နိုင်ငံခြား သင်္ဘောလိုင်းများ ပါကစ္စတန်ကို ဝန်ဆောင်မှုများ ရပ်တန့်သွားနိုင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
နိုင်ငံခြားသင်္ဘောလိုင်းများသည် ဘဏ်များမှ ကန်ဒေါ်လာ ငွေလွှဲ ပိတ်ပင်ထားသဖြင့် ကုန်စည်ပို့ဆောင်ခများ မရရှိခြင်းကြောင့် နိုင်ငံခြား သင်္ဘောလိုင်းများ ပါကစ္စတန်ကို ဝန်ဆောင်မှုများ ရပ်တန့်ရန် ချင့်ချိန်နေကြောင်း သင်္ဘောအေးဂျင့်များက သတိပေးထားသည်။
ပါကစ္စတန်မှ နိုင်ငံတကာ ကုန်သွယ်ရေးသည် ရေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်သဖြင့် ၎င်းဝန်ဆောင်မှုများ ရပ်ဆိုင်းသွားပါက နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း Pakistan Ship's Agents Association (PSAA) ဥက္ကဋ္ဌ Abdul Rauf က ဘဏ္ဍာရေးဝန်ကြီး Ishaq Dar ထံသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
“အကယ်၍ နိုင်ငံတကာ ကုန်သွယ်မှုများ ရပ်သွားလျှင် စီးပွားရေး အခြေအနေ ပိုဆိုးလာမည်” ဟု PSAA က သတိပေးထားသည်။
နိုင်ငံခြားသင်္ဘောလိုင်းများသည် ကုန်တင်ကုန်ချပမာဏ လျော့နည်းနေခြင်းကြောင့် ပါကစ္စတန်တွင် ၎င်းတို့၏ ဝန်ဆောင်မှုများကို လျှော့ချရန် နဂိုကတည်းက စဉ်းစားနေကြကြောင်း အသင်းက ပြောကြားသည်။
PSAA ဥက္ကဋ္ဌသည် ပါကစ္စတန်နိုင်ငံတော်ဘဏ်State Bank of Pakistan (SBP) ဥက္ကဋ္ဌ Jameel Ahmed ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Syed Naveed Namar နှင့် ရေကြောင်းရေးရာဝန်ကြီး Faisal Sabzwari ထံသို့လည်း ၎င်းစာကို ပေးပို့ထားသည်ဟု Dawn သတင်းစာက သတင်းဖော်ပြသည်။
ဘဏ်များတွင် ကန်ဒေါ်လာ လက်ကျန်မရှိသဖြင့် ကုန်စည်ပို့ဆောင်ခများကို ကန်ဒေါ်လာဖြင့် ငွေလွှဲခြင်းကို တညီတညွတ်တည်း ရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်။
ပါကစ္စတန်၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် စဉ်ဆက်မပြတ်စေရန်အတွက် သက်ဆိုင်ရာ နိုင်ငံခြား သင်္ဘောလိုင်းများသို့ ငွေလွှဲရန် ခွင့်ပြုချက် ရရှိအောင် Rauf မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများအား ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
နိုင်ငံခြား သင်္ဘောလိုင်းများသို့ ငွေလွှဲ မရခြင်းသည် ပြည်ပသင်္ဘောလိုင်းများပေါ်တွင် မှီခိုနေရသော ပါကစ္စတန်၏ ပင်လယ်ကူးကုန်သွယ်မှုကို အဟန့်အတားဖြစ်နေကြောင်း ၎င်းက စာတွင် ဖော်ပြထားသည်။
ပြည်ပပို့ကုန်များသည် ကွန်တိန်နာများဖြင့် တင်ပို့ခြင်း ဖြစ်သည်။
နိုင်ငံပိုင် Pakistan National Shipping Company (PNSC) သည် ရေကြောင်းကွန်တိန်နာ ပို့ဆောင်ရေးကို ဝန်ဆောင်မှု မပေးချော၎င်း၏ သင်္ဘော ၁၂ စင်းသည် ရေနံစိမ်းနှင့် အခြားလောင်စာဆီ တင်သွင်းမှုကိုသာ ပို့ဆောင်ပေးနိုင်သည်။
ပါကစ္စတန်၏ ရေကြောင်း ကုန်စည်ပို့ဆောင်ရေးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံဝန်းကျင် ကုန်ကျပြီး အားလုံးနီးပါး အမေရိကန်ဒေါ်လာဖြင့် ပေးသွင်းရသည်။
ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။
Source Tribune India
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U