ဂျပန်နိုင်ငံ ချေးငွေကန်ဒေါ်လာ သန်း ၂၀ဝဖြင့် တည်ဆောက်ထားသည့် ဧက ၄၀ရှိ TMIT ဆိပ်ကမ်း လုပ်ကွက်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဂျပန် Kamigumi ကုမ္ပဏီအား ၃၈ နှစ်လုပ်ငန်းလုပ် ကိုင်ခွင့်ပြုခဲ့သည်။
အဆိုပါ ဆိပ်ကမ်းသည် သီလဝါဆိပ်ကမ်းဒေသရှိ လုပ်ကွက် အမှတ် ၂၅ နှင့် ၂၆တွင်တည်ရှိပြီး ၂၀၁၆ တွင် စတင်ဆောက်လုပ်၍ ၂၀၁၈တွင် ပြီးစီးခဲ့သည်။အဆိုပါ ဆိပ်ကမ်းနေရာကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီသို့ လည်ပတ်လုပ် ကိုင်ခွင့်ပြုခြင်းဖြစ်သည်။TMIT- Thilawa Multipu -rpose International Terminal ဆိပ်ကမ်းသည် တစ်နှစ်လျှင် ကုန်သေတ္တာ ၂၄၀,၀၀၀ကိုကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဘက်စုံသုံး ဆိပ်ကမ်းတစ်ခုဖြစ်ကာ မီတာ ၂၀၀ အရှည်ရှိသည်။
အဆိုပါ ဆိပ်ကမ်းတည် ဆောက်ရေးအတွက် JICA က ချေးငွေထောက်ပံ့ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ၂၀၁၃ တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ ဆိပ်ကမ်းတည်ဆောက်ရန် ၂၀၁၅ ဒီ ဇင်ဘာနှင့် ၂၀၁၇ မတ်လတွင် ကန်ထရိုက်လုပ်ငန်းစာချုပ်များ အသီးသီးလက်မှတ်ရေးထိုးခဲ့သည်။
Kamigumi ကုမ္ပဏီသည် ဂျပန်အခြေစိုက် သယ်ယူထောက်ပံ့ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆိပ်ကမ်းကုန်တင်ကုန်ချ လုပ်ကိုင်ခွင့်ရထားသည်။ထို့အပြင် Kamigumi ကုမ္ပဏီသည် ဧက ၂ဝ ကျယ်ဝန်းသည့် လုပ်ကွက်အမှတ် ၃၀ နှင့် ၃၁ တွင်လည်းဆိပ်ကမ်းလုပ်ငန်း များတိုးချဲ့ခဲ့ပြီး International Bulk Terminal Thilawa-IBTT ဆိပ်ကမ်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ ထိုဆိပ်ကမ်းကို အဆိုပါဂျပန်ကုမ္ပဏီက ရှယ်ယာ၂၅ ရာခိုင်နှုန်းနှင့် Lluvia ကုမ္ပဏီကရှယ်ယာ၇၅ရာ ခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ထို့ပြင် သီလဝါဆိပ်ကမ်းတွင် မီတာ ၆ဝဝ ရှည်လျားသည့် ဆိပ်ခံတံတားစီမံကိန်းကို ပြည်တွင်းကုမ္ပဏီ သုံးခုက ပူးပေါင်းဆောင်ရွက်နေပြီး ၂၀၂၀ ၌အပြီး သတ်မည်ဟုကြေညာထားသည်။
သီလဝါတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက် ၃၇ ကွက် မြေယာဖော်ထုတ်ထားပြီး ၂၇ ကွက်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးထားသည်။ ကျန်အကွက်များအနက် အချို့ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဂျပန်ချေးငွေဖြင့် ဆိပ်ကမ်းများတည်ဆောက်နေခြင်း ဖြစ်သည်။
ReadMore - သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်
Source : 7 Day Daily