Port News

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်း Transcom

၁၈၇၅ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက ဧရာဝတီမြစ်အတွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းလုပ်ဆောင်ခွင့်အား ဧရာဝတီဖလိုတီလာကုမ္ပဏီကို နှစ်ရှည်လုပ်ပိုင်ခွင့်ငှားရမ်းခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဧရာဝတီဖလိုတီလာကုမ္ပဏီမှ အပြီးအပိုင်ဝယ်ယူလိုက်ပြီး လွန်းကျင်းလုပ်ငန်းများကို တိုးချဲ့မွမ်းမံတည်ဆောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် ဧရာဝတီဖလိုတီလာကုမ္ပဏီကို ပြည်သူပိုင်ပြုလုပ်ခဲ့ရာ ဒလသင်္ဘောကျင်းသည်လည်း ထိုနေ့မှစ၍ နိုင်ငံပိုင် သင်္ဘောကျင်းတစ်ခုဖြစ်လာခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် အသီးအပွင့်ဟုဆိုချင်ပါသည်။

 

၁၈၅၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီးဆုံးသည့်အခါ အင်္ဂလိပ်အစိုးရသည် စစ်အတွင်းအသုံးပြုခဲ့သော ရေယာဉ်များဖြင့် ရန်ကုန်မှ သရက်မြို့အထိ ခရီးသည်များပို့ဆောင်ရေးကို ပုဂ္ဂလိကကုမ္ပဏီများအား ကမ်းလှမ်းခဲ့ရာ TODD & FINLEY CO. မှ ဒလသင်္ဘောကျင်း၏ ပြင်ဆင်နိုင်စွမ်းကိုအားကိုး၍ အင်္ဂလိပ်အစိုးရထံမှ များစွာပျက်စီး နေခဲ့သောရေယာဉ်များကို ပြင်ဆင်ပြေးဆွဲရန်ဝယ်ယူခဲ့သည်ဟု မှတ်တမ်းများအရသိရသည်။ ဒလသင်္ဘောကျင်းသည် ၁၈၅၂ ခုနှစ်မတိုင်မီကပင် တည်ဆောက်ခဲ့ကြောင်းတွေ့ရှိရသည်။

 

 

Image may contain: outdoor

 

 

ဒလသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်း (၆) ခုအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးသင်္ဘောကျင်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့တွင်တည်ရှိသည်။ သင်္ဘောကျင်း၏ အရှေ့ဘက်တွင် ကမာအောင်ချောင်းရှိပြီး အနောက်ဘက်တွင် တွံတေးကားလမ်းရှိသည်။ အကျယ်အဝန်းမှာ ဧက (၃၀) ခန့်ရှိသည်။

 

 

Image may contain: sky, tree, plant, outdoor, nature and water

 

 

ဒလသင်္ဘောကျင်းမှ ရေကြောင်းပို့ဆောင်ရေးရေယာဉ်များကို စီမံချက်ရေးဆွဲ၍ ပြင်ဆင်မွမ်းမံခြင်း၊ ပို့ဆောင်မှုလိုအပ်ချက်နှင့် ဒေသရေကြောင်းအခြေအနေ လိုအပ်ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ပေးခြင်း၊ ရေယာဉ်သစ်တည်ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများတွင် လိုအပ်သောရေယာဉ်ဆိုင်ရာပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများထုတ်ပေးခြင်း၊ အခြားအစိုးရဌာနများပိုင် ရေယာဉ်များကို လိုအပ်လျှင်လိုအပ်သလို တည်ဆောက်ပြုပြင်မှု လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျင်းတင်လွန်းရထားလမ်း (၁၃) လမ်းနှင့် ရေလုံ ကျင်း (၁) ခုရှိရာ ကျင်းတင်နိုင်သည့်စီးရေမှာ နှစ်ပတ်လည် ကျင်းတင်ပြုပြင်မည့် ရေယာဉ် (၂၂)စီးနှင့် အရေးပေါ်ပြင်ဆင်မှုရေယာဉ် (၂)စီး၊ စုစုပေါင်း (၁) ကြိမ်တွင် ရေယာဉ် (၂၄)စီး ကျင်းတင်ပြုပြင်နိုင်သည်။ဒလသင်္ဘောကျင်းအဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများမှာ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်မှစ၍ ယနေ့ပြည်ထောင်စုအစိုးရ ဒုတိယသက်တမ်းကာလအထိ အဆင့်မြှင့်တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။

 

 

Image may contain: sky, outdoor, water and nature

 

 

၁၉၉၇-၁၉၉၈ ခုနှစ်တွင် အမှတ် (၁၃) ကျင်းလွန်း ကျင်းအား ကွန်ကရစ်လောင်း၍ ပြန်လည်ပြင်ဆင်ခြင်း၊ ၂၀၀၀-၂၀၀၁ ခုနှစ်နှင့် ၂၀၀၁-၂၀၀၂ ခုနှစ်အတွင်း တန် (၁၄၀၀) ရှိ ရေလုံကျင်းကို တည်ဆောက်ခြင်း၊ (၁၀) တန် ကရိန်းဆိပ်နှင့် လုပ်သားကြိုပို့ရေယာဉ်ဆိပ် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ တန် (၁၄၀၀) ရေလုံကျင်း တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဒလသင်္ဘောကျင်းတွင် (၁)ကြိမ်လျှင် (၂) စီး တစ်ပြိုင်နက် ကျင်းတင်/ချ ပေးနိုင်သည်။

 

ထို့နောက် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် အမှတ် (၈/၁၁) လွန်းကျင်းပြုပြင်ခြင်း၊ အမှတ် (၁၄) လွန်းကျင်းအပေါ် ပိုင်းပြင်ဆင်ခြင်း၊ တန် (၅၀၀) ရေလုံကျင်းသစ်တည် ဆောက်ခြင်း၊ အမှတ် (၁၀/၁၁) လွန်းကျင်းများပြင်ဆင်မှုနှင့် အမှတ် (၁၀) လှည်းသစ်တည်ဆောက်ခြင်း လုပ်ငန်းများလည်းဆောင်ရွက်ခဲ့သည်။ လှည်းနှင့် လွန်းလမ်းများ ပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ခဲ့သည်။

 

၂၀၁၄-၂၀၁၅ ခုနှစ်တွင် အမှတ် (၁၄) လွန်းကျင်း ဘေးကွန်ကရစ်ဂျက်တီ တည်ဆောက်ခဲ့ခြင်းကြောင့် အရေးပေါ် ရေယာဉ်များဆိုက်ကပ်၍ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ တန် (၃၀၀) လွန်းကျင်းသစ် တည် ဆောက်ခြင်းနှင့် သင်္ဘောများအရေးပေါ်ဆိုက်ကပ်နိုင်ရန်အတွက် Dolphin တည်ဆောက်ခဲ့သည်။ ရေလုံကျင်းဘေး နှင့် ဒီဇယ်ရုံအကြား ကွန်ကရစ်လမ်း သစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

သင်္ဘောကျင်း CNC အလုပ်ရုံတွင် ၂၀၀၆ ခုနှစ်၌ Lathe Machine, Milling Machine, Gear Cutting Machine နှင့် CNC Plasma Cutting Machine အားတပ်ဆင်ခဲ့ပြီး၊ စမ်းသပ်ခုတ်မောင်းနည်း ပညာရယူလေ့ကျင့်မှုများကို တရုတ် အင်ဂျင်နီယာများနှင့် မြန်မာ အင်ဂျင်နီယာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် နာဂစ်မုန်တိုင်း ကြောင့်ပျက်စီးခဲ့ရသော ဒလသင်္ဘောကျင်း ဝန်ထမ်းဆေးပေးခန်းအား နေရာပြောင်း၍ အသစ်တည်ဆောက်ပေးခဲ့သည်။

 

 

Image may contain: sky, cloud, boat, tree, outdoor, nature and water

 

 

၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဒလသင်္ဘောကျင်းတွင် Gantry Crane ပြေးလမ်းတည်ဆောက်ခဲ့သည်။ ၂၀၀၆-၂၀၀၇ ခုနှစ်၌ တန် (၃၀၀) လွန်းကျင်းသစ်တွင် လွန်းတင်လှည်းအသစ်တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဘ-၆၀၀၀ တွဲများ၊ ဘ-၈၀၀ တွဲများနှင့် မြအမျိုးအစား ရေယာဉ်ကြီးများ ကျင်းတင်၍ပြုပြင်ပေးနိုင်ခဲ့သည်။

 

၂၀၀၈-၂၀၀၉ ခုနှစ်တွင် အမှတ် (၁၄) ကျင်း ဘေးဆွဲလှည်းများပြုလုပ်ခြင်း၊ အမှတ် (၁၃) ကျင်း လွန်းလမ်းများ အကြီးစားပြင်ဆင် မွမ်းမံခြင်းပြုလုပ်ခဲ့သည်။ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် တန် (၁၄၀၀) ရေလုံကျင်းတံခါးမကြီး အောက်ခံ RC ကွန်ကရစ်ဖောင်ဒေးရှင်းလောင်းခြင်းနှင့် တံခါးပတ္တာများ အကြီးစားပြင်ဆင်ခြင်း၊ အမှတ် (၂)နှင့် အမှတ် (၃)လွန်းလှည်းနှင့် လွန်းလမ်းများ အကြီးစားမွမ်းမံပြုပြင်ခြင်းပြုလုပ်ခဲ့၍ တစ်နှစ်ထက်တစ်နှစ် လျာထားချက်များ ပြည့်မီကျော်လွန်စွာဆောင်ရွက်နိုင်ခဲ့သည်။

 

၂၀၁၀-၂၀၁၁ ခုနှစ်တွင် တန် (၅၀၀) ရေလုံကျင်း အောက်ခံအခင်းများ RC ကွန်ကရစ်ခင်းခြင်း၊ RC ကွန်ကရစ်နံရံ သုံးဘက်ပြုလုပ်ခြင်းနှင့် (၁၅) တန် ဂျက်တီကွန်ကရစ် အကြီးစားမွမ်းမံပြုပြင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေကြောင်းပညာသိပ္ပံကျောင်းမှ ကျောင်းသားများနှင့် ဆယ်တန်း အောင်အဆင့်မှ BE ဘွဲ့ရအထိ အောင်မြင်သူများအား ပညာသင်အင်ဂျင်နီယာများအဖြစ်လက်ခံ၍ စာတွေ့၊ လက်တွေ့ စနစ်တကျလေ့ကျင့်ပေးခဲ့ရာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ရေကြောင်းပညာသိပ္ပံကျောင်းမှ ကျောင်းသား (၁၆၅) ဦး၊ ဆယ်တန်းအောင်မှ BE ဘွဲ့ရအထိ အောင်မြင်ပြီးသူ (၁၀၂၅) ဦးနှင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသား (၃၇၀) ဦး စုစုပေါင်း (၁၅၆၀) ဦးကို စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးနိုင်ခဲ့သည်။

 

ဒလသင်္ဘောကျင်းမှ အသစ်တည်ဆောက်ခဲ့သော ရေယာဉ်များမှာ ၁၉၈၈ ခုနှစ်မှ ယနေ့ပြည်ထောင်စုအစိုးရ ဒုတိယသက်တမ်းကာလအထိ (၃၉)စီးဖြစ်သည်။ (ပုံစံပြောင်း) တည်ဆောက်ခဲ့သော ရေယာဉ်/တွဲယာဉ်များမှာ (၂၀) စီးတို့ကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည်။

 

 

Image may contain: sky, outdoor and water

 


ဒလသင်္ဘောကျင်းဌာနခွဲ၏ သာမန်အသုံးစရိတ် (ကုန်သွယ်) စာရင်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ကျပ်ထောင်ပေါင်း (၁၁၂၆၃၂၆.၄၀) လျာထားခဲ့ပြီး၊ လက်တွေ့တွင် ကျပ်ထောင်ပေါင်း (၁၁၃၉၆၇၃.၆၀) သုံးစွဲခဲ့သဖြင့် (၁၀၁.၁၉) ရာခိုင်နှုန်းသုံးစွဲခဲ့သည်။ (ငွေသား) စာရင်းတွင် ကျပ်ထောင်ပေါင်း (၈၃၃၃၉၁.၀၀) လျာထားခဲ့ပြီး၊ ကျပ်ထောင်ပေါင်း (၇၄၈၃၂၈.၃၀) လက်တွေ့ကုန်ကျခဲ့သဖြင့် (၈၉.၇၉) ရာခိုင်နှုန်း သုံးစွဲခဲ့သည်။

 

ရေယာဉ်များပြုပြင်မှု အမျိုးအစားအလိုက်ဆောင်ရွက်နိုင်မှုများမှာ နှစ်ပတ်လည်ပြင်ဆင်ခြင်းအတွက် စက်ရှိ (ရေယာဉ်) လျာထား (၁၁)စီး၊ လက်တွေ့တွင် (၇)စီး၊ စက်မဲ့ (ရေယာဉ်) လျာထား (၅)စီး၊ လက်တွေ့တွင် (၆)စီး၊ အရေးပေါ်ပြင်ဆင်ခြင်းအတွက် စက်ရှိ (ရေယာဉ်) လျာထား (၁၉)စီး၊ လက်တွေ့တွင် (၁၉)စီး၊ စက်မဲ့ (ရေယာဉ်) လျာထား (၂)စီး လက်တွေ့တွင် (၁)စီး၊ အကြီးစားပြင်ဆင်ခြင်းအတွက် စက်ရှိ (ရေယာဉ်) လျာထား (၃၀)စီး လက်တွေ့တွင် (၂၆)စီး၊ စက်မဲ့ (ရေယာဉ်) လျာထား (၇)စီး လက်တွေ့တွင် (၇)စီး၊ အသေးစားပြင်ဆင်ခြင်းအတွက် စက်ရှိ (ရေယာဉ်) လျာထား (၂၄) ကြိမ် လက်တွေ့ (၅၂) ကြိမ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ဒလသင်္ဘောကျင်းတွင် တာဝန်ယူဆောင်ရွက်သည့်လုပ်ငန်းများကို စီမံကိန်းလျာထားချက်ပါအတိုင်း ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်အတွက် အင်ဂျင်နီယာ (၇) ဦး၊ လုပ်ငန်းခွင်ကြီးကြပ်အင်အား (၃၇) ဦး၊ ကျွမ်းကျင်လုပ်သား (၁၂၈)ဦး၊ အထွေထွေလုပ်သား (၂)ဦး၊ ပုံဆွဲဝန်ထမ်း (၃)ဦး၊ ရုံးဝန်ထမ်း (၄၀)ဦး၊ လုံခြုံရေး (၂)ဦး စုစုပေါင်း (၂၁၉)ဦးဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

ဒလသင်္ဘောကျင်းသည် ၁၈၅၂ ခုနှစ် အစောပိုင်းတွင်တည်ဆောက်ခဲ့ရာ (၁၆၇) နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။ ရေယာဉ်သစ်တည်ဆောက်ခြင်းများ၊ ပုံစံပြောင်းတည်ဆောက်ခဲ့သော ရေယာဉ်/တွဲယာဉ်များ လျာထားချက်ထက် ကျော်လွန်ပြီး ယနေ့တိုင်အောင်မြင်စွာဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒလသင်္ဘောကျင်းနှင့် ပတ်သက်၍ သမိုင်း ကြောင်းများနှင့် ဆောင်ရွက်ချက်အချို့ကို စာဖတ်သူများလေ့လာသိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါသည်။

 

Source : Transcom

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)