူလိမ်တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ American Polomax International (API)ဆိုတဲ့ ကုမ္ပဏီ အသုံးချ ပြီး၊ တောင်အာဖရိကနိုင်ငံ Strategic Fuel Fund (SFF) ကို ဆော်ဒီအာရေဗျ ရေနံစိမ်း စည်ပေါင်း ၁.၅သန်း ကို အမေရိကန် ဒေါ်လာ ၅၆သန်းနဲ့ ရောင်းချရန် သဘောတူခဲ့ပါတယ်။ ရေနံစိမ်း တွေကို တောင်အာဖရိကနိုင်ငံ Durban ဆိပ်ကမ်း တွင် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ မှာ ကုန်အပ်နှံရမှာဖြစ်ပါတယ်။ ငွေလွဲစာတမ်း စနစ်ဖြင့် ငွေချေရမှာဖြစ်ပြီး SFF က US$ 12.3 သန်းကြိုတင်ပေးချေထားရမှာဖြစ်ပါတယ်။ ကျန်ငွေ ကို ရေနံစိမ်းတွေ Durban ဆိပ်ကမ်း ရောက်တဲ့အခါမှသာ ပေးချေရမှာဖြစ်ပါတယ်။
လူလိမ် တွေက တန်ချိန် ၂၀၀,၀၀၀ ဆန့် ရေနံတင် သင်္ဘော ကြီး "The South Sun"ကိုဝယ်ယူပြီး ၊ ဒီဇင်ဘာလ (၃) ရက် ၁၉၇၉ မှာ၊ The Salem ဆိုတဲ့ အမည်နဲ့ မှတ်ပုံတင်အသစ်ပြန်လုပ်ပါတယ်။ (Phantom ship အဖြစ်အသုံးပြုမယ့် သင်္ဘောတွေကို သင်္ဘောဖျက်မယ့် သင်္ဘောကျင်းတွေကနေ သံကျွပ်အလေးချိန် (Light Displacement Tonnage) ဖြင့် တစ်စီးကို ဒေါ်လာ ၄၊ ၅၊ ၁၀ သိန်းလောက်နဲ့ဝယ်ကြပါတယ်။ တရုတ်နိုင်ငံက သင်္ဘောဖျက်တဲ့ သင်္ဘောကျင်းတွေရဲ့ ယခုအချိန် သံကျွပ်ဈေးက တစ်တန်ကို ဒေါ်လာ၂၅၀ ဝန်းကျင်ပေါက်နေပါတယ်။) မှတ်ပုံတင်ကိုတော့ လူလိမ် တွေထိန်းချုပ်ထားတဲ့ လိုင်ဘေးရီးယား ကုမ္ပဏီ တစ်ခုဖြစ်သည့် Oxford Shipping Co. Inc. အမည်နဲ့ မှတ်ပုံတင်တာဖြစ်ပါတယ်။
အဲ့ဒီနောက် လူလိမ်တွေက ပါရှန်းပင်လယ်ကွေ့မှာ ရေနံစိမ်းတင်ပြီး ဥရောပတိုက်နဲ့ ကာရစ်ဘီယန်မှာကုန်ချလိုတဲ့သူတွေ ကို သင်္ဘော အငှါးလိုက်လိုကြောင်း ဈေးကွက်မှာ Offer တင်လိုက်ပါတယ်။ အဲ့ဒီ Offer ကို ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့က Pontoil SA ကုမ္ပဏီ က သူဝယ်မယ့် ရေနံစိမ်းတွေသယ်ပေးဖို့ လက်ခံလိုက်ပါတယ်။ Pontoil ကုမ္ပဏီက ဒီလိမ်လည်မှုနဲ့ ဘာမျှ မပါတ်သက်ပါဘူး။ Pontoil ကလည်း ၊ ကူဝိတ်ရေနံ ကုမ္ပဏီနှင့် ရေနံစိမ်း တန် ၂၀၀,၀၀၀ ကို Free on Board (FOB) Kuwait term နဲ့ဝယ်ဖို့ အရောင်း အဝယ် Contract လုပ်ထားပြီးပါပြီ။ FOB Term အရ ရေနံ သယ်ဖို့ ဝယ်သူ Pontoil က ကူဝိတ်ဆိပ်ကမ်း ကိုရေနံတင် သင်္ဘော လွတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် The Salem သင်္ဘော ကို ကူဝိတ် မှ ရေနံစိမ်းတင်ပြီး ဥရောပတိုက်သို့ ခရီးစဉ် တစ်ခေါက်အတွက် သင်္ဘော ငှါးလိုက်ပါတယ်။
သင်္ဘော ဟာ တန်ချိန် ၂၀၀,၀၀၀ ကျော်လို့ ဆူးအက်တူးမြောင်းကို ဖြတ်လို့မရဘဲ တောင်အာဖရိက Cape of Good Hope အငူကိုပတ်ပြီး ၊ ဥရောပ ကိုသွားရမှာဖြစ်ပါတယ်။ သင်္ဘောခကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ရဲ့လိပ်စာကိုဖော်ပြထားတဲ့ မမှန်မကန် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Shipomex SA အမည်နဲ့ ဆွစ်ဇာလန်ဘဏ်ကိုပေးပို့ခိုင်းပါတယ်။
The Salem သင်္ဘော ဟာ သင်္ဘော ငှါး သူ၏ ညွှန်ကြားချက်အရ ကူဝိတ်နိုင်ငံ Mina Al Ahmad ဆိပ်ကမ်းကိုကုန်တင်ဖို့ရောက်ရှိလာပါတယ်။ အဲ့ဒီ ဆိပ်ကမ်းမှာလက်ရှိလူဟောင်း Crew ကို လူလိမ်တွေရဲ့ သင်္ဘော Crew အသစ်နဲ့ အစားထိုးလဲလှယ်ပါတယ်။ Crew အသစ်မှာ အရာရှိက ဂရိတွေဖြစ်ပြီး အခြားအဆင့်တွေက တူနီးရှားတွေဖြစ်ပါတယ်။
ကူဝိတ် ဆိပ်ကမ်း ကနေပြီး၊ ရေနံစိမ်း တန်ချိန် ၁၉၅,၀၀၀ တန်သယ်ပြီး The Salem သင်္ဘော ဟာ အီတလီနိုင်ငံ Genoa ဆိပ်ကမ်းကိုသွားရမှာဖြစ်ပါတယ်။ သင်္ဘော ကုန်တင်တန်ဆာမှာ ကုန်လက်ခံမည့်သူ Consignee နေရာမှာ "to the order of Pontoil SA Lausanne" လို့ဖော်ပြထားပါတယ်။ Pontoil က ရေနံစိမ်း တွေအတွက် အာမခံပေါ်လစီ (Lloyd´s SG Policy) ကိုဝယ်လိုက်ပါတယ်။ (အဲ့ဒီ အချိန် တုန်းက Ship and Goods Policy ဘဲရှိပါသေးတယ်။Institute Cargo Clause တွေက ၁၉၈၀မှ စပေါ်တာပါ။
သင်္ဘော ထွက်သွား တဲ့အခါ Pontoil ကုမ္ပဏီက ရေနံစိမ်းတွေကို Shell ကုမ္ပဏီအား Cost Insurance Freight (CIF) Term နဲ့ရောင်းလိုက်ပါတယ်။ ဒါကြောင့် အာမခံ ပေါ်လစီကို Shell ကုမ္ပဏီအား (assignee) လွဲပေးပါတယ်။ The Salem ဟာ တောင်အာဖရိက Durban ဆိပ်ကမ်း ကိုခုတ်မောင်းပြီး၊ API နဲ့ တောင်အာဖရိက SFF တို့၏ ရေနံစိမ်း အရောင်းအဝယ် ပဋိညာဉ် အရ ရေနံစိမ်း တန်ချိန် ၁၈၀,၀၀၀ ကို Durban ကမ်းလွန်မှာ ချပေးလိုက်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ အတွင်း Durban သို့အသွား လမ်းခရီး မှာ သင်္ဘော အမည်ကို The Salem မှ The Lema သို့ပြောင်းထားလိုက်ပါ တယ်။ တောင်အာဖရိက SFF ကလည်း ရေနံစိမ်းဖိုး ပေးရန်ကျန်ငွေကို လူလိမ်တွေရဲ့ ဆွစ်ဇာလန်မှာရှိတဲ့ဘဏ်စာရင်းတွေထဲကိုပြောင်း ထည့်ပေးလိုက်ပါတယ်။ သင်္ဘောဟာ ၁၉၈၀ ဇန်န၀ါရီ လ (၂) ရက် မှာ Durban ဆိပ်ကမ်း မှနေပြီးလက်ကျန် ရေနံစိမ်း ၁၅၈၄၀ တန်ဖြင့် ထွက်ခွာလာပါတယ်။ သင်္ဘောရဲ့ ရေနံ လှောင်ကန်တွေထဲကို ပင်လယ်ရေတွေဖြည့်ပြီး သင်္ဘော ကိုကုန်အပြည့်တင်ထားတဲ့ပုံဖမ်းထားခဲ့ပါတယ်။
ဆီနီဂေါကမ်းလွန်မှာ သင်္ဘောမာလိန်မှူးနဲ့ သင်္ဘောသားတွေဟာ လူလိမ်တွေရဲ့ညွှန်ကြားချက်အရ သင်္ဘောကိုစွန့်ခွာပြီး ရေဖြည့် နှစ်မြုပ် ပြစ်ခဲ့ပါတယ်။ရေနံစိမ်းပိုင်ရှင် Shell ကုမ္ပဏီ က သူရဲ့ အာမခံ ပေါလစီအရ အာမခံကုမ္ပဏီ ထံက လျော်ကြေး တောင်းပါတယ်။ အာမခံကုမ္ပဏီက စုံစမ်းတဲ့အခါ ကယ်ဆယ်ရေးအဖွဲ့တွေက သင်္ဘောအရာရှိ နဲ့ အမှူထမ်းတွေကို အသက်ကယ်လှေ မှ ကယ်ယူစဉ်မှာ သူတို့နဲ့ အတူ ခရီးဆောင်လက်ဆွဲအိတ်တွေပါတွေ့ရလို့ ဘေးအန္တရာယ် တွေ့ကြုံခဲ့ရတယ်ဆိုတာ သံသယဝင်စရာဖြစ်ခဲ့ပြီး သင်္ဘောသားတွေကိုစစ်ဆေးရာမှ လိမ်လည်မှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အာမခံကုမ္ပဏီက ရေနံစိမ်းတွေအတွက်လျော်ကြေးပေးဖို့ငြင်းဆန်ပါတယ်။ နောက်ဆုံး တရားတပေါင် ဖြစ်ကြတော့ အယူခံတရားရုံးက ဆုံးဖြတ်ပေးရာတွင် ကုန်စည်ကို ၂ သုတ် ခွဲလိုက်ပါတယ်။ သင်္ဘော နှစ်မြှုပ်စဉ် တစ်ပါတည်း ပါသွားတဲ့ ရေနံစိမ်း ၁၅၈၄၀ တန်ကို အာမခံပေါလစီတွင် အကျုံးဝင် တဲ့ ဘေးအန္တရာယ် (insured risks) ဖြစ်တဲ့ ပင်လယ်ပြင်ဘေးအန္တရာယ် (peril of the sea) အရလျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လူလိမ်တွေအလွဲသုံးစားလုပ်သွားတဲ့ ရေနံစိမ်းတန် ၁၈၀,၀၀၀ ကတော့ အာမခံ ပေါလစီတွင်အကျုံးမဝင်လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
၁၉၀၆ ရေကြောင်းအာမခံအက်ဥပဒေ ပုဒ်မ ၄၄ မှာ ပြဌာန်းထားတာက "သင်္ဘော ဦးတည်ထွက်ခွာသည့်ဆိပ်ကမ်းသည် အာမခံပေါလစီ တွင်ဖော်ပြထားသည့် ဆိပ်ကမ်း မဟုတ်ပါက အာမခံထားသည့် ဘေးအန္တရာယ်နှင့်အကျုံးမဝင်ပါ" လို့ဖော်ပြထားပါတယ်။
MIA Section 44: Sailing for different destination-
Where the destination is specified in the policy, and the ship, instead of sailing for that destination, sails for any other destination, the risk does not attach.
(အာမခံ နဲ့ ပြောစရာတွေ အများကြီး ရှိပေမဲ့ စာရှည်မှာစိုးလို့ ချန်ခဲ့ပါမယ်။)
အခြားထင်ရှားတဲ့ တစ္ဆေ သင်္ဘောလိမ်လည်မှုတွေကတော့ ၁၉၉၉ခုနှစ် မတ်လ ကဖြစ်ခဲ့တဲ့ MV Prestrioka ဖြစ်ပြီး မြန်မာ သင်္ဘောသား Mr. Aung ဟာ ဟောင်ကောင် အယူခံတရားရုံးမှာ သက်သေထွက်ဆိုခဲ့ရပါတယ်။ နောက်တစ်မှူက MV Jahan ဖြစ်ပြီး မြန်မာ သင်္ဘောသားတစ်ဦးပါဝင်ပါတယ်။
တစ္ဆေ သင်္ဘောလိမ်လည်မှူများဟာ ထောင်စုနှစ်နောက်ပိုင်းတွင် လျော့နည်း သွားသော်လည်း၊ လုံးဝ ပပျောက်သွားပြီ လို့တော့မဆိုနိုင်သေးပါဘူး။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ကလည်း တစ္ဆေ သင်္ဘော လိမ်လည်မှု တွေလျော့နည်းသွားစေဖို့ အားထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Safety Of Live At Sea (SOLAS) Convention 1974 Chaptet XI-1 :
၁။Resolution 19 အရ သင်္ဘောတွေမှာ Automatic Information System (AIS) တပ်ဆင်ဖို့၊
၂။ Resolution 3 အရ IMO ၏ ship identification number ကို အမြဲတမ်း မပျက်သည့်အမှတ်အသားဖြင့် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။
၁၉၈၇ ခုနှစ်တွင် IMO Resolution A. 600 (15) အရ ship identification number ကိုစတင်အသုံးပြုခဲ့တာ ဖြစ်ပြီး သင်္ဘောမှတ်ပုံတင်ပြောင်းသွားသော်လည်း ထာဝရမပြောင်းလဲတော့ဘဲ၊ သင်္ဘောနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းအားလုံးတွင်ဖော်ပြ ရပါတယ်။
IMO ship identification numbers ကြောင့် ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ တစ္ဆေ သင်္ဘောလိမ်လည်မှူကျုးလွန်ဖို့အတွက်ကြုံရာကျပန်း သင်္ဘော တွေကိုအသုံးပြုဖို့ခက်ကုန်ပါတယ်။
Source : Thant Zin