ပနားမားတူးမြောင်း ကုန်စည်ပမာဏ လျော့ကျ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ပနားမားတူးမြောင်းကို ဖြတ်သွားသည့် ကုန်စည် ပမာဏသည် ယခုဘဏ္ဍာနှစ်အတွင်း လျော့ကျနိုင်ဖွယ်ရှိကြောင်း တူးမြောင်း၏ ထိပ်တန်းအာဏာပိုင်က မတ်လ ၈ ရက်တွင် ပြောကြားခဲ့သည်။
ကုန်စည်ပမာဏ နည်းပါးခြင်းသည် ပနားမား တိုင်းပြည်စီးပွားရေးကို ထိခိုက်နိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
တူးမြောင်းအာဏာပိုင် အဖွဲ့အစည်းသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် သမုဒ္ဒရာနှစ်ခုအကြား ရေလမ်း မိုင် 50 (80 ကီလိုမီတာ) တူးမြောင်းကို ဖြတ်သန်းမည့် ကုန်စည်တန်ချိန် သန်း ၅၀၀ သာ ရှိမည်ဟု ခန့်မှန်းထားကြောင်း တူးမြောင်း အုပ်ချုပ်ရေးမှူး Ricaurte Vasquez က ပြောကြားသည်။
ယခင်ခန့်မှန်းထားသည်ထက် တန်ချိန် ၁၀.၃ သန်း လျှော့ချပြီး ပြင်ဆင်ခန့်မှန်းခြင်း ဖြစ်သည်။
ရုရှား၏ ယူကရိန်း ကျူးကျော်စစ်၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမည့်အေရးကို စိုးရိမ်ပူပန်ခြင်း၊ တရုတ်နိုင်ငံ ပို့ကုန်ပမာဏ လျော့ကျခြင်းတို့ ပေါင်းဆုံသဖြင့် ပနားမားတူးမြောင်းကို ဖြတ်သန်းပို့ဆောင်သည့် ကုန်စည်ပမာဏ လျော့ကျရသည်ဟု Vasquez က ပြောကြားသည်။
ယခင်က အမေရိကန် အရှေ့ကမ်းရိုးတန်းမှ အာရှသို့ လောင်စာဆီနှင့် ဓာတ်ငွေ့ ပို့ဆောင်သည့် သင်္ဘောများ တူးမြောင်း ဖြတ်သန်းမှု လျော့ကျ သွားသည်။ ၎င်းလောင်စာဆီနှင့် ဓာတ်ငွေ့များသည် အာရှအစား ဥရောပသို့ ပေးပို့နေသည်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားကို ပိတ်ဆို့အရေးယူထားရာ၌ ရုရှားထံမှ လောင်စာဆီနှင့် ဓာတ်ငွေ့ တင်သွင်းခြင်း မပြုရတော့သဖြင့် အမေရိကန်ထံမှ တင်သွင်းနေကြခြင်း ဖြစ်သည်။
"ခန့်မှန်းခြေအားဖြင့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG)တင် သင်္ဘောနှစ်စင်းဖြတ်သန်းသွားလာမှု ကျွန်တော်တို့နေ့စဉ် ဆုံးရှုံးနေပါတယ်၊ ဖြတ်သန်းခ မြှင့်တင် သတ်မှတ်ထားတာက တစ်စိတ်တစ်ဒေသပဲ ထေမိပါတယ်" ဟု Vasquez က ပြောကြားခဲ့သည်။
ဥပမာအားဖြင့် တူးမြောင်း၏ ချဲ့ထွင်ထားသော အကန့်များမှတစ်ဆင့် ပရိုပိန်း တန်ချိန် ၄၆,၀၀၀ ကို သယ်ဆောင်လာသော အရည်ဓာတ်ငွေ့တင်သင်္ဘောသည် ၂၀၂၅ ခုနှစ်တွင် စည်းကြပ်သည့် နှုန်းထားထက် တစ်တန်လျှင် ကန်ဒေါ်လာ ၅.၂၀ ပိုမိုပေးဆောင်ရမည်ဖြစ်သည်။
ဥပမာအားဖြင့် မူလအကန့်များမှတစ်ဆင့် ရေနံစိမ်းစည်ပေါင်း ၄၅၀,၀၀၀ တင်ဆောင်လာသော ရေနံတင်သင်္ဘောများသည် တစ်စည်လျှင် ကန်ဒေါ်လာ ၀.၂၀ ပိုမိုပေးဆောင်ရမည်ဖြစ်သည်။
ကားတင်သင်္ဘောများ၊ ဓာတုနှင့် LNG ရေနံတင်သင်္ဘောများ၊ ကောက်ပဲသီးနှံများနှင့် ကျောက်မီးသွေးများကဲ့သို့ ဝမ်းပုံ တင်ဆောင်သည့် သင်္ဘောများသည်လည်း မြင့်မားသောအခွန်အခများကို ပိုမိုပေးဆောင်ရမည်ဖြစ်သည်။
တူးမြောင်း ဖြတ်သန်းသွားသည့် တန်ချိန်သည် ၂၀၂၁ ခုနှစ်တွင် ၅၁၆ သန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၅၁၈ သန်းအထိ ရောက်ရှိလာခဲ့သည်။ ယခု ၂၀၁၃ ခုနှစ်တွင် တန်ချိန် သန်း ၅၀၀ အထိ လျော့ကျမည်ဟု ခန့်မှန်းထားသည်။။
ပနားမားရေကြောင်း အဖွဲ့အစည်းမှ ဥက္ကဋ္ဌဟောင်း Nicolas Vukelja က တူးမြောင်းဝင်ငွေ ကျဆင်းသည့်အတွက် တိုင်းပြည်စီးပွားရေးအပေါ် ထိခိုက်မှု ရှိမည်ဟု ဆိုသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U