Tenders

ဒေါ်လာ ၁၈၅ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံရမည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် နှစ်လမ်းသွားအဝေးပြေးလမ်းပိုင်း တည်ဆောက်လုပ်မည့် စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများကို အိန္ဒိယအစိုးရ ထုတ်ပြန်

google.com google.com

ဒေါ်လာ ၁၈၅ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံရမည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်နှစ်လမ်းသွား အဝေးပြေးလမ်းပိုင်း ဆောက်လုပ်မည့်စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများကို အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ကြောင်း The Hindu Business Line သတင်းဌာန၏ ဖော်ပြသည်။

အိန္ဒိယအစိုးရ၏ အမျိုးသားအဝေးပြေး လမ်းမကြီးများအာဏာပိုင်အဖွဲ့ (NHAI)က အဆိုပါ သုံးနိုင်ငံဆက် အဝေးပြေးလမ်းပိုင်း တည်ဆောက်ရေးအတွက် တင်ဒါအောင် ကုမ္ပဏီများကို လေးလကြာစစ်ဆေးပြီးနောက် ပြီးခဲ့သည့် တစ်ပတ်တွင် လုပ်ငန်းဆောင်ရွက်ခွင့်ရ ကုမ္ပဏီများအဖြစ် Pynj Lloyd နှင့် Varaha Infra တို့ကို ရွေးချယ်ကာ ယင်းကုမ္ပဏီနှစ်ခုက အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည်။

အာဆီယံနိုင်ငံများနှင့် ကုန်းလမ်းဖြင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အရေးကြီးပြီး အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအတွက် ယခုသုံးနိုင်ငံဆက်အဝေးပြေး လမ်းမကြီးက အထောက်အကူပြုနိုင်မည်လို့ အိန္ဒိယက မျှော်မှန်းကြသည်။

ယခု Punj နှင့် Varaha တို့ တင်ဒါအောင်မြင်ပြီးချိန်တွင် အိန္ဒိယအမျိုးသား အဝေးပြေးလမ်းမကြီးများ အာဏာပိုင်အဖွဲ့က မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် မြေရယူသုံးစွဲခွင့် အနည်းဆုံး ရာခိုင်နှုန်း ၈၀ ရှိစေရေး ဆွေးနွေးရန် စီစဉ်ထားပြီး အိန္ဒိယဘက်မှ မြေယာအသုံးပြုခွင့်အတွက် သဘောတူညီမှုရသည်။

မကြာမီတည်ဆောက်တော့မည့် သုံးနိုင်ငံဆက် အဝေးပြေးလမ်းသည် ကီလိုမီတာ ၁၂၀ ရှည်လျားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ရူပီး ၁၁၇၇ ဘီလျံ (ဒေါ်လာ ၁၈၅ သန်းဝန်းကျင်) ရှိမည်ဟု ခန့်မှန်းထားသည်။ လက်ရှိတွင်လည်း တမူးမှ ကလေးဝအထိ ၁၃၂ ကီလိုမီတာရှည်သည့် ချစ်ကြည်ရေးအဝေးပြေးလမ်း တစ်ခုရှိပြီး အိန္ဒိယအစိုးရနှင့် ယခုလမ်းပိုင်း တင်ဒါအောင်ကုမ္ပဏီတို့အကြား တမူး- ကလေးဝလမ်းပိုင်းတစ်လျှောက်ရှိ တံတား ၆၉ စင်းကို အဆင့်မြှင့်တင်ပေးရန် သဘောတူချက်လည်းရှိသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနှင့်ထိုင်းအပြင် အာဆီယံနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့အထိ အဝေးပြေးလမ်းများဖြင့် ဆက်သွယ်ရေးတိုးချဲ့ရန် စီစဉ်ထားပြီး ကနဦးအနေဖြင့် ယခုတည်ဆောက်မည့် သုံးနိုင်ငံဆက် အဝေးပြေးလမ်းနှင့်အပြိုင် ရထားလမ်းတစ်ခုကို ဖောက်လုပ်ရန် စီစဉ်လျက်ရှိရာ ဂျပန်နိုင်ငံကလည်း ယင်းစီမံကိန်းတွင် ငွေကြေးထည့်ဝင်ရန် စိတ်ဝင်စားလျက်ရှိသည်။

လက်ရှိအချိန်အထိ သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးတည်ဆောက်ရန် အိန္ဒိယမှ ကုန်ကျစရိတ်အားလုံး ရင်းနှီးမြှုပ်နှံထားသော်လည်း အာဆီယံနိုင်ငံများနှင့် ထပ်မံချိတ်ဆက်မည့် အခြားစီမံကိန်းများတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုများ စီစဉ်ထားကြောင်း သိရသည်။

Source;Eleven

Read times
Rate this item
(2 votes)