Port News

ဩစတြေးလျနိုင်ငံ အကြီးဆုံးပြည်နယ်များ၏နယ်စပ်ဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်

ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်မှု ပြန်လည်ကျဆင်းခဲ့ခြင်းနှင့်အတူ နိုင်ငံ၏အကြီးဆုံးမြို့များတည်ရှိရာ ဗစ်တိုးရီးယားနှင့် နယူးဆောက်ဝေးလ်ပြည်နယ်များ၏ နယ်စပ်ဂိတ်များကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
 

 အဆိုပါ ပြည်နယ်နှစ်ခုသည် ဩစတြေးလျတွင် လူဦးရေ အထူထပ်ဆုံးဒေသများဖြစ်ပြီး ဩစတြေးလျ၏ အကြီးဆုံးမြို့များဖြစ်သည့် မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့ကြီးများ တည်ရှိရာ ပြည်နယ်များဖြစ်သည်။

 

ဗစ်တိုးရီးယားပြည်နယ်ရှိ မဲလ်ဘုန်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမြင့်တက်လာခဲ့မှု ကြောင့် ဗစ်တိုရီးယားနှင့်နယ်စပ်ချင်း ထိစပ်နေသည့် နယူးဆောက်ဝေးလ်နှင့် တောင်ဩစတြေးလျ ပြည်နယ်များက ယင်းတို့၏ နယ်စပ်ဂိတ်များကို ဇူလိုင်လအတွင်း ပိတ်ပစ်ခဲ့ပြီး ယင်းသို့ နယ်စပ် ဝင်ပေါက်များကို ပိတ်ပစ်ခဲ့ခြင်းမှာ ရာစုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။
 
ဩစတြေးလျ ပြည်နယ် နယ်စပ်ဂိတ်များကို နောက်ဆုံးပိတ်ပစ်ခဲ့ခြင်းမှာ ၁၉၁၉ ခုနှစ် စပိန်တုပ်ကွေးကပ်ရောဂါဖြစ်ပွားခဲ့သည့် ကာလအတွင်းက ဖြစ်သည်။
 
နိုဝင်ဘာ ၂၃ ရက် စတင်ကူးပြောင်းသည့် သန်းခေါင်အချိန်တွင် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယားနှင့် နယူးဆောက်ဝေးလ်ပြည်နယ်တို့မှာ ဩစတြေးလျနိုင်ငံတွင် သွားလာမှုအများဆုံး လမ်းကြောင်းဖြစ်ပြီး ယနေ့တွင် မယ်လ်ဘုန်းမှ ဆစ်ဒနီလေဆိပ်သို့ ခရီးသည် ၄၀၀၀ ခန့် လာရန်ရှိနေသည်။
 
 
The Mirror News
Read times
Rate this item
(0 votes)