Port News

ဥရောပတွင် ကုန်ချဖို့ စောင့်ဆိုင်းနေရသည့် LNG သင်္ဘော စံချိန်သစ်တင် များပြား

ဥရောပတွင် ကုန်ချဖို့ စောင့်ဆိုင်းနေရသည့်  LNG သင်္ဘော စံချိန်သစ်တင် များပြား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာပေါ်ရှိ သဘာဝဓာတ်ငွေ့ရည် Liquidfied Natural Gas  LNG ပို့ဆောင်သည့် သင်္ဘောများ၏ ၁၀% ခန့်ဖြစ်သော စီးရေ  ၆၀ ဝန်းကျင်သည် ဥရောပအနောက်မြောက်ပိုင်း၊ မြေထဲပင်လယ်နှင့် Iberian ကျွန်းဆွယ်တဝိုက်တွင် ပတ်မောင်းနေခြင်း၊  ကျောက်ချရပ်နားခြင်းများ ပြုထားကြသည်ဟု MarineTraffic ၏ အချက်အလက်များမှ သိရသည်။

LNG သင်္ဘောများသည် ကုန်းမြေပေါ်တွင် LNG သိုလှောင်ဖို့ နေရာလပ် မရှိသေးသဖြင့် ကုန်ချဖို့ စောင့်ဆိုင်းနေကြရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရေပေါ်သိုလှောင်ကန်များသဖွယ် ဖြစ်နေကြသည်။

သို့ဖြစ်ရာ ရေပေါ်လှောင်ကန်များအဖြစ်ဖြင့် ရှိနေသော LNG ပမာဏ ပိုများလာနေသည်။

.

သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) သယ်ဆောင်ထားသည့် သင်္ဘော ဒါဇင်ပေါင်းများစွာသည် စပိန်ကမ်းရိုးတန်းနှင့် အခြားဥရောပနိုင်ငံများ၏ ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်ကျခွင့် ရဖို့ ကြန့်ကြာနေသည်ကို စောင့်ဆိုင်းနေကြသည်။

ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြောင်းလဲပေးသည့် စက်ရုံများ ပြည့်နေသဖြင့် အလှည့်ကျမည့် အချိန်ကို စောင့်ဆိုင်းနေကြရသည်။ 

ဥရောပသည် ယခင်က သဘာဝဓာတ်ငွေ့ကို ရုရှားထံမှ ပိုက်လိုင်းများဖြင့် ပေးပို့သည်ကို ရယူကာ အဓိကအားဖြင့် သုံးစွဲသည်။ သင်္ဘောဖြင့် ရောက်လာသည့် ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့အဖြစ် ပြန်လည်ပြောင်းလဲပြီး သုံးစွဲခြင်း နည်းပါးပါသည်။ 

ယခုအခါ ရုရှားက ဉရောပသို့ ပေးပို့သည့် သဘာဝဓာတ်ငွေ့ကို လျှော့ချဖြတ်တောက်သဖြင့် အမေရိကန်မှ သဘာဝဓာတ်ငွေ့ကို သင်္ဘောများဖြင့် တင်သွင်းခဲ့ရာမှ ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့အဖြစ် ပြန်လည်ပြောင်းလဲပေးမည့်  “regasification” စက်ရုံများ အလုံအလောက် မရှိသဖြင့် မနိုင်မနင်းဖြစ်ပြီး LNG သင်္ဘောများ ကုန်ချခွင့်မရဘဲ စောင့်ဆိုင်းနေကြရသည်။

စပိန်နှင့် မြေထဲပင်လယ်တစ်ဝိုက်တွင် LNG တင်ဆောင်ထားသည့် သင်္ဘော ၃၅ စင်းကျော် စောင့်ဆိုင်းနေရသည်။ Bay of Cadiz တွင် ကျောက်ချပြီး စောင့်ဆိုင်းနေရသည့် သင်္ဘော အနည်းဆုံး ၈ စီး ရှိသည်။

 စပိန်နိုင်ငံမှာ regasification ဆိပ်ခံ ၆ ခုသာ ရှိသည်။ စောင့်ဆိုင်းနေသည့် သင်္ဘောအရေအတွက်က ၅ ဆ မက များနေသည်။

နောက်ထပ် အခက်အခဲမှာ ဓာတ်ငွေ့သိုလှောက်ရန် နေရာမကျန်တော့ခြင်း ဖြစ်သည်။ 

ကုန်ချဖို့ စောင့်ဆိုင်းနေသော သင်္ဘောများပေါ်တွင် ဓာတ်ငွေ့တန်ချိန် နှစ်သန်းခွဲ ဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသည်။

 .

ဥရောပအဖို့ စွမ်းအင်ဖြည့်တင်းမှုအတွက် သဘာဝဓာတ်ငွေ့သည် အလွန်အရေးပါသည်။ အထူးသဖြင့် အေးခဲသည့် ဆောင်းရာသီတွင် အပူဓာတ်ရရှိရန် သဘာဝဓာတ်ငွေ့ အရေးပါသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက်လည်း အရေးပါသည်။

 ရုရှားထံမှ သဘာဝဓာတ်ငွေ့ကို အဓိကထား သုံးစွဲသည်။ ရုရှားက ပိုက်လိုင်းများဖြင့် ဥရောပသို့ သဘာဝဓာတ်ငွေ့ ပေးပို့သည်။ ရုရှား၏ ယူကရိန်းကျူးကျော်စစ်ပွဲကြောင့် ရုရှားထံမှ ဉရောပသို့ ဓာတ်ငွေ့ပေးပို့မှု လျော့ကျနေသည်။

ထို့အတွက် အမေရိကန်ထံမှ သဘာဝဓာတ်ငွေ့ကို ဥရောပသို့ သင်္ဘောများဖြင့် သယ်ဆောင်ကြသည်။ ယခုအခါ ယခင်ကထက် သယ်ယူမှု သိသိသာသာ ပိုမိုများပြားနေသည်။ ဆောင်းကာလအတွက် ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။

သို့သော် ဥရောပရှိ သဘာဝဓာတ်ငွေ့ အခြေခံ အဆောက်အအုံသည် သင်္ဘောအများအပြားကို လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ LNG သင်္ဘောများ ကုန်ချဖို့ စောင့်ဆိုင်းနေရကြရသည်။ 

.

Lipow Oil Associates ၏ ဥက္ကဋ္ဌ Andrew Lipow က "LNG ရေနံတင်သင်္ဘောများ အလုံးအရင်းဖြင့် စုပြုံရောက်ရှိလာနေတဲ့အတွက် ဥရောပမှာ ဓာတ်ငွေ့ရည်ကနေ ဓာတ်ငွေ့ပြောင်းလဲပေးနိုင်တဲ့ ပမာဏထက် သိသိသာသာ ကျော်လွန်နေတယ်။ ဒီတော့ ဓာတ်ငွေ့ရည်တွေကို အချိန်မီ ကုန်ချဖို့ မဖြစ်နိုင်တော့ဘူး" ဟု ပြောကြားသည်။

 

LNG_tankers.jpg

ရေကြောင်းဆန်းစစ်ရေးကုမ္ပဏီ MarineTraffic မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် LNG သင်္ဘောများ၏ တည်နေရာများကို ပြသသည့်မြေပုံ

 

ကမ္ဘာပေါ်တွင် LNG သင်္ဘော စုစုပေါင်း ၆၄၁ စီး ခုတ်မောင်းပြေးဆွဲလျက် ရှိသည်။ အစီး ၆၀ သည် ဥရောပတွင် ကုန်ကျဖို့ စောင့်နေကြသည်။

ထိုသို့ LNG သင်္ဘောများ ရပ်ဆိုင်းကုန်ကြသဖြင့် LNG သင်္ဘောဈေးကွက်ထဲ စီးရေလျော့ကျနေပြီး LNG သင်္ဘော ချာတာငှားရမ်းခ၊ ပို့ဆောင်ခတို့ ဈေးတက်စေသည်။ 

ကုန်ချဖို့ နှောင့်နှေးကြန့်ကြာနေသဖြင့် အမေရိကန်သို့ ပြန်လာပြီး ကုန်တင်ဖို့လည်း နှောင့်နှေးကြန့်ကြာနေသည်။

 

LNG သင်္ဘောအများစုသည် ရေရှည်စာချုပ်များ ချုပ်ဆိုပြီး ပြေးဆွဲနေကြသဖြင့် လက်ငင်းဈေးကွက်တွင် ရနိုင်သည့် စီးရေနည်းပါးနေစဉ် LNG သင်္ဘောများ ဥရောပတွင် ရောက်ရှိနေကြသည့်အတွက် လက်ငင်းဈေးကွက်ထဲ LNG သင်္ဘော ရှားပါးနေသည်။ သို့ဖြစ်ရာ ငှားရမ်းခများ ဈေးတက်ကုန်သည်။ တစ်ရက် ကန်ဒေါ်လာ ၅ သိန်းရေချိန်သို့ ရောက်ရှိနေသည်။

 Source CNBC

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)