ကျောက်မီးသွေးနှင့် သံသတ္ထု ရိုင်းတင်ဝမ်းပုံ သင်္ဘော အစီး ၃၀၀ ကျော်ဟာ တရုတ် နှင့် သြစတေးလျနိုင်ငံ ဆိပ်ကမ်း ဧရိယာပြင်ပမှာ ဆိပ်ကမ်း ဆိုက်ကပ် နိုင်ရန် စောင့်ဆိုင်းနေကြသဖြင့် ရေကြောင်း ပိတ်ဆို့  မှုဖြစ်နေတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။
သြစတေးလျ နိုင်ငံ ဆိပ်ကမ်း တွေမှာကျောက်မီးသွေးနှင့်သံသတ္ထု ရိုင်းတင်ဘို့ စောင့်နေတဲ့ သင်္ဘော တွေကို အစွန်းချင်းထိဆက်လိုက်ပါက မိုင် ၄၀ လောက်တောင်ရှည်နိုင်တယ်လို့ဆိုပါတယ်။Cape-size အရွယ် သင်္ဘော တွေကို ငှါးရမ်း သူတွေအနေနှင့် ဆိပ်ကမ်း ကပ်ဘို့ ၄၅ ရက်လောက်စောင့်ဆိုင်းရတဲ့အတွက် ရက်လွန်ကြေး (demurrage) သင်္ဘော တစ်စီးကို ဒေါ်လာ တစ်သန်းလောက် သင်္ဘော ပိုင်ရှင် တွေကိုပေးနေရတယ်လို့ဆိုပါတယ်။( တစ်ရက်ကို ဒေါ်လာ ၂၃၀၀၀ လောက်ပေးရပါတယ်။)
သင်္ဘော ကိုခရီးစဉ် တစ်ခေါက်ချင်းအလိုက်ငှါးရမ်းမှု (Voyage Charter) ဖြင့်ငှါးရမ်းပါက ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချရန် သင်္ဘောပိုင်ရှင်က သင်္ဘောဌားရမ်းသူကို ခွင့်ပြုပေးထားသည့်အချိန်ကာလ (Laytime) ထက်ပိုမိုကြန့်ကြာပါက ရက်လွန်ကြေး တနည်း ဒဏ်ကြေး (Demurrage) ကို သင်္ဘောပိုင်ရှင်ကိုပေးရပါတယ်။ ခွင့်ပြုပေးထားတဲ့ အချိန်ထက်စောပြီးပါက ပိုတဲ့ရက်အတွက် သင်္ဘောပိုင်ရှင်က သင်္ဘော ဌားသူ ကိုဆုကြေးသဘောမျိုး ပြန်ပေးငွေကို Despatch လို့ခေါ်ပါတယ်။ နူန်းထားကတော့ Demurrage ကြေးရဲ့ တစ်ဝက်နူန်းဖြစ်ပါတယ်။ အချို့ သင်္ဘောပိုင်ရှင်တွေကတော့ Demurrage သာတောင်းတယ်၊ Despatch တော့ မပေးကြောင်း စာချုပ်မှာထည့်ချုပ်ကြတာလည်းရှိ ပါတယ်။
တန်ချိန် ၁၈၀၀၀၀ တင်နိုင်တဲ့ Capesize အရွယ် သင်္ဘော တစ်စီးအား သြစတေးလျ ဆိပ်ကမ်း မှ တရုတ် နိုင်ငံ ဆိပ်ကမ်း သို့ Voyage Charter ဖြင့် သင်္ဘော ငှါးခ မှာ ဒီဇင်ဘာလ ၁၂ရက်နေ့က ကုန်တစ်တန်ကို $၁၀ ပေါက်ပါတယ်။( အချိန်ဖြင့်ငှါးရမ်းသည့် Time Charter equivalent နှုန်းဖြင့် ဆိုပါက တစ်ရက်လျှင် $၂၈၀၀၀ ရှိပါတယ်။)
ခရီးစဉ် တစ်ခေါက်ချင်း သင်္ဘော ငှါးရမ်း သည့် Voyage Charter တွင်လည်း (၂ )မျိုးရှိပါတယ်။ စာချုပ် တွင်ကုန်တင်ကုန်ချ မည့် ဆိပ်ကမ်း အမည်ကို သာဖော်ပြပါက (ဥပမာ Port of Loading: Yangon ) ထိုစာချုပ်ကို Port Charter ဟုခေါ်ပြီး ဆိပ်ခံ တံတား အမည်ကို ပါဖော်ပြထားပါက (ဥပမာ Hteedan Coal Berth) Berth Charter ဟုခေါ်ပါသည်။ (ယခုအခါ ထီးတန်းကျောက်မီးသွေး ဆိပ်ခံ တံတား မှာမရှိတော့ဘဲ အဆိုပါ နေရာတွင် Hteeden Port Terminal တည်ဆောက်ထားပါတယ်။)
Port Charter ဆိုပါက သင်္ဘော သည် ဆိပ်ကမ်း ဧရိယာနယ်မြေအတွင်း သင်္ဘော များ ဆိပ်ကမ်းကပ်ရန် ပုံမှန် စောင့်ဆိုင်းနေကျ နေရာသို့ရောက်ရှိ ကျောက်ချပြီး ပါက ကုန်တင်ကုန်ချ ရန် အသင့်ဖြစ်ကြောင်း Notice of Readiness ကို သင်္ဘော မာလိန်မှုး မှ သင်္ဘော ငှါးရမ်း သူ (သို့) ကုန်တင်မည့်သူ(သို့) ကုန်လက်ခံမည်သူကို ပေးအပ်နိုင်ပါတယ်။ ထိုအချိန်မှစ၍ ကုန်တင်ကုန်ချ ရန်ခွင့်ပြုပေးထားသော အချိန် (Laytime) ကိုစတင်ရေတွက်ပါသည်။ ဆိပ်ကမ်း တံတား မအား၍ သင်္ဘော မကပ်နိုင်ဘဲ ကြန့်ကြာပါက သင်္ဘော ပိုင်ရှင် နှင့် မသက်ဆိုင်တော့ပါ။ ကုန်တင်/ကုန်ချရန်ခွင့်ပြုပေးထားသောရက်(Laytime) ထက်ကျော်ပါက ရက်လွန်ကြေး(demmurage)ကို ကြိုတင်သဘောတူထားသည့်နူန်းအတိုင်း သင်္ဘောဌားရမ်းသူကပေးချေရန်တာဝန်ရှိပါတယ်။ ရန်ကုန် ဆိပ်ကမ်း တွင် ရေကြောင်းပြစခန်း(Pilot Station) ၌ သင်္ဘော များ (ဆိပ်ခံ တံတား မအားပါက) ပုံမှန် အားဖြင့် စောင့်ဆိုင်းရပါတယ်။
Berth Charter ဆိုပါက သင်္ဘော သည် ဆိပ်ခံတံတား သို့ကပ်ပြီးမှသာ Notice of Readiness ကို သင်္ဘော ငှါးရမ်း သူသို့ပေးအပ်ရပြီး ထိုအချိန်မှစ၍ Laytime စတွက်ပါတယ်။ အကယ်၍ ဆိပ်ခံ တံတား မအား၍ သင်္ဘောသည်ကျောက်ချစောင့်ဆိုင်းနေရပါက ကြန့်ကြာမှုသည် သင်္ဘော ငှါးရမ်းသူအပေါ်ထိခိုက်မှုမရှိတော့ဘဲ သင်္ဘော ပိုင်ရှင်နှင့်သာသက်ဆိုင်ပါတယ်။
အကယ်၍ Berth Charter တွင်စာချုပ်ပေါ်၌ WIBON (Whether In Berth Or Not) ဆိုသော အတိုကောက်စကားလုံးပါရှိပါက (အဓိပ္ပါယ် မှာ ဆိပ်ခံတံတား မအား၍ သင်္ဘော သည် တံတားတွင် ကပ်သည်ဖြစ်စေ မကပ်သည်ဖြစ်စေ) မာလိန်မှူးအနေဖြင့် Notice of Readiness ကိုပေးအပ်နိုင်ပြီး Laytime စတွက်ပါတယ်။ တနည်းအားဖြင့် Berth Charter ဟာ Port Charter ဖြစ်သွားပါတယ်။
WIPON (Whether In Port Or Not) ဆိုတဲ့ ထူးခြားတဲ့ term လည်းရှိပါတယ်။ အသုံးနည်းပါတယ်။ အဒီ term အရ သင်္ဘောသည် ဆိပ်ကမ်းဧရိယာ အတွင်းသို့ မဝင်ရောက်နိုင်ပါက ဆိပ်ကမ်းဧရိယာအပြင်ဘက်တွင်လည်း NOR ကိုပေးနိုင်ပါတယ်။ ဒီ term ကိုအဓိကသုံးရတဲ့ ရည်ရွယ်ချက်က ရေနံတင် သင်္ဘောကြီးတွေ ရေစူးကြောင့်ဖြစ်စေ၊ ဆိပ်ကမ်းအာဏာပိုင်က ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကြောင့်ဖြစ်စေ၊ ဆိပ်ကမ်းဧရိယာအတွင်း မဝင်ရောက်နိုင်ပါက ဆိပ်ကမ်း ဧရိယာအပြင်ဘက်တွင် ကုန်တင်ကုန်ချဆောင်ရွက်နိုင်စေရန်အတွက်ဖြစ်ပါတယ်။
ဒါ့အပြင် စာချုပ်မှာ Reachable on arrival ဆိုတဲ့စကားရပ်ကို Always accessible ဆိုတဲ့ စကားစုနဲ့တွဲပြီးဖော်ပြတတ်ပါတယ်။ အဓိပ္ပါယ် ကတော့ သင်္ဘောဆိပ်ကမ်းကိုရောက်တာနဲ့ နှောင့်နှေး ကြန့်ကြာမူမရှိစေဘဲ ဆိပ်ခံတံတားသို့ တန်းကမ်းနိုင်စေရန် သင်္ဘောဌားရမ်းသူက စီစဉ်ထားရပါမည်။ အကယ်၍ ဆိပ်ခံတံတားမှာအခြား သင်္ဘောတစ်စီးရှိနေ၍ဖြစ်စေ၊ ဆိပ်ခံ တံတား လွတ်နေသော်လည်း ဆွဲသင်္ဘော (Tug boat )မရှိသဖြင့် သင်္ဘော မကပ်နိုင်၍ဖြစ်စေ(The Sea Queen case)၊ ညဖက် သင်္ဘောခုတ်မောင်းခြင်းကို ဆိပ်ကမ်း အာဏာပိုင်ကခွင့်မပြု၍ဖြစ်စေ(The Fjordass case 1988)၊ သင်္ဘောဟာ ဆိပ်ခံတံတား သို့မကပ်နိုင်ပါကနှောင့်နှေးကြန့်ကြာ မူအတွက် သင်္ဘောဌားရမ်းသူ၏ တာဝန် သာဖြစ်ပါတယ်။ ဒီစကားရပ်ပါရင် သင်္ဘောပိုင်ရှင်က အသာစီးရတဲ့ သဘောဖြစ်ပါတယ်။
Always accessible ၏ အဓိပ္ပါယ်မှာ ဆိပ်ခံတံတား သို့အမြဲတမ်းဝင်ထွက်နိုင်ရမည်ဖြစ်ပါတယ်။ ဆိပ်ခံတံတား သို့ဝင်ထွက်ရာလမ်းကြောင်း (Approach) တွင် ပိတ်ဆို့မူမရှိစေရပါ။ ဥပမာ-လုံလောက်သော ရေစူး အမြဲတမ်းရှိနေရပါမယ်။ ရန်ကုန်ဆိပ်ကမ်းဟာ Neap tide port ဖြစ်ပါတယ်။ အပြင်စည်းခုံ(Elephant point)နှင့်အတွင်းစည်းခုံ(Monkey point)တို့ကို ကုန်အပြည့်ဖြင့်ဝင်ထွက်နိုင်ရန် ဒီရေ အပြည့်ဆုံးအချိန်ကိုစောင့်ရပါတယ်။ ဒါကြောင့် ရန်ကုန်ုဆိပ်ကမ်းဟာ Always accessible ဆိပ်ကမ်းမဟုတ်ပါဘူး။ အကယ်၍ မြူနှင်းကျ၍ သင်္ဘော မဝင်/ထွက်နိုင်ပါကရေလမ်းကြောင်း ပိတ်ဆို့တားဆီးမူကြောင့်(physical obstruction)မဟုတ်ဘဲ ရာသီဥတုကြောင့် ရေကြောင်းခုတ်မောင်းသွားလာ မူမပြုနိုင်သဖြင့် သင်္ဘောမဝင်ရောက်နိုင်ခြင်းသာဖြစ်ပါတယ်။ ရာသီဥတုကြောင့် (weather obstruction) မဝင်/ထွက်နိုင်တဲ့ဆိပ်ကမ်းကို Always accessible ဆိပ်ကမ်းတစ်ခုမဟုတ်ဘူးလို့သတ်မှတ်လို့မရပါဘူး(The Kyzikos 1987) ။ဒါကြောင့်ရာသီဥတုကြောင့် နှောင့်နှေး ကြန့်ကြာမူသည် သင်္ဘော ၏တာဝန်သာဖြစ်ပြီး သင်္ဘော ဌားရမ်းသူမှာ တာဝန်မရှိပါ။
Source : Thant Zin