အိန္ဒိယမှ Adani Group က အစ္စရေးမှ Haifa Port Company ကို ဒေါ်လာ ၁.၁၅ ဘီလီယံဖြင့် ဝယ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အစ္စရေးနိုင်ငံမှ Haifa ကွန်တိန်နာဆိပ်ခံကို ပုဂ္ဂလိကပိုင်ပြုလုပ်လိုက်ပြီဖြစ်ရာ အိန္ဒိယနိုင်ငံမှ Adani Group သည် Haifa ကွန်တိန်နာဆိပ်ခံကို တိုးချဲ့မည့်အပြင် ခေတ်မီအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အစ္စရေးနိုင်ငံသည် ဟိုင်ဖာဆိပ်ကမ်းကုမ္ပဏီ Haifa Port Company အား အိန္ဒိယမှ Adani Ports လုပ်ငန်းစု ဦးဆောင်သည့် မိတ်ဖက်အဖွဲ့ထံ ရောင်းချခဲ့ပါသည်။ ၎င်းမိတ်ဖက်အဖွဲ့တွင် Adani Ports နှင့် အစ္စရေးနိုင်ငံမှ ဓာတုပစ္စည်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Gadot Group တို့ ပါဝင်ပါသည်။
အစ္စရေးအစိုးရသည် ဟိုင်ဖာဆိပ်ကမ်းကုမ္ပဏီကို ပုဂ္ဂလိကပိုင်ပြုရေးအတွက် ၎င်းကုမ္ပဏီကို ရောင်းချရန် လွန်ခဲ့သော ၅ နှစ်က စတင်လုပ်ဆောင်ခဲ့ပါသည်။
Haifa ဆိပ်ကမ်းရှိ တရုတ်ကုမ္ပဏီပိုင် ကွန်တိန်နာဆိပ်ခံ ဖွံ့ဖြိုးရေး ဆောင်ရွက်သည့်အခါ ဆိပ်ကမ်းကို တိုးချဲ့နိုင်ရန်နှင့် တရုတ်ပိုင်ဆိုင်မှုကို ချိန်ခွင်လျှာညီစေရန် ဟိုင်ဖာဆိပ်ကမ်းကုမ္ပဏီ ရောင်းချရေးကို စတင်ခဲ့ခြင်း ဖြစ်ပါသည်။
ဟိုင်ဖာဆိပ်ကမ်းကုမ္ပဏီ ပုဂ္ဂလိကပိုင်ပြုလုပ်မှုသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အစ္စရေးနိုင်ငံမှ စီမံခန့်ခွဲသည့် အကြီးမားဆုံး အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာရေး စီမံကိန်းများထဲမှ တစ်ခုဖြစ်ပါသည်။
တင်ဒါအစီအစဉ်ကို ၂၀၂၀ ဇန်နဝါရီလတွင် ကြေညာခဲ့ပါသည်။ နိုင်ငံတကာမှ လုပ်ငန်းကြီးများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ကုမ္ပဏီ တစ်ခုတည်းအနေဖြင့် လက်မနိုင်သဖြင့် စိတ်ဝင်စားသည့် ကုမ္ပဏီ ၁၈ ခုတို့သည် အလျဉ်းသင့်ရာ ကုမ္ပဏီများနှင့် ပူးပေါင်းကာ မိတ်ဖက်အဖွဲ့များ အသီးသီး ဖွဲ့ကြရာ အဆုံးသတ်တွင် အဖွဲ့ ၅ ဖွဲ့ ပေါ်ထွက်လာခဲ့ပြီး တင်ဒါကို ပြိုင်ဆိုင်ခဲ့ကြပါသည်။
စိတ်ဝင်စားကြောင်းကို ယူအေအီးနိုင်ငံ ဒူဘိုင်း အခြေစိုက် DP World က အစောပိုင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့သည်။
DP World သည် ၂၀၀၅ ခုနှစ်တွင် Dubai Ports Authority နှင့် Dubai Ports International တို့ ပေါင်းစည်းပြီး ပေါ်ထွက်လာသည့် ကုမ္ပဏီဖြစ်သည်။ DP World ၏ ဆိပ်ခံများတွင် တစ်နှစ်လျှင် ကွန်တိန်နာ ခုရေ သန်း ၇၀ ဝန်းကျင် ကိုင်တွယ်ပေးသည်။ အဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းအော်ပရေတာအဖြစ် လုပ်ကိုင်ပြီး တန်ဖိုးကွင်းဆက် အထက်နှင့် အောက်တို့မှ အခြားကုမ္ပဏီများကို ဝယ်ယူနေသည့် ကုမ္ပဏီကြီး ဖြစ်သည်။
ဟိုင်ဖာဆိပ်ကမ်းကုမ္ပဏီ တင်ဒါ ပြိုင်ဆိုင်သည့် နောက်ဆုံးအဆင့်တွင် Adani မိတ်ဖက်အဖွဲ့၊ အစ္စရေးသင်္ဘောကျင်းများ အုပ်စုနှင့် British Lomar Shipping တို့သာ ဆန်ကာတင် ကျန်ရစ်သည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကန်ဒေါ်လာ ၁.၁၅ ဘီလီယံဖြင့် Adani မိတ်ဖက်အဖွဲ့ လေလံအောင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
Haifa Port Company ၏ ရှယ်ယာများတွင် ၇၀%ကို Adani က ပိုင်ဆိုင်ပြီး ၃၀% ကို Gadot Group က ပိုင်ဆိုင်မည် ဖြစ်သည်။
တင်ဒါပါ စည်းကမ်းသတ်မှတ်ချက်များအရ တင်ဒါအောင်သည့်သူများသည် Haifa Port Company ၏ လုပ်ငန်းများကို ခေတ်မီအောင် အဆင့်မြှင့်တင်ပေးခြင်းနှင့် တိုးချဲ့ခြင်းအတွက် အနည်းဆုံး ကန်ဒေါ်လာ ၂၈၈ သန်း သုံးစွဲရမည် ဖြစ်သည်။
Haifa ဆိပ်ကမ်းတွင် ကွန်တိန်နာဆိပ်ခံအသစ် ဆောက်လုပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် အစ္စရေးအစိုးရက တရုတ်နိုင်ငံမှ Shanghai International Port Group (SIPG) ကို ကန်ထရိုက်အပ်နှံခဲ့သည်။ စီမံကိန်း ပထမအဆင့်ကို ပြီးစီးခဲ့ပြီးနောက် ၂၀၂၁ စက်တင်ဘာလတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ တစ်နှစ်လျှင် ကွန်တိန်နာ TEU ၁ သန်းအထိ ကိုင်တွယ်ပေးနိုင်သည်။ ဒုတိယအဆင့်တွင် ကွန်တိန်နာ TEU ၈ သိန်း ကိုင်တွယ်ပေးနိုင်မည့် ဆိပ်ခံကို ဆောက်လုပ်လျက် ရှိသည်။
Haifa Port Company သည် ၂၀၂၁ တွင် ကွန်တိန်နာ TEU ၁ သန်းခွဲနီးပါးနှင့် အခြားကွန်တိန်နာ မသုံးသည့် ကုန်စည် ၂.၅ သန်းကို ကိုင်တွယ်ပေးခဲ့သည်။ Haifa Port သည် ခရီးသည်တင် သင်္ဘောများ၊ အပျော်စီးသင်္ဘောများကိုလည်း ဆိပ်ကမ်းဝန်ဆောင်မှုများ ပေးပါသည်။
Source maritime executive
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U