စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ HUBS MK Company Limited တို့ပူးပေါင်းကာ ကန်ဒေါ်လာသန်း ၉၀ ကျော်အသုံးပြုကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစခန်း(Logistics Hub) တစ်ခု တည်ဆောက်သွားမည်ဟု ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားခဲ့သည်။
ထိုပို့ဆောင်ရေးစခန်းကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိအချက်အချာ ကျသော စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနပိုင် မြေဧက ၅၉ဒသမ ၁၀၇ ပေါ်တွင် တည်ဆောက်ရန်အတွက် ဇန်န၀ါရီ ၂၄ တွင် သဘောတူညီချက်မှတ်တမ်းတခု ရေးထိုးခဲ့ကြသည်။
ရန်ကုန်ကိုရွေးချယ်ပြုလုပ်ရတာကတော့  ပို့ကုန်တွေအားလုံးက ပင်လယ်ရေကြောင်းကပဲသွားသွား၊ လေကြောင်းလိုင်းကပဲသွားသွား ရန်ကုန်ကအဓိကနေရာတခုဖြစ်တာကြောင့် ရွေးချယ်ဖြစ်တာဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးကပြောခဲ့သည်။
သဘောတူညီချက်ကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် HUBS MK Co.,Ltd ၏ Managing Director နှင့် CEO ဖြစ်သူ Mr. Kang Shangwon တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲကာ ပို့ကုန်များ မြှင့်တင်ရေးဆောင်ရွက်လျက်ရှိရာ မြန်မာ့ပို့ကုန် အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် နှင့် ကုန်ကျစရိတ် လျှော့ချနိုင်ရန်ကုန်စည်ထောက်ပံ့ပို့ ဆောင်ရေးစခန်းများသည်လည်း အထောက်အပံ့တစ်ခု ဖြစ်လာခဲ့သည်။
Logistics Hub ကို တည်ထောင်ရာတွင် ကနဦးလေ့လာဆန်းစစ်မှုများ စတင်ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များထွက်ရှိရာ အခြားနေရာတွင် လိုအပ်သော ဒေသများတွင်လည်း Logistics Hub များ ဆက်လက် တိုးချဲ့တည်ထောင်ကာ ရှေ့ဆက်သွားမည် ဖြစ်ကြောင်း သိရရှိသည်။
Source ; Myanmar Business Today