Transportation

Tuesday, 06 November 2018 04:12

လျှပ်စစ်ဘတ်စ်ကားသုံးစီး ၀ယ်ယူစမ်းသပ်ပြေးဆွဲ

တစ်စီးလျှင်ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိသည့် ဟန်ဂေရီ နိုင်ငံထုတ်လျှပ်စစ်ဘတ်စ်ကား သုံးစီးဝယ်ယူပြီး အဝေးပြေးခရီးစဉ်များတွင် စမ်းသပ်ပြေးဆွဲမည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကိုကိုလွင်က ပြောခလဲ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း နှင့် ရန်ကုန်-ပဲခူးလမ်းပိုင်းတို့တွင် စမ်းသပ်ပြေးဆွဲရန် စီစဉ်ထားပြီး လျှပ်စစ်ဓာတ်အားဖြည့် ရန်နေရာများ တည်ဆောက်ရန် စီစဉ်ထားကြောင်း ၎င်းကပြောခဲ့ပါတယ်။ ‘‘မိနစ် ၂၀၊ နာရီဝက်နဲ့ဓာတ် အားပြည့်အောင် စီစဉ်ထားပါ တယ်။ ၁၁၅ မိုင်မှာလို ထမင်းစား နားတဲ့အချိန်မှာ ဖြည့်လို့ရအောင် စီစဉ်ထားပါတယ်’’ ဟု ဦးကိုကို လွင်က ပြော်ခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံထုတ် လျှပ် စစ်ဘတ်စ်ကားများသည် ဓာတ် အားတစ်ကြိမ်အပြည့်ဖြည့်ထား လျှင် ကီလိုမီတာ ၃၀၀ (၁၈၇ ဒသမ ၅ မိုင်)အထိမောင်းနှင်နိုင် သည်ဟု ၎င်းကဆိုခဲ့တယ်။ ဘတ်စ် ကားဘက်ထရီသက်တမ်းကို ၁၀ နှစ်အာမခံပေးထားပြီး ဘက်ထရီ ပျက်စီးပါက ထပ်မံဝယ်ယူပြောင်း လဲတပ်ဆင်နိုင်သည်ဟု ဆိုခဲ့ပါတယ်။ စက်မှုဝန်ကြီးဌာန၊ဟန်ဂေရီ နိုင်ငံ Csepel Holding Limited နှင့် Green Power Myanmar Co., Ltd တို့ပူးပေါင်းပြီး မြန်မာ နိုင်ငံတွင်လျှပ်စစ်ကားများ ထုတ်လုပ်ရန် စီစဉ်နေသည်။ လျှပ်စစ်ဘတ်စ်ကား ထုတ်လုပ်ရန်နှင့် လျှပ်စစ်ဓာတ်အားဖြည့်ရန် နေရာ များတည်ဆောက်ရန် ဆွေးနွေး သဘောတူညီမှုစာလွှာလက်မှတ် ရေးထိုးပွဲကို နိုဝင်ဘာ ၄ ရက်က ရေတာရှည်မြို့နယ် သာဂရစက် မှုနယ်မြေရှိ သုတေသနနှင့်ဖွံ့ဖြိုး ရေးဗဟိုဌာန၌ ပြုလုပ်ခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံနှင့် ပြည်တွင်း ကုမ္ပဏီများပူးပေါင်းပြီး မြန်မာ နိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားအ စီး ၃၀၀ ကို အဝေးပြေးယာဉ်လိုင်း များ၌ အသုံးပြုရန်ထုတ်လုပ်မည် ဖြစ်ပါတယ်။ကားများ ရောင်းချရာတွင် ဘဏ်များ နှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန် စီစဉ်ထားသည်ဟု ဦးကိုကိုလွင်က ရှင်းပြသည်။ ထို့အပြင် သီရိလင်္ကာ၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ရန်မြန်မာ နိုင်ငံတွင်လျှပ်စစ်ဘတ်စ်ကားအ စီး ၇,၀၀၀ ထုတ်လုပ်ရန် စီစဉ် ထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းတွင် လျှပ်စစ်ကားထုတ်လုပ်သုံးစွဲမှု အရှိန်အဟုန်မြင့်တက်နေပြီး လောင်စာဆီသုံးယာဉ်များကို လျှော့ချနေပြီဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုက နိုင်ငံပိုင်သတင်းစာများအား ပြော ကြားထားခဲ့ပါတယ်။ Source : 7 Day Daily

Monday, 05 November 2018 09:25

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကျူးကျော်များအား စာရင်းကောက်ယူမှု ပြီးစီး

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း တည်ဆောက်ရေးအတွင်း ကျရောက်နေသည့် ကျူးကျော်များအား စာရင်းကောက်ယူမှု ပြီးစီးသွားပြီလို့ သိရပါတယ်။ အခုလိုပွင့်လင်းရာသီမှာ လေဆိပ်ကျူးကျော်သူများအား လျော်ကြေးငွေပေးအပ်ခြင်း၊ လေယာဉ်ကွင်းပတ်လမ်း ဖောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံသည့် လုပ်ငန်းများဆောင်ရွက်ရန်ရှိနေတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။ ကျူးကျော်စာရင်းကောက်ယူခြင်း၊ နစ်နာကြေးပေးအပ်ခြင်း၊ ပြန်လည်နေရာချထားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိစာရင်းကောက်ယူမှုအဆင့် ပြီးစီးခဲ့ပြီလို့သိရပါတယ်။ ထိုကဲ့သို့ကျူးကျော်စာရင်းကောက်ယူမှုကို အဆင့် ၃ ဆင့်ထားပြီးကောက်ယူခဲ့ပြီး ဘုန်းကြီးကျောင်း ၉ ကျောင်း၊ အခိုင်အမာလူနေအိမ် ၃၆၄ လုံးနဲ့ ယာယီတဲ ၃၆၁ လုံးပါ ဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်သီးနှံစိုက်ပျိုးထားရှိသည့် စိုက်ပျိုးသူ ၅၃၃ ဦးတိုကို့လည်း လျော်ကြေးငွေအမြန်ပေးအပ်နိုင်ရန် တိုင်းအစိုးရအဖွဲ့မှ လေကြောင်းဦးစီး ဌာနနှင့် တိုင်းအစိုးရတာဝန်ရှိသူများ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ Source:Strategy First Journal

Monday, 05 November 2018 03:25

ဇေကမ္ဘာကုမ္ပဏီ မြို့နယ်ငါးခုတွင် လမ်းအသုံးပြုခ ကောက်ခံခွင့်ရပ်ဆိုင်းခံရ

ဇေကမ္ဘာကုမ္ပဏီအုပ်စု က BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း)စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် မြို့နယ်ငါးခုရှိလမ်းများတွင် လမ်းအသုံးပြုခ ကောက်ခံခြင်းများကို အောက်တိုဘာ ၃၁ ရက် ည ၁၂ နာရီတွင်စတင်ရပ်ဆိုင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားစာထုတ်ပြန်ချက်အရ သိခဲ့ရပါတယ်။ လမ်းများ ဖောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း နှင့် မကိုက်ညီ၍ ရပ်ဆိုင်းခြင်းဖြစ်ပြီး ကုမ္ပဏီကို အကြောင်းကြားထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ ‘‘လျာထားတဲ့အတိုင်း လမ်းတွေမပြီးတော့ လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးချုပ်တို့ အစည်းအဝေးလုပ်ပြီးတော့ အမြန်ပြီးစီးအောင် ညွှန်ကြားတယ်။ နောက်ပိုင်း လုပ်တာအားနည်းလာတော့ ပြည်ထောင်စုအစိုးရထံတင်ပြီး အခုလို ရပ်တန့်လိုက်တာ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ ဇေကမ္ဘာကုမ္ပဏီသည် စုစုပေါင်း ၅၆ မိုင်ကို လုပ်ကိုင်ခွင့်ရခြင်းဖြစ်ပြီး လမ်းအသုံးပြုခ ရပ်ဆိုင်းခံရသည့် မြို့နယ်များမှာ တွံတေး၊ဒလ၊ ကော့မှူး၊ လှိုင်သာယာနှင့် ကွမ်းခြံကုန်းမြို့နယ် တို့ဖြစ်ပါတယ်။ အကယ်၍ ကုမ္ပဏီကလမ်းများပြင်ဆင်ပြီးပါက ငွေပြန်လည်ကောက်ယူခွင့်ရရှိမည်ဖြစ်ပြီး အခြေအနေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တတိယအဖွဲ့အစည်းတစ်ခုနှင့် စစ်ဆေးမည်ဟု အထက်ပါအရာရှိက ပြောခဲ့ပါတယ်။ လမ်းပိုင်းများ ငွေကောက်ခံမှု ရပ်ဆိုင်းခြင်း နှင့်ပတ်သက်ပြီး ကုမ္ပဏီသို့ အကြောင်းကြားစာ မရောက်သေးကြောင်းနှင့် လက်ရှိအချိန်ထိ ငွေကြေးကောက်ခံနေဆဲဖြစ်ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောပြချက်အရ သိရပါတယ်။ လမ်းအသုံးပြုမှုခ ကောက်ခံခွင့် ရပ်ဆိုင်းခြင်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးမှုကို ရရှိထားပြီး လမ်းအသုံးပြုခများ လတ်တလောပေးဆောင်ရန် မလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောခဲ့ပါတယ်။ Source: 7 Day

Friday, 02 November 2018 09:57

ယာဉ်မောင်းလိုင်စင် အခွန်အခများ တိုးမြှင့်ခြင်းဆိုင်ရာ ထပ်မံအသိပေးတင်ပြချက်

ယာဉ်မောင်းလိုင်စင် အခွန်အခများ တိုးမြှင့်ခြင်းဆိုင်ရာ ထပ်မံအသိပေးတင်ပြချက်

Friday, 02 November 2018 09:29

မှတ်ပုံတင်မဲ့သုံးဘီး မော်တော်ဆိုင်ကယ် နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များအား အခွန်ပေးဆောင်စေလျက် One Stop Service စီမံချက်ဖြင့်မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း

ယခင်က ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၄ ခုနှစ်များတွင် နိုင်ငံတော်အတွင်းရှိ မှတ်ပုံတင်မဲ့သုံးဘီး မော်တော်ဆိုင်ကယ်များကို One Stop Service စီမံချက်ပြုလုပ်ပြီး မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါသည်။ ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင်မှတ်ပုံတင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို စီးနင်းအသုံးပြုနေကြကြောင်း စိစစ်တွေ့ရှိရပါသည်။ထိုသို့ အသုံးပြုနေခြင်းသည် တရားဥပဒေ နှင့် ညီညွတ်မှုမရှိသည့်အပြင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် ယာဉ်တိုက်မှု နှင့် ရာဇဝတ်မှုခင်း ဖြစ်စဉ်များ၌ စိစစ်ဖော်ထုတ်ရန် ခက်ခဲခြင်း၊ Road Safety နှင့်ပတ်သက်၍ စနစ်တကျ ကြီးကြပ်ရန်ခက်ခဲခြင်းတို့ကြောင့် ယင်းတို့ကို မှတ်ပုံတင်ဆောင်ရွက်ပေးရန် လိုအပ်လာပါသည်။သို့ပါ၍ မှတ်ပုံတင်မဲ့သုံးဘီး မော်တော်ဆိုင်ကယ် နှင့် လျှပ်စစ်သုံးဘီး မော်တော်ဆိုင်ကယ်များအား OSS စီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။စီမံချက်ကာလ ၁.၁၁.၂၀၁၈ ရက်မှ ၂၃.၁၁.၂၀၁၈ ရက်အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးစိုက်ရာ (၄၉)ရုံးတွင် ဆောင်ရွက်ပေးပါမည်။ ရုံးပိတ်ရက် စနေနေ့တွင် Mobile Team အဖွဲ့များနှင့် အချက်အချာကျသောမြို့ (၃၉)မြို့တွင် နယ်လှည့်ဆောင်ရွက်ပေးပါမည်။ မှတ်ပုံတင်ဆောင်ရွက်ရာတွင် အကောက်ခွန်နှုန်းထားများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှကောက်ခံမည့် မှတ်ပုံတင်နှုန်းထားများ၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်ပေးသွင်းရမည့် နှုန်းထားများအား မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် အသိပေးကြေငြာ ဆောင်ရွက်ပေးထားမည် ဖြစ်ပါသည်။မှတ်ပုံတင်လုပ်ငန်းများ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ စီမံချက်တွင် Model Year ခုနှစ်ပုံစံ 2008 ခုနှစ် နှင့် အထက်ကိုသာ ဆောင်ရွက်ပေးပါမည်။ အိုမင်းဟောင်းနွမ်း၍ (Road Safety) မဖြစ်သော သုံးဘီးမော်တော်ဆိုင်ကယ်များ၊ လူစီးသုံးဘီး မော်တော်ယာဉ်များ၊ ဒေသအစီအစဉ်ဖြင့် တပ်ဆင်ထားသော ဆိုင်ကယ်ဘေးတွဲများ၊တောတွင်း နှင့် ကမ်းစပ်တွင်အသုံးပြုသော လေးဘီးပါမော်တော်ဆိုင်ကယ်များ၊ မှတ်ပုံတင်ထားပြီး သက်တမ်း(၅)နှစ်ကျော်နှစ်ပြတ်နေသော သုံးဘီးမော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးမည်မဟုတ်ပါ။နောင်တွင် မှတ်ပုံတင်မဲ့ယာဉ်များကို အသုံးပြုပါက ယခုကဲ့သို့ OSS စနစ်ဖြင့် မှတ်ပုံတင်ပေးတော့မည်မဟုတ်ဘဲ ဥပဒေအရယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်း၍ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Source : Ministry of transport and communications

Friday, 02 November 2018 03:58

၂ဝ၁၉ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒ စိတ်ဝင်စားမှုလျော့နဲလာခဲ့

၂ဝ၁၉ ခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒကတော့ အောက်တိုဘာ ၂၆ ရက်က ထွက်လာခဲ့ပါပြီ။ ဒါပေမဲ့ အေးစက်နေတဲ့ ကားဈေးကွက်ကို ဒီကြေညာချက်က ကားလောကကို လှုပ်လှုပ်ရှားရှားဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး။တင်သွင်းရမယ့် ကားမော်ဒယ်လ် ခုနှစ်သတ်မှတ်ချက်တွေက ၂ဝ၁၈ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့မူဝါဒနဲ့ ဘာမှသိပ်မထူးခြားဘဲ ပြီးခဲ့တဲ့နှစ်က ခုနှစ်သတ်မှတ်ချက်ထက် တစ်နှစ်စီ ရှေ့တိုးပြီးတင်သွင်းခွင့်ပြုထားမို့ အားလုံးမျှော်လင့်ထားတဲ့အတိုင်းဖြစ်တယ်လို့ ကားတင်သွင်းသူတွေက ဆိုကြပါတယ်။ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ကားတင်သွင်းခွင့် ခုနှစ်သတ်မှတ်ချက်ကို၂ဝ၁၇ အောက်တိုဘာလလယ်က မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများကြီးကြပ်မှုကော်မတီက တရားဝင်ထုတ်ပြန်လိုက်တုန်းကတော့ ကားလောကတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်ကစလို့ ကားတင်သွင်းရာမှာ မော်ဒယ်လ်မြင့် ဘယ်မောင်းကားတွေပဲ တင်သွင်းဖို့ ထုတ်ပြန်လိုက်ပြီး ဂျပန်ကား တစ်ပတ်ရစ် ညာမောင်းတွေကိုပဲကြိုက်တဲ့ မြန်မာနိုင်ငံက ကားအသုံးပြုသူတွေအတွက်တော့ နည်းနည်း အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဘယ်မောင်းလို့ဆိုရာမှာ တရုတ်နိုင်ငံထုတ် ဒါမှမဟုတ် ကိုရီးယားနိုင်ငံထုတ် ကားတွေကို သွင်းရမလား။ အရည်အသွေးက ဂျပန်လောက်ကောင်းပါ့မလား စသဖြင့် ပူပန်မှုတွေ၊ မေးခွန်းတွေအများကြီးရှိခဲ့ပါတယ်။ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေနေရာမှာ ဘယ်မောင်းယာဉ်သစ်တွေ တဖြည်းဖြည်းအစားထိုးသွားဖို့အရင်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်နေတာဖြစ်ပြီး ၂ဝ၁၈ ကစပြီးတော့ သွင်းတဲ့ကားအားလုံးက ဘယ်မောင်းတွေဖြစ်ရမယ်လို့ သတ်မှတ်ချက်ထားရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မူဝါဒထွက်ပြီးနောက် ၂ဝ၁၈ ခုနှစ်အတွင်းမှာ ညာမောင်းတွေ သွင်းခွင့်မရမှာစိုးပြီး ဝယ်ကြလို့ ညာမောင်း ဂျပန်ကားတွေ ဈေးအနည်းငယ်တက်ခဲ့ပါတယ်။ ကားပွဲစားတွေကလည်း ဈေးတင်ပြီးရောင်းကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ တစ်ပတ်ရစ်ဂျပန်ကားတွေကို ဈေးကြာကြာမြှင့်ထားလို့ မရခဲ့ပါဘူး။ တစ်ပတ်ရစ်ကားဟောင်း ဝယ်တဲ့အခါ ဘာအာမခံချက်မှမရှိသလို ကားဟောင်းဈေးနဲ့ မတိမ်းမယိမ်းဖြစ်လာတဲ့အခါမှာ ဝယ်သူတွေက စဉ်းစားလာကြပါတယ်။ဒါ့ပြင် ပြည်တွင်းမှာတပ်ဆင်ပြီး ရန်ကုန်လိုင်စင်ရတဲ့ ဆူဇူကီး၊ နစ်ဆန်း စတာတွေနဲ့ ဂျပန်ကတစ်ပတ်ရစ် ကားဟောင်းဈေးကို နှိုင်းယှဉ်လာကြပါတယ်။ ၂ဝ၁၈ ခုနှစ် လက်ရှိအချိန်ထိတော့ ဈေးနှုန်းသင့်တင့်ပြီး ဝယ်သူတွေ လက်လှမ်းမီတဲ့ ပြည်တွင်းမှာတပ်ဆင်တဲ့ ဆူဇူကီးကားတွေက ဈေးကွက်ထဲမှာ နေရာယူထားပြီး ရောင်းကောင်းနေပါတယ်။ ''အခုကြေညာချက်က ဘာမှထူးခြားတာမရှိဘူး။ ပြီးတော့ နိုင်ငံခြားက ကားတင်သွင်းဖို့လည်း ဘယ်သူမှစိတ်မဝင်စားဘူး။ သွင်းရင်လည်း ရှုံးမှာပဲလေ။ အဲဒါကြောင့် ရထားပြီးသား ကားလေးတွေကို ဈေးနည်းနည်းတင်ပြီးရောင်းမယ်။ ဂျပန်ကားတွေကို ကြိုက်ကြတာမှန်ပေမဲ့ ဂျပန်ကားကို ဘယ်သူမှ သိပ်မဝယ်တော့ဘူး''လို့ ဆာကူရာ ကားအရောင်းစင်တာက ဒါရိုက်တာဦးအောင်နိုင်ထွန်းက ပြောပါတယ်။တစ်ခြားနိုင်ငံက တင်သွင်းရတဲ့ တစ်ပတ်ရစ်ကားလေးတွေက မော်ဒယ်လ်နိမ့်ပြီး ဈေးကလည်း အတည်တကျ သတ်မှတ်ထားတာ မရှိတဲ့အတွက် အာမခံချက်ရှိတဲ့ ကားသစ်တွေဘက်ကို ဝယ်သူတွေက ခြေဦးလှည့်လာကြပါတယ်။ ''ဆူဇူကီးလေးတွေက ဒီနိုင်ငံမှာထုတ်တယ်ဆိုပေမဲ့ သူ့ဟာနဲ့သူ သုံးပျော်တယ်။ တိုယိုတာတို့၊ နစ်ဆန်းတို့နဲ့ယှဉ်ရင်ကျတော့လည်း ဆူဇူကီးက ဈေးသက်သာတယ်။ ရန်ကုန်လိုင်စင်လည်းရတယ်။ အဲဒါကိုအဓိကထားပြီး ဝယ်ကြတယ်''လို့ ဦးအောင်နိုင်ထွန်းက ပြောပါတယ်။ ၂ဝ၁၈ ခုနှစ်ကတည်းက ဘယ်မောင်းပဲ သွင်းရတော့မယ်လို့ သတ်မှတ်ထားတာကြောင့် ၂ဝ၁၉ ခုနှစ်အတွက် မူဝါဒက အပြောင်းအလဲ ကြီးကြီးမားမား မရှိသလို ကားတင်သွင်းမယ့်သူတွေက ထွေထွေထူးထူး စိတ်ဝင်စားမှုမရှိကြပါဘူး။''ဒီနှစ်ထဲမှာတောင် ကားသွင်းတာသိပ်မရှိခဲ့ဘူး။ ကျွန်တော်တို့အရောင်းစင်တာတွေဆိုရင် တင်သွင်းမှုမရှိသလောက် နည်းပါးတယ်။ အရင်ကတော့ ဂျပန်ကားဟောင်း ညာမောင်းတွေကို တင်သွင်းတာပေါ့။ ၂ဝ၁၈ ခုနှစ်ကတည်းက ကားက ဘယ်မောင်းပဲသွင်းရမယ့် သတ်မှတ်ချက်ဖြစ်သွားတော့ လူတွေက စိတ်မဝင်စားကြတော့ဘူး။ ဒီအတိုင်းဆက်သွားမယ်ဆို မြန်မာပြည်မှာ ကားဟောင်းထက်စာရင် ကားသစ်ဈေးကွက် ပိုကျယ်ပြန့်လာမယ်။ အသစ်ထဲမှာမှ ပြည်တွင်းထုတ် ကားတွေက ပိုနေရာရလာမယ်လို့ မြင်တယ်''လို့ Farmer ကားအရောင်းစင်တာက အမှုဆောင်အရာရှိချုပ် ဦးစိုးထွန်းက ပြောပါတယ်။ ရန်ကုန်မှာ ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းခွင့်ကို ပိတ်ထားတာနှစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီး အခုအချိန်ထိ ဘာမှထူးခြားမှု မရှိသေးပါဘူး။ ဆူဇူကီးကားသစ်ရဲ့ ဈေးနှုန်းက ကျပ်သိန်း ၂၅ဝ ကနေ ၃ဝဝ လောက်ထိရှိတာကြောင့် အဲဒီဈေးနှုန်းကို မတတ်နိုင်တဲ့သူတွေက လွန်ခဲ့တဲ့နှစ်နှစ် ရန်ကုန်လိုင်စင် မပိတ်ခင်က တင်သွင်းထားတဲ့ တစ်ပတ်ရစ်ကားတွေ ပြန်ပြီးဝယ်ယူကြတဲ့ဈေးကွက်လည်း ရှိနေပါတယ်။ ''အခု ရန်ကုန်လိုင်စင် ရထားပြီးသား တစ်ပတ်ရစ်တွေကို ရောင်းကြတာ။ ဆူဇူကီးကားဈေးနှုန်း ကျပ်သိန်း ၂၅ဝ၊ ၃ဝဝ ကို မတတ်နိုင်တဲ့သူတွေ အများကြီးပဲ။ အဲဒီလူတွေအတွက်တော့ ကျပ်သိန်း ၁၅ဝ၊ ၂ဝဝ ဝန်းကျင် Honda Fit, Belta စတဲ့ တစ်ပတ်ရစ်ကားလေးတွေက ပြန်ပြီးအရောင်းအဝယ်ဖြစ်တယ်''ဟု ဦးစိုးထွန်းက ပြောပါတယ်။ ဒီအတိုင်းဆက်သွားမယ်ဆို မြန်မာပြည်မှာ ကားဟောင်းထက်စာရင် ကားသစ်ဈေးကွက် ပိုကျယ်ပြန့်လာမယ်။ အသစ်ထဲမှာမှ ပြည်တွင်းထုတ်ကားတွေက ပိုနေရာရလာမယ် ၊''ကျပ်သိန်း ၁၃ဝ၊ ၁၄ဝ ကနေ သိန်း ၂ဝဝ ပတ်ချာလည်ရှိတဲ့ အရင်က သွင်းထားတဲ့ကားလေးတွေဖြစ်တဲ့ Toyota Vitz၊ Honda Fit စတာလေးတွေ အရောင်းအဝယ်ဖြစ်နေတယ်။ အက္ခရာကတော့ နိမ့်တယ်။ ဒါပေမဲ့ ကားကောင်းရင် ပြီးရောဆိုတဲ့သူတွေ အတွက်ကတော့ ဒီကားလေးတွေစီးကြတယ်''လို့ ကားဝယ်ရောင်းတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ပြည်ပက မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်ပြန်ထားချက်အရ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်နဲ့ တင်သွင်းမယ့်သူတွေအတွက် လူစီးမော်တော်ယာဉ် (၁၃ဝဝ စီစီနှင့်အောက် လူစီးယာဉ်များအပါအဝင်) ၂ဝ၁၆ ကနေ ၂ဝ၁၉ ခုနှစ်ထုတ် ဘယ်မောင်း၊ ကုန်တင်ယာဉ်များ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်ထုတ် ဘယ်မောင်း၊ မီနီဘတ်စ်၊ စီးတီးဘတ်စ်၊ အိတ်စ်ပရက်စ် စတဲ့ ခရီးသည်တင်ယာဉ်တွေအတွက် ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်ထုတ် ဘယ်မောင်းယာဉ်တွေကို တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်နဲ့ တင်သွင်းမယ့် လူစီးမော်တော်ယာဉ် (၁၃ဝဝ စီစီနဲ့အောက် လူစီးယာဉ်တွေအပါအဝင်) ဆိုရင်တော့ ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် ဘယ်မောင်း၊ ကုန်တင်ယာဉ်တွေဆိုရင်တော့ ၂ဝ၁၇ ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ်လုပ်တဲ့ ဘယ်မောင်းနဲ့ ခရီးသည်တင်ယာဉ်တွေဆိုရင်တော့ ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ်လုပ်တဲ့ ဘယ်မောင်းကားတွေကိုပဲ တင်သွင်းရမှာဖြစ်ပါတယ်။ FOC (Free of Charge) စနစ်နဲ့ ပြည်ပက လှူဒါန်းတဲ့ မော်တော်ယာဉ်ပါမစ်လျှောက်ထားမှုအပါအဝင် ပုံမှန်လိုင်စင်နဲ့ လျှောက်ထားမယ်ဆိုရင်တော့ လူစီးယာဉ်ဆိုရင် ၂ဝ၁၇ ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် ဘယ်မောင်း၊ လုပ်ငန်းသုံးယာဉ်ဆိုပါက ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် ဘယ်မောင်း၊ ယန္တရားတွေ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်တွေအတွက်ကတော့ ၂ဝ၁ဝ ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် ဘယ်မောင်းတွေကိုသာ သွင်းရမှာဖြစ်ပါတယ်။ သာသနာရေးဆိုင်ရာ ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကတော့ ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ်တဲ့ ယာဉ်တွေကို တင်သွင်းခွင့်ပြုထားပါတယ်။အစိုးရဌာနတွေကနေ မော်တော်ယာဉ်လျှောက်ထားမှုအတွက်တော့ လူစီးမော်တော်ယာဉ်ဆိုရင် ၂ဝ၁၇ ကနေ ၂ဝ၁၉ ခုနှစ်အတွင်း ဘယ်မောင်း၊ လုပ်ငန်းသုံးယာဉ်ဆိုရင် ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် ဘယ်မောင်း၊ ယန္တရားဆိုရင် ၂ဝ၁ဝ ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ်နဲ့ ခရီးသည်တင်ယာဉ်တွေဆိုရင် ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် ဘယ်မောင်းယာဉ်တွေကို တင်သွင်းခွင့်ပြုမှာဖြစ်ပါတယ်။ နိုင်ငံတော်အတွက် လှူဒါန်းတဲ့ မီးသတ်ယာဉ်နဲ့ လူနာတင်ယဉ်တွေလျှောက်ထားရာမှာတော့ ၂ဝဝ၇ ခုနှစ် မော်ဒယ်လ်အထိသာ လက်ခံဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ အများပြည်သူသုံးလမ်းတွေပေါ်မှာ အသုံးပြုတာနည်းတဲ့ ယန္တရားတွေကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကထုတ်လုပ်ခဲ့တဲ့ ယာဉ်များကို တင်သွင်းခွင့်ပြုမှာဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အစိုးအရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝယ်ယူခြင်းအတွက်တော့ ယာဉ်အို ယာဉ်ဟောင်းဝယ်ယူခြင်းနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း အရောင်းစင်တာ၊ အရောင်းပြခန်းတွေက ဝယ်ယူခွင့်ပြုမှာဖြစ်ပါတယ်။ Source : Myanmar Time

Tuesday, 30 October 2018 08:37

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ

၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခြင်းတွင်ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သည့်အမိန့်ကြော်ငြာစာ

Tuesday, 30 October 2018 07:22

ပလက်ဝမှ အိန္ဒိယနိုင်ငံမီဇိုရမ် ကားလမ်းစီမံကိန်း

ချင်းပြည်နယ် ပလက်ဝကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ကို ကားလမ်းစီမံကိန်းအတွက် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၃၂၈ သန်း ကူညီမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးစိုးသိန်းက ပြောပါတယ်။ ယခုလ နေပြည်တော်တွင်ပြုလုပ်တဲ့ “ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ပြည်တွင်းရေကြောင်း ဆိပ်ကမိး နှင့် ဆက်စပ်ပစ္စည်းများ၊အဆောက်အအုံများ စီမံခန့်ခွဲခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် Private Port Operator ရွေးချယ်ခန့်ထားရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား”မှာ အခုလို ပြောကြားတာပါ။ အရင်အစိုးရတွေလက်ထက် က နိုင်ငံတော်အကြီးအကဲတွေ အိန္ဒိယကိုသွားရာက်လည်ပတ်တဲ့အခါ အိန္ဒိယအစိုးရကနေသူတို့ နိုင်ငံရဲ့ အနောက်မြောက်မှာရှိတဲ့ မီဇိုရမ်ပြည်နယ်ကို သူတို့ရဲ့ ကုန်စည်တွေတင်ပို့တဲ့အခါ လမ်းပန်းဆက်သွယ်ရေးအနေအထား ဝေးကွာမှုအခက်အခဲတွေကြောင့် ကိုလ်ကတ္တားက တစ်ဆင့်စစ်တွေ၊စစ်တွေကတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝ၊ ပလက်ဝကနေကားနဲ့ မီဇိုရမ် ပြည်နယ်ကို ပြန်ပတ်လမ်းတစ်ခုတည်ဆောက်ဖို့ နှစ်နိုင်ငံသဘော တူညီခဲ့ကြတယ်လို့ သိရပါတယ်။သည်သဘောတူညီအချက်အရ ၂ဝဝ၈ ခုနှစ် ဧပြီလမှာ မူဘောင်သဘောတူညီချက်စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ သည်သဘောတူညီချက်အရ ဆက်လက်အကောင်အထည် ဖော်တာဖြစ်ပြီး ရေလမ်းကြောင်း ဆိုင်ရာအတွက် အမေရိကန်ဒေါ် လာသန်း ၁၆ဝ အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ ရေလမ်းခရီးအတွက် တည်ဆောက်မှု အားလုံးပြီးစီးသွားပြီဖြစ်တာကြောင့် ကုန်းလမ်းဖောက်လုပ်မှာ ဖြစ်ပါတယ်။သည်အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ရေကြောင်းဆိုင်ရာနဲ့ ကုန်းပိုင်းဆိုင်ရာလမ်းတွေအတွက် အမေရိကန် ဒေါ်လာ ၄၈၈ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။အမေရိကန်ဒေါ်လာသန်း ၃ဝဝ ကျော် ကူညီမယ့် ကုန်းလမ်းပိုင်းအရှည်မှာ ၁၀၉ ကီလိုမီတာ (၆၇ .ရ၃ မိုင်)ရှိတယ်လို့ သိရပါတယ်။ သည်ကားလမ်းစီမံကိန်းကို အိန္ဒိယပိုင်ကုမ္ဗဏီ ဒါမှမဟုတ် အိန္ဒိယ-မြန်မာဖက်စပ်ကုမ္ဗဏီ တစ်ခုခုကို နှစ်နိုင်ငံတာဝန်ရှိသူတွေက စိစစ်ရွေးချယ်မှာပါ။စီမံကိန်းကာလ နှစ်နှစ်ကနေသုံးနှစ်ခန့်အထိ ကြာနိုင်တယ်လို့ သိရပါ တယ်။အိန္ဒိယနိုင်ငံကနေဖောက်လုပ်ပေးတဲ့ ရေလမ်းနဲ့ ကုန်းလမ်းစီမံကိန်းတွေ အားလုံးပြီးစီးသွားရင်တော့ မြန်မာနိုင်ငံအနေနဲ့လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ အခုလိုဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံရဲ့ ရေကြောင်းတွေပိုပြီးတော့ ကောင်းမွန်လာမှာ ဖြစ်တယ်။ ကုလားတန်မြစ်ကြောင်း တစ်လျှောက်မှာဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးက ပိုမိုကောင်းမွန်လာမှာပါ။ ဒါ့အပြင်အခုလို အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြားရေလမ်းကြောင်းရော ကုန်းလမ်းကြောင်းပါ ဖောက်လုပ်ခြင်းဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရှိစေခြင်း၊ အပြည်အပြည်ဆိုင်ရာ ဆိပ်ကမ်းတွေပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနဲ့သာမက အခြားနိုင်ငံတွေနဲ့ပါ ကုန်သွယ်နိုင်ခြင်း၊ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့မှာ လမ်းပန်း ဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းနဲ့ ရေကြောင်းသွားလာမှုကို အခြေခံတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေလည်း ရရှိလာမယ်လို့ ဆိုပါတယ်။ Source:Kumudra

Monday, 29 October 2018 10:55

အသုံးပြုသူများဘေးကင်းလုံခြုံရေးအတွက် ရင်းနှီးမြှုပ်မှုနှစ်ဆတိုးမည့် Grab

Grab အသုံးပြုသူများ ဘေးကင်းလုံခြုံရေးအတွက် "နေ့စဉ် ပိုမိုဘေးကင်းလုံခြုံရေးနည်းပညာလုပ်ငန်းစဉ်" ကို Grab က မိတ်ဆက်လိုက်ပြီးသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးစံနှုန်းများကို မြှင့်တင်နိုင်ရန်၊ app ကို ပိုမိုကောင်းမွန်ရန်၊ ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆတိုး၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သုံးစွဲသူများကို လုံခြူံရေးဆိုင်ရာအလေ့အကျင့်ကောင်းများရစေပြီး ရေရှည်တွင် ယာဉ်လမ်းကြောဆိုင်ရာအပြုအမူများ ပြောင်းလဲလာခြင်းဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း လျှော့ချနိုင်ရန် အဓိကထားစီမံဆောင်ရွက်သွားမည်ဟု သိရပါတယ်။ ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေသော ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးသည့် ပမာဏစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှတွင်ဖြစ်နေပြီး အချိုးအစားမမျှတစွာ များပြားနေသည့်အတွက် Grab က မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး Grab ၏ နှစ်ဘီးတပ်၊ သုံးဘီးတပ် မော်တော်ယာဉ်မောင်းနှင်နေသော မိတ်ဖက်ယာဉ်မောင်းများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဆွေးနွေးပွဲများကို ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အခြေခံဗဟုတုသများနှင့် ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရန်နှင့် လျော့ချပေးနိုင်ရန်၊ ယာဉ်တိုက်မှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် မောင်းနှင်မှုစွမ်းရည်များ၊ ယာဉ်မောင်းများအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားခဲ့ကြောင်း သိရပါတယ်။ Grab ၏ နေ့စဉ် ပိုမိုဘေးကင်းလုံခြုံရေးသည် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စီမံကိန်းတစ်ခုဖြစ်ပြီး Grab လုပ်ကိုင်လျက်ရှိသော နိုင်ငံပေါင်း ၈ နိုင်ငံတွင် ဒေသတွင်းလုံခြုံရေးလုပ်ဆောင်ချက်များကို စတင်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ Source: pyimyanmar