Port News

သင်္ဘောအရွယ်အစားနှင့်အခေါ်အဝေါ်များ

သင်္ဘောအရွယ်အစားနှင့်အခေါ်အဝေါ်များ google

ကုန်တင်သင်္ဘောများကို အရွယ်အစားနှင့် လုပ်ငန်းဆောင်ရွက်သောနေရာဒေသကို အခြေခံ၍ အမျိုးအစားခွဲခြားသတ်မှတ်သည်။ အသုံးပြုသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မည့် လမ်းကြောင်းပေါ် မူတည်၍ ပုံစံဒီဇိုင်းထုတ်သည့် အချိန်ကပင် သင်္ဘောအမျိုးအစားကို စတင်သတ်မှတ်သည်။ သင်္ဘော၏ အရွယ်အစားသည် လုပ်ငန်းဆောင်ရွက် မည့်နေရာဒေသကို ဆုံးဖြတ်ရာတွင် အဓိကကျသော အချက်တစ်ခုဖြစ်သည်။

 

ကုန်တင်သင်္ဘောကို ဒီဇိုင်းပုံစံရေးဆွဲသည့်အချိန်နှင့် တည်ဆောက်သည့်အချိန်များတွင် ရေစူး၊ ဗျက်အကျယ်၊ စုစုပေါင်းအလျား၊ တင်ဆောင်နိုင်သည့်ကုန်တန်ချိန် စသည့် အတိုင်းအတာမျိုးစုံကို ထည့်သွင်းစဉ်းစားရသည်။ ဥပမာအနေနှင့်ပြောရလျှင် စူးအက်တူးမြောင်းကို ဖြတ်သန်းနိုင်သည့် သင်္ဘောဆိုပါက စူးအက်တူးမြောင်း၏ အကျဉ်းဆုံးနေရာနှင့် ရေအတိမ်ဆုံးနေရာများကို ကုန်တင်ထားသည့်အနေအထားနှင့် ကုန်မပါသည့်အနေအထား နှစ်မျိုးလုံးတွင် ချောမွေ့စွာဖြတ်သန်းနိုင်ရေးအတွက် ပုံစံဒီဇိုင်းရေးဆွဲကာ တည်ဆောက်ရသည်။ ထိုအချက်များကို အခြေခံ၍သင်္ဘောများကို အောက်ပါအတိုင်းအမျိုးအစားခွဲခြားသတ်မှတ်ကြပါသည်-

 

 

Panamax နှင့် New Panamax


ထိုအခေါ်အဝေါ်များသည် ပနားမားတူးမြောင်းကို ဖြတ်သန်း သွားလာနိုင်ရန် ပုံစံပြုတည်ဆောက်ထားသည့် သင်္ဘောများကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပနမားတူးမြောင်း၏ ရေထိန်းတံခါးတစ်ခုစီသည် ၃၂၀ မီတာအရှည်၊ ၃၃.၅ မီတာအကျယ်နှင့် ရေအနက် ၁၂.၅ မီတာရှိသည့်အတွက် တူးမြောင်းကို ဖြတ်သန်းနိုင်ရန် သင်္ဘောကို ၂၉၄ မီတာအရှည်၊ ၃၂ မီတာအကျယ်(ဗျက်)နှင့် ရေစူး ၁၂ မီတာ ထက်မပိုသော အရွယ်အစားဖြင့်တည်ဆောက်ရပြီး ထိုသို့တည်ဆောက်ထားသော သင်္ဘောများကို Panamax ဟု ခေါ်သည်။

 

ပနားမားတူးမြောင်းကို အရွယ်အစားကြီးမားသောသင်္ဘောများ ဝင်ရောက်ဖြတ်သန်းနိုင်ရန် အတွက် တတိယရေထိန်းတံခါးကို ထပ်မံတည်ဆောက်ကာ ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါရေထိန်းတံခါး၏အတိုင်းအတာမှာ အရှည် ၄၂၇ မီတာ၊ အကျယ် ၅၅ မီတာ နှင့် ရေအနက် ၁၈.၃ မီတာရှိသည့်အတွက် အရှည် ၃၆၆ မီတာ၊ အကျယ် ၄၉ မီတာနှင့် ရေစူး ၁၅.၂ မီတာ အရွယ်အစားရှိသည့် ကုန်သေတ္တာ TEU ၁၃၀၀၀ တင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်သည် အဆိုပါရေထိန်းတံခါးအသစ်ကို ဖြတ်သန်းသွားလာနိုင်သည့် သင်္ဘောအမျိုးအစားကို New Panamax ဟု ခေါ်သည်။

 

အထက်ပါအရွယ်အစားသတ်မှတ်ချက်ထက်ကျော်လွန်သော ကုန်သေတ္တာသင်္ဘောကြီးများကို Ultra Large Container Vessel (ULCV) ဟုခေါ်သည်။ လက်ရှိအချိန်အထိ အရွယ်အစား အကြီးဆုံး ကုန်သေတ္တာသင်္ဘောမှာ OOCL Hong Kong ဖြစ်ပြီး အလျား မီတာ ၄၀၀၊ အကျယ် ၅၈.၈ မီတာ နှင့် ရေစူး ၁၆ မီတာ ရှိသည်။ ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင် အမည်ပေးအခမ်းအနားဆောင်ရွက်ခဲ့ပြီး လက်ရှိပြေးဆွဲလျက်ရှိကာ ကုန်သေတ္တာ ၂၁,၃၄၃ တင်ဆောင်နိုင်သည်။

 

 

Image may contain: text

 

 

Aframax

 

အလယ်အလတ်အရွယ်အစားရှိ ရေနံတင်သင်္ဘောများဖြစ်ပြီး တင်ဆောင်နိုင်သည့်တန်ချိန် ၈၀,၀၀၀ မှ ၁၂၀,၀၀၀ အတွင်းရှိသည်။ အဆိုပါအမည်မှာ AFRA (Average Freight Rate Assessment) မှ ဆင်းသက်လာသည်။ AFRA စနစ်သည်၁၉၅၄ ခုနှစ်က Shell Oil ကုမ္ပဏီမှ ရေနံတင်သင်္ဘောများကို ငှားရမ်းအသုံးပြုရာတွင် စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည့် စနစ်တစ်ခုဖြစ်သည်။

 

 

Chinamax


အဆိုပါသင်္ဘောများသည် အကြီးမားဆုံးဝမ်းပုံကုန်စည်သင်္ဘောများဖြစ်ကြပြီး Very Large Ore Carriers (VLOC) အမျိုးအစားအဖြစ် သတ်မှတ်ကြသည်။ အခြားကုန်တင် သင်္ဘောများနှင့် မတူညီသောအချက်မှာ အဆိုပါသင်္ဘောများကို ၎င်းတို့၏ အလျားပေါ်တွင် မူတည်၍ တိုင်းတာကြသည်။ မူလကအဆိုပါသင်္ဘောများကို နေရာဒေသနှင့်ကိုက်ညီအောင် (custom built) တည်ဆောက်ထားခြင်းဖြစ်ပြီး တရုပ်နိုင်ငံဆိပ်ကမ်းများနှင့် ဘရာဇီးနိုင်ငံအကြား ကုန်စည်ပို့ဆောင်သည်။ အဆိုပါ သင်္ဘောများသည် ကုန်တင်နိုင်သည့် တန်ချိန် ၄၀၀,၀၀၀ အထိရှိပြီး အလျား ၃၆၀ မီတာခန့်ရှိကာ အကျယ် ၆၅ မီတာခန့်နှင့် ရေစူး ၂၅ မီတာခန့်ရှိသည်။

 

ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

 

Handymax


အဆိုပါသင်္ဘောများမှာ အရွယ်အစားသေးငယ်သော ဝမ်းပုံကုန်တင်သင်္ဘောများဖြစ်ပြီး ကုန်တန်ချိန် ၆၀,၀၀၀ အထိတင်ဆောင်နိုင်သည်။ ကမ္ဘာပေါ်ရှိ ကုန်တင်သင်္ဘောအုပ်စု (merchant vessel fleet) တွင် အသုံးအများဆုံး သင်္ဘောများဖြစ်ကြပြီး အလျားမှာ ၁၅၀ မီတာမှ ၂၀၀ မီတာအထိ ရှိသည်။ အဆိုပါ သင်္ဘောများ၏ အရွယ်အစားအရ ဆိပ်ကမ်းအများစုကို ဝင်/ထွက်သွားလာနိုင်ကြသည်။

 

 

Capesize


အဆိုပါသင်္ဘောများမှာ ပနားမားတူးမြောင်းနှင့် စူးအက်တူးမြောင်းတို့ကို ဖြတ်သန်း သွားလာခြင်း မပြုနိင်သည့်အတွက် Cape Good Hope နှင့်Cape Horn အငူများကို ဖြတ်သန်းသွားလာရသဖြင့် Capesize ဟုခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါသင်္ဘောများသည် ကုန်တန်ချိန် ၁၅၀,၀၀၀ တင်ဆောင်နိုင်ပြီး ဝမ်းပုံသင်္ဘောအများစုမှာ ဤအရွယ် အစားဖြစ်ကြသည်။ အတော်အတန်ကြီးမားသည့် ဝမ်းပုံ သို့မဟုတ် သတ္တုရိုင်းတင် သင်္ဘော အမျိုးအစားဖြစ်ကြပြီး Very Large Bulk Carriers (VLBC) နှင့် Very Large Ore Carriers (VLOR) အမျိုးအစားသတ်မှတ်ချက်တွင်ပါဝင်သည်။ ကုန်တန်ချိန် ၄၀၀,၀၀၀ အထိ တင်ဆောင်နိုင်သည့် သင်္ဘော အမျိုးအစား များသည်လည်း Capesize တွင်ပါဝင်သည်။

 

 

Suezmax


အဆိုပါသင်္ဘောများသည် စူးအက်တူးမြောင်းကို ဖြတ်သန်း သွားလာနိုင်သည့် သင်္ဘောများ အနက် အရွယ်အစား အကြီးမားဆုံး သင်္ဘောကို ခေါ်ဆိုခြင်းဖြစ်သည်။ ပုံမှန် Suezmax သင်္ဘောတစ်စီးသည် ကုန်တန်ချိန် ၁၂၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ တင်ဆောင်နိုင်ကာ ရေစူး အများဆုံး ၂၀ မီတာနှင့် အကျယ်(ဗျက်) ၅၀ မီတာ အထိ ရှိကြသည်။ စူးအက်တူးမြောင်းကို ဖြတ်သန်းသွားလာနိုင်ရန်အတွက် သင်္ဘော၏ ဗျက်ကို ၇၇.၅ မီတာ ကန့်သတ်ထားသည်။

 

 

VLCC (Very Large Crude Carriers)


ကုန်တန်ချိန် ၃၂၀,၀၀၀ အထိတင်ဆောင်နိုင်သည့် ရေနံတင် သင်္ဘောကြီးများကို VLCCs (Very Large Crude Carriers) အဖြစ်သတ်မှတ်သည်။ ထိုသင်္ဘောအမျိုးအစားများသည် အဓိကအားဖြင့် မြေထဲပင်လယ်အတွင်း၊ အာဖရိကအနောက်ပိုင်း ပင်လယ်များနှင့် မြောက်ပိုင်းအတ္တလန်တစ် သမုဒ္ဓရာတို့တွင် ရေနံသယ်ပို့ လုပ်ငန်းဆောင်ရွက်ကြသည်။

 

 

ULCC (Ultra Large Crude Carriers)


ကုန်တန်ချိန် ၃၂၀,၀၀၀ မှ ၅၅၀,၀၀၀ အထိတင်ဆောင်နိုင်သည့် အလွန်ကြီးမားသော ရေနံတင် သင်္ဘောများကို ULCCs (Ultra Large Crude Carriers) ဟုခေါ်ဆိုသည်။ ရေနံတင်သင်္ဘောများအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ဥရောပ၊ မြောက်ပိုင်း အမေရိကနှင့် အချို့သော အာရှဒေသများတွင် လုပ်ငန်းဆောင်ရွက်ကြသည်။

 

 

Malaccamax


Malaccamax ဆိုသည်မှာ မလက္ကာရေလက်ကြားကို ဝင်ရောက်ဖြတ်သန်းနိုင်သော သင်္ဘောများအနက် အရွယ်အစားအကြီးမားဆုံးသော သင်္ဘောများကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါသင်္ဘောများ၏ အရွယ်အစားမှာ အလျား မီတာ ၄၀၀ နှင့် တင်ဆောင်နိုင်သည့် ကုန်တန်ချိန် ၁၆၅,၀၀၀ ရှိသည်။ အဆိုပါအမျိုးအစားတွင် ဝမ်းပုံသင်္ဘောနှင့် ရေနံတင် သင်္ဘောများအပြင် Maersk သင်္ဘောလိုင်းမှ ပြေးဆွဲနေသည့် Triple E Class ကုန်သေတ္တာသင်္ဘောများလည်းပါဝင်သည်။ Triple E Class ဆိုသည့်မှာ “Economy of Scale, Energy Efficiency and Environmentally Improved” ကို ဆိုလိုသည်။

 

 

No photo description available.

 

 

Source : Shipping and Logistics

 

 Myanmar Logistics Guide

 

Read times
Rate this item
(0 votes)