Transportation

Thursday, 18 October 2018 02:33

စတေကာကပ်တက္ကစီ ၆၆ စီးကို လိုင်စင်သက်တမ်းတိုးရာတွင် ဝှီးတက်သိမ်းခြင်းကြောင့် နစ်နာမှုရှိနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ရာသက်ပန် တက္ကစီ ၆၆ စီးကို ယာဉ်လိုင်စင်သက်တမ်း တိုးပြုလုပ်ရာတွင် ဝှီးတက်သိမ်းဆည်းထားခြင်းကြောင့် ယာဉ်ပိုင်ရှင်များ နစ်နာမှူရှိနေကြောင်း အောက်တိုဘာ ၁၇ ရက်က တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိခဲ့ရပါတယ်။ "ကားမှန်မှာ စတေကာကပ်ထားလို့ တက္ကစီ၆၆ စီးကို လိုင်စင်သက်တမ်းသွားတိုးတဲ့အခါ ကားရဲ့ ဝှီးတက်ကို သိမ်းထားလိုက်တယ်။ တချို့ကားတွေဆို ပြီးခဲ့တဲ့ ၇ လပိုင်းထဲက ဝှီးတက်မရှိလို့ လမ်းပေါ်မှာမမောင်းရဘဲ ရပ်ထားကြတယ်။ တိကျတဲ့အမိန့်တစ်စုံတစ်ရာလည်း ထုတ်ပြန်ပေးတာမရှိဘူး။ ကညနကို သွားမေးတော့လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဒီကားတွေကို တားထားတယ်လို့ပြောတယ်။ရန်ကုန်တိုင်းအစိုးရအဖွဲ့လုပ်တာလို့ပြောတယ်။ ရန်ကုန်တိုင်းအစိုးအဖွဲ့က ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ခွင့်တောင်းတာလည်း မတွေ့ရဘူး။ နိုင်ငံတော်သတင်းစာမှာလည်း စတေကာကပ်တဲ့တက္ကစီတွေကို ဖမ်းဆီးမယ်ဆိုပြီးကြေညာထားတယ်။ ပညာပေးကာလလည်း မလုပ်ဘဲနဲ့ ဒီ ၆၆ စီးကို နယ်နှင်မယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒီရာသက်ပန်ကားတွေကို နယ်နှင်မယ်ဆိုတာလည်း မော်တော်ယာဉ် ဥပဒေတွေထဲမှာ မပါဘူး။ ရာသက်ပန်တက္ကစီ ဆိုတာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းလို့လည်းမရဘူး"ဟု သတင်းစာရှင်းလင်းပွဲတွင် အဌားယာဉ်တက္ကစီအုံနာ ဦးအောင်ခင်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောပြချက်အရ သိခဲ့ရပါတယ်။ Source ; Myanmar Time

Wednesday, 17 October 2018 09:48

YBS (၂၁) ယာဉ်လိုင်းတွင် ယာဉ်စီးခပြေစာထုတ်သည့်စနစ် ပြုလုပ်ရန် ခွင့်ပြုချက်မရသေး

Power Eleven ကုမ္ပဏီပိုင် YBS (၂၁) ယာဉ်လိုင်းများ၌ ယာဉ်စီးခပြေစာ ထုတ်ပေးသည့် စနစ်ပြောင်းလဲရန် တိုင်းအစိုးရထံ စာတင်ထားသော်လည်း ယခုအထိ ခွင့်ပြုချက်မရသေးကြောင်း အဆိုပါကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးကပြောခဲ့ပါတယ်။ ယာဉ်စီးရေ ၈၃ စီးဖြင့် ပြေးဆွဲနေသော အဆိုပါ ယာဉ်လိုင်းများ၌ ယာဉ်စီးခပြေစာ ထုတ်ပေးသည့် စက်များတပ်ဆင်ရန် ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)သို့ စက်တင်ဘာက စာတင်ထားခဲ့ပါတယ်။ ယာဉ်စီးခပြေစာ ထုတ်ပေး သည့် စက်များကို ယခုလအတွင်း တပ်ဆင်ရန် ကနဦး စီစဉ်ထား သော်လည်း YRTA မှ ပြန်စာမလာသေးကြောင်း ကိုတရုတ်လေးက ဆိုခဲ့ပါတယ်။‘‘စာပြန်ကျလာတာနဲ့ ဒီစနစ်ကို ချက်ချင်းအကောင်အထည် ဖော်သွားမယ်။ ပထမအဆင့်မှာ ကားခထည့်ရင် ယာဉ်မောင်းက လက်မှတ်ဖြတ်ပေးမယ်။ အဲဒါကို လအနည်းငယ်လောက် လုပ် မယ်။ ပြီးမှပြေစာစက်ကို သုံးဖို့စီစဉ်ထားတယ်’’ဟု ၎င်းကရှင်းလင်းပြောကြားခဲ့ပါတယ်။ လက်ရှိတွင် တိုင်းအစိုးရက YBS ယာဉ်လိုင်းများ၌ ကတ်စနစ် ပြောင်းလဲရန် ကြိုးစားနေ၍ ခရီး သွားပြည်သူများ ကြိုတင်အလေ့ အကျင့်ဖြစ်စေရန် ရည်ရွယ်ကာ ပြေစာစက်အသုံးပြုရန် စီစဉ်ခြင်း ဖြစ်သည်ဟုဆိုခဲ့ပါတယ်။ အဆိုပါစနစ်သည် ယာဉ်စီး ခအပြည့်မထည့်ခြင်း၊ ငွေစက္ကူအ စုတ်အပြဲထည့်ခြင်းများကို ထိန်း ချုပ်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ခရီးသည် မည်မျှစီးနင်းသည်နှင့် ယာဉ်စီးခ မည်မျှရရှိကြောင်း စနစ်တကျ တွက်ချက်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည် ဟု ၎င်းကပြောကြားခဲ့ပါတယ်။ ယင်းစနစ်ကို အကောင်အ ထည်ဖော်ရန် စက်တင်ဘာက ယာဉ်လိုင်းအချို့၌ ပြေစာထုတ်ပေးသည့်စက်စမ်း သပ်တပ်ဆင်၍ ခရီးသည်ဦးရေ အချက်အလက်စစ်တမ်း ကောက်ယူခဲ့ကြောင်း ကိုတရုတ်လေးကပြောခဲ့ပါတယ်။ခရီးသည်အချို့ ယာဉ်စီးခအပြည့်မထည့်ခြင်းနှင့် လက်မှတ်စနစ်တွင် အလေ့အကျင့်မဖြစ်သေး၍ အခက်အခဲများရှိနေကြောင်း စစ်တမ်းကောက်ယူရာ၌ လေ့လာတွေ့ရှိရသည်ဟု ၎င်းကဆိုခဲ့ပါတယ်။ Source ; 7 Day Daily

Tuesday, 16 October 2018 08:02

မြန်မာပြည်ထုတ် Suzuki Swift များ စတင်ရောင်းချ

ဆူဇူကီး(မြန်မာ) မော်တော်ယာဉ်ကုမ္ပဏီလီမိတက် ( Suzuki Myanmar Motor Company Limited) ၏ မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်လုပ်ထားသည့် ဆူဇူကီးကားအမျိုးအစား All New Suzuki Swift ကားမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့(အောက်တိုဘာလ ၁၅ရက်) နံနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာပလာဇာတွင်ကျင်းပခဲ့ပါတယ်။ ရန်ကုန်၊ သီလ၀ါစက်ရုံတွင်အသစ်တည်ဆောက်ထားသော ဆူဇူကီး၏ စက်ရုံတွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မျိုးဆက်သစ် Heartect ပလက်ဖောင်းကိုအခြေခံဆောက်လုပ်ကာ လုံခြုံမှုအပိုင်းကိုလည်းအဆင့်မြှင့်အောင် မြန်မာပြည်တွင်းမှာသေချာထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဆူဇူကီး(မြန်မာ) မော်တော်ယာဉ်ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ Mr. Keiichi Asano မှပြောကြားခဲ့ပါတယ်။ ကမ္ဘာမှာဆုများစွာရရှိထားတဲ့ နောက်ဆုံးပေါ် အသစ်စက်စက် 0 ကီလိုမီတာ (All New) Suzuki Swift မြန်မာနိုင်ငံမှာ ယနေ့စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Suzuki Swift 1 ဈေးနှုန်းကတော့- GL = 199 သိန်း+ ကညန ၂ သိန်း+ ဝင်ငွေခွန် GLX = 229 သိန်း+ ကညန ၂ သိန်း+ ဝင်ငွေခွန် ဖြစ်ပါတယ်။ ငွေဖြူ(သို့)ဝင်ငွေခွန်ဆောင်ထားတာ ရှိတဲ့သူအတွက် ဝင်ငွေခွန်ပေးဆောင်စရာမလိုပါ။ GL ဂရိတ်အတွက် ရရှိနိုင်သောအရောင်မှာ အနီနဲ့ ပုလဲဖြစ်ပြီး GLX ဂရိတ်အတွက် ရရှိနိုင်သောအရောင်မှာ အနီ၊ပုလဲရောင်နှင့် အနက်ရောင်တို့ဖြစ်ပါတယ်။ ဝင်ငွေခွန်ကတော့ GL အတွက်ဆို 29 သိန်းဝန်းကျင်နဲ့ GLX အတွက်ဆို 34 သိန်းဝန်းကျင် ဆောင်ရမှာဖြစ်ပါတယ်။ GL ကသာမာန်ဂရိတ်ဖြစ်ပြီး Push Start ၊ Original TV ၊ ဘက်မှန် မှန်ချိုးမှန်ခေါက်တွေ ၊ အဲကွန်း Digital ခလုပ်တွေ ၊ အလွိုင်းဂွေ ၊ ရှေ့မီးကြီးထဲတွင် LED daylight တွေ ၊ ရှေ့ရှဲမှာ ပျားအုံရှဲနဲ့အနီရောင်စင်းတွေ ၊ ကားအရောင်အနက်ရောင် ၊ Cruise Control စသည်တို့ မပါဝင်ပါဘူး။ GLX ကတော့ ဂရိတ်မြင့်ဖြစ်တဲ့အတွက် GL မှာမပါတာတွေအားလုံး GLX မှာပါပါတယ်။ GL နှင့် GLX ကွာခြားချက်များ ===================== difference between GL and GLX difference between GL and GLX 2 Swift ပုံပြောင်းအသစ်စက်စက် 0 ကီလိုမီတာ ကားများကို Cash Down ဖြစ်စေ ၊ 20% သာပေးသွင်းပြီးကျန်ငွေကို ၁ နှစ်မှ ၅နှစ် (သို့) ၇ နှစ်အထိအရစ်ကျစနစ်ဖြင့်လည်း KL Seven မှာသွားရောက်ဝယ်ယူနိုင်ပါတယ်။ သိရှိလိုသည်များကိုအောက်ပါဆိုင်များတွင် စုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်။ Suzuki KL Seven Showroom (1) ========================09774795353 , 09774795454 , 09772980001 , 0977298000209443669933 , 09443669944အမှတ် ၁၁၇ ၊ သန္ဓေပင်ရပ်ကွက်၊ ကိုးလုံးတောင်ကွင်း၊ မှော်ဘီမြို့နယ်၊ (ရန်ကုန်ပြည်လမ်းဘေး၊ မှော်ဘီတိုးဂိတ်အနီး) Suzuki KL Seven Showroom (2) ========================ဖုန်း - 09774795353 09774795454 , 09772980001 , 09772980002 ,09443669933 , 09443669944(မြောက်ဥက္ကလာပ)အမှတ် ၁၃၆/၁၃၇ ၊ သုဓမ္မာလမ်း ၊ (ဌ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ခြေက်ကွေ့မှတ်တိုင်အနီး၊ ဇမ္ဗူအေးကျောင်းတိုက်လမ်းထိပ်) Read more: အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည့် Suzuki Ciaz Ref: KTH

Friday, 12 October 2018 09:41

မိုက်ခရိုဆော့ဖ်က ဂရက်ဘ်ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံမည်

မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းဟာ အရှေ့တောင်အာရှအငှားယာဉ်ခေါ်ယူရေးကုမ္ပဏီ Grab မှာ တွဲဖက် ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ကြီးမားတဲ့ဒေတာအချက်အလက်တွေနဲ့ ဥာဏ်ရည်တုနည်းပညာတွေအပါအဝင် နည်းပညာစီမံကိန်းတွေကို ချဲ့ထွင်နိုင်ခွင့်ရမယ်လို့ သည်ကုမ္ပဏီနှစ်ခုက ပြောပါတယ်။သည်သဘောတူညီမှု တန်ဖိုးကိုတော့ သည်ကုမ္ပဏီတွေက မဖွင့်ဟခဲ့ပါဘူး။သည်နှစ်ကုန်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံအထိ တိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ Grab က အစောပိုင်းမှာ ပြောခဲ့ပြီး လက်ရှိအချိန်မှာ ၂ ဘီလျံအထိ တိုးမြှင့်ထားပြီးဖြစ်ပါတယ်။ လက်ရှိ ငွေထောက်ပံ့သူ ဆော့ဖ်ဘဏ်အုပ်စုက ငွေထောက်ပံ့မှုအစိတ်အပိုင်းတစ်ခုအဖြစ် Grab မှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅၀၀ နီးပါး သဘောတူညီချက်ကို သဘောတူဖို့နီးစပ်နေပြီလို့ ပြီးခဲ့တဲ့အပတ်က ရိုက်တာက ထုတ်ပြန်ထားပါတယ်။သည်ငွေကြေးရဲ့ကျန်ရှိတဲ့ပမာဏကို မဟာဗျူဟာနဲ့ ငွေကြေးဆိုင်ရာ ကုမ္ပဏီတွေကို Grab က ဆက်သွယ်ဖို့ရှိတယ်လို့ အရင်းအမြစ်တွေက ရိုက်တာကို ပြောခဲ့ပါတယ်။အင်္ဂါနေ့သဘောတူညီမှု မတိုင်ခင်မှာ ၂၀၁၈ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ Paul Allen ရဲ့ Vulcan Capital အပါအဝင် တိုယိုတာ မော်တာကော်ပိုရေးရှင်းနဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေက ဦးဆောင်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံ တိုးမြှင့်ခဲ့ပါတယ်။ စင်ကာပူမှာရုံးချုပ်တည်ရှိတဲ့ Grab က ပြီးခဲ့တဲ့ ခြောက်နှစ်ကာလအတွင်းမှာ အရှေ့တောင်အာရှ ၈ နိုင်ငံရှိ မြို့ပေါင်း ၂၃၅ မြို့ဆီ သူ့ရဲ့ အငှားယာဉ်ခေါ်ယူရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်နေပါတယ်။သူ့ကိုယ်သူ သုံးစွဲသူနည်းပညာအုပ်စု ဦးဆောင်သူအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး အငှားယာဉ်ဝန်ဆောင်မှုအပြင် အစားအသောက်နဲ့ ပါဆယ်ပို့မှု၊ အီလက်ထရောနစ် ပိုက်ဆံလွှဲမှု၊ အသေးစားငွေချေးမှုနဲ့ မိုဘိုင်းငွေပေးချေမှု တို့လိုမျိုး ဝန်ဆောင်မှုတွေကိုပါ ကမ်းလှမ်းထားပါတယ်။Grab က မိုက်ခရိုဆော့ဖ်နဲ့ လုပ်ဆောင်ပြီး လူခေါ်ယူမှုအတွေ့အကြုံကို တိုးတက်စေဖို့အတွက် မိုဘိုင်း မျက်နှာမှတ်သားမှု၊ ပုံရိပ်မှတ်မိခြင်းနဲ့ ကွန်ပျူတာအမြင်နည်းပညာတို့ကို စူးစမ်းဖော်ထုတ်မှာဖြစ်တယ်လို့ သည်ကုမ္ပဏီက အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် ခရီးသည်တွေအနေနဲ့ သူတို့ရဲ့လက်ရှိတည်နေရာကို ဓာတ်ပုံတစ်ပုံရိုက်ယူပြီး ယာဉ်မောင်းသူအတွက် လိပ်စာအတိအကျအဖြစ် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။သည်ငါးနှစ်သက်တမ်းသဘောတူညီမှုရဲ့ အခြာ နယ်ပယ်တွေမှာ Grab က မိုက်ခရိုဆော့ဝ်ရဲ Azure ကို အသုံးပြုပြီး လိမ်လည်မှု စစ်ဆေးနိုင်တဲ့ဝန်ဆောင်မှုနဲ့ အချက်အလက်သရုပ်ခွဲမှုအတွက် cloud ပလက်ဖောင်းတို့ကို ရည်ညွှန်းပြီး အသုံးပြုမှာဖြစ်ပါတယ်။သည်ဒေသမှာ တိုးချဲ့လာတဲ့ အင်ဒိုနီးရှားအခြေစိုက် ပြိုင်ဘက်ဖြစ်သူ ဂိုးဂျက်နဲ့ Grab တို့ကြား ယှဉ်ပြိုင်မှုက တစတစ တိုးမြင့်လာနေပါတယ်။ Credit ; kumudra

Wednesday, 10 October 2018 04:51

Grab နှင့်အပြိုင် အငှားယာဉ်ဝန်ဆောင်မှုလောကထဲသို့ ဝင်လာတော့မည့် FastGo

ဓာတ်ဆီဈေးနှုန်းများ မြင့်တက်နေသဖြင့် အငှားယာဉ် (Taxi) မောင်းသမားများ အကျပ်တွေ့နေချိန်၊ ယာဉ်မောင်းလိုင်စင်ကြေး ဆယ်ဆခန့်မြင့်တက်ပြန်သဖြင့် ဗူးလေးရာ ဖရုံဆင့်နေချိန်တွင် အငှားယာဉ်ဝန်ဆောင်မှုလောကတွင် မင်းမူထားသော Grab ကို ယှဉ်ပြိုင်မည့် FastGo မကြာခင်ပေါ်ပေါက်လာတော့မည်ဖြစ်ပါသည်။အရှေ့တောင်အာရှနယ်ပယ်ထဲတွင် ထိပ်ဆုံးထဲမှ ကုမ္ပဏီတစ်ခုဖြစ်လာစေရန် မျှော်လင့်ပြီး ဒီဇင်ဘာလတွင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှာ တက္ကစီအငှားယာဉ် ငှားရမ်းမှု ကြားခံဝန်ဆောင်မှုဖြစ်သည့် ဗီယက်နမ် တက္ကစီငှားရမ်းသည့် app တစ်ခုဖြစ်သော FastGo ကို စတင်ဆောင်ရွက်ရန် ၃ နှစ်ကြာ အချိန်ယူပြီး စီစဉ်ခဲ့ပါသည်။ အငှားတက္ကစီဝန်ဆောင်မှုတွင် အကြီးမားဆုံးဖြစ်သည့် စင်ကာပူအခြေစိုက် Garb နှင့် အင်ဒိုနီးရှားနိုင်ငံတွင် Go-Jek တို့ နေရာရနေချိန်တွင် လွန်ခဲ့သော လအနည်းငယ်ခန့်က နိုင်ငံရပ်ခြားသို့ စတင်တိုးချဲ့လုပ်နေဆောင်နေသည့် ဗီယက်နမ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Goviet က FastGo ကိုတည်ထောင်ခဲ့ပြီးနောက် ငါးလအကြာတွင် ပြည်ပသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။FastGo က တစ်ဦးတည်ပိုင် ကားနှင့် အငှာယာဉ်ဝန်ဆောင်မှုများကို Hanoi, Danang နှင့် Ho Chi Minh မြို့တော်များတွင် ဆောင်ရွက်လျက်ရှိပါသည်။ အောက်တိုဘာလ အစောပိုင်းကာလတွင် FastGo က ၎င်းစနစ်၌ ယာဉ်မောင်း ၃၀၀၀၀ ခန့်ကို မှတ်ပုံတင်ထားပြီး ပြည်တွင်းဈေးကွက် ဝေစု ၂၀ ရာခိုင်နှုန်းကို အခိုင်အမာ ရရှိထားပြီးဖြစ်ပါသည်။ထို app ကို FastGo ၏ ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Nguyen Huu Tuat က နည်းပညာပိုင်းကို စတင်ဖန်တီးခဲ့ပြီး MPOS Vietnam Technology က တီထွင်ခဲ့ပါသည်။MPOS သည် ၂၀၁၃ ခုနှစ်တွင် ဗီယက်နမ်၏ ပထမဆုံးသော မိုဘိုင်းငွေပေးချေမှုကို တည်ထောင်ခဲ့ပြီး ဘဏ်နှင့် အာမခံလုပ်ငန်းများ အပါအဝင် များပြားလှသည့် ဒေသခံမိတ်ဖက်များနှင့် ချိတ်ဆက်မှုများ ရှိနေပါသည်။ “ အရှေ့တောင်အာရှ အငှားယာဉ်လိုင်း ဝန်ဆောင်မှုကဏ္ဍမှာ Grab နဲ့ Go-Jek က စိုးမိုးထားပေမယ့်လည်း FastGo ဟာ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဈေးကွက်နေရာအတွက် သင့်တော်တဲ့ မဟာဗျူဟာတွေ၊ ကွန်ရက် တွေနဲ့ မိတ်ဖက်တွေ ရှိနေပါတယ်" ဟု ကြာသပတေးနေ့ Nikkei Asia Review အင်တာဗျူးတွင် Tuat က ပြောကြားခဲ့ပါသည်။ထိုသို့သော နောက်ခံ များက ပြည်တွင်းနှင့် ဒေသတွင်း ဈေးကွက်နှင့် ဟန်ချက်ညီ အငှားယာဉ်ဝန်ဆောင်ပေးမှုတို့ကြားတွင် FastGo ကို တိုးချဲ့လာနိုင်စေလိမ့်ဟု Tuat က ပြောကြားခဲ့ပါသည်။ ယခုလက်ရှိမှာတော့ တိုးချဲ့မှုတွေ အများအပြားလုပ်နေသော နာမည်ကြီး ကုမ္ပဏီ Grab နဲ့ Go-Jek နှစ်ခုကကြီးစိုးထားပါသည်။နောက်ထပ် ခြောက်လအကြာတွင် မလေးရှားနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်ရှယ်ယာ ၃၀ ရာခိုင်းနှုန်းကို ရရှိရန် FastGo က ရည်ရွယ်ထားကြောင်း Tuat က ပြောကြားခဲ့ပါသည်။MPOS သည် ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ Blue Bird နှင့် ဗီယက်နမ်နိုင်ငံရှိ Mailinh ကုမ္ပဏီနှစ်က အသုံးပြုခဲ့သော ပလက်ဖောင်းနှင့် နည်းပညားများကို ထောက်ပံ့ပေးခဲ့သည့်အတွက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွင် အတွေ့အကြုံအချို့ရှိပါသည်။ “ FastGo ဟာ အခြားကုမ္ပဏီများရဲ့ ယှဉ်ပြိုင်သူဖြစ်ရုံမက မိတ်ဖက်လည်းဖြစ်ပါတယ်။ ငါတို့က customer အတွက် ရွေးချယ်နိုင်တဲ့အခွင့်အရေးတွေကိုပေးတဲ့အခါမှာ တက္ကစီကုမ္ပဏီများနဲ့ ပုဂ္ဂလိက ကားပိုင်ရှင်များ နှစ်ဦးစလုံးအတွက် ပလက်ဖောင်းနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ထောက်ပံ့ပေးမှာပါ" ဟု Tuat က ရှင်းပြပေးခဲ့ပါသည်။FastGo က ၎င်း၏ ကားမောင်းသူများထံမှ ဝန်ဆောင်ခကို သူတို့ ဝင်ငွေသည် ဗီယက်နမ်ငွေ ၄၀၀၀၀၀ ထက်ပိုခဲ့ပါက တစ်ဦးလျှင် ဗီယက်နမ်ငွေ ၃၀၀၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀) ကို ကောက်ခံကြောင်း သိရပါသည်။ FastGo အနေဖြင့် ခရီးသည်များထံမှ ရယူသည့် ကားခကို မပြောင်းလဲရန် ဆုံးဖြတ်ခဲ့သော်လည်း ခရီးသည်များအနေဖြင့် လုံခြုံသောခရီးစဉ်များကို ရရှိစေရန်အတွက် လူစီးများပြားသည့် နာရီများpeak hours များတွင်စီးနင်းပါက ယာဉ်မောင်းများကို ဗီယက်နမ်ငွေ ၁ သောင်းမှ ၁ သိန်းအထိ ဘောက်ဆူးပေးရန် အကြံပေးခဲ့ပါသည်။Fast Go ၏ အဓိကထားသည့် ခရီးသည်များသည် မိုဘိုင်းငွေပေးချေမှုပြုလုပ်သူ သို့မဟုတ် credit cards အသုံးပြုသည့် ငယ်ရွယ်သော ခရီးသယ်များနှင့် အလုပ်သမားများ (ဝန်ထမ်း) များဖြစ်သော်လည်း ၎င်းက လက်ငင်းငွေပေးချေခြင်းကိုလည်း လက်ခံပါသည်။ ကုမ္ပဏီ၏ အဓိကဝင်ငွေနှင့် အမြတ်များသည် အငှားယာဉ်ဝန်ဆောင်မှုမှ ရရှိမည်မဟုတ်ဘဲ ဘဏ္ဍာရေးချေးငွေနှင့် ကုန်ပစ္စည်းပို့ဆောင်ပေးခြင်းအပါအဝင် ဝန်ဆောင်မှုများမှ ရရှိလိမ့်မည်ြဖစ်ကြောင်း Tuat မှ ပြောကြားခဲ့ပါသည်။Hanoi အခြေစိုက် FastGo သည် အရှေ့တောင်အာရှတစ်ခွင်တွင် ဘဏ္ဍာရေးနည်းပညာများ၊ e-commerce၊ e-logistics နှင့် ရင်းနှီးမြှုပ်နှံမှု တွင် မိတ်ဖက်ကုမ္ပဏီများနှင့် ရှေ့ဆောင်လမ်းပြသူများနှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သည့် PeaceSoft ဟု လူသိများသော NextTech Group ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။အဆိုပါအုပ်စုတွင် ရှစ်နိုင်ငံဖြင့် လုပ်ဆောင်လျက်ရှိပြီး လုပ်ငန်းလက်တွဲဖော် ၄၀၀၀၀ နှင့် စားသုံးသူ ၁၂ သန်းကျော် ထက်ပိုပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။၃၅ နှစ် သက်တမ်းရှိသော FastGo တည်ထောင်သူသည် ဗီယက်နမ် နည်းပညာ လုပ်ငန်းတွင် အတွေ့အကြုံ ၁၅ နှစ်ထက်ပိုရှိနေပြီး PeaceSoft အပါအဝင် သုံးခုသော ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါသည်။ Tuat သည် IDG သတင်းအချက်အလက်အဖွဲ့အစည်း၊ ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် SoftBank၊ အွန်လိုင်း လက်လီအရောင်းဆိုင် eBay၊ မလေးရှား အခြေပြု MOL AccessPortal နှင့် UK ရန်ပုံငွေ ACTIS အစရှိသည့် ရန်ပုံငွေရှာဖွေမှုတွင် ဦးဆောင်ခဲ့ပါသည်။NextTech သည် ဗီယက်နမ်နိုင်ငံ၏ e-marketplaces၊ ChoDien Tu၊ e-payment အခြေခံဖြစ်သော NganLuong နှင့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သော Vimo များ၏ နောက်ကွယ်မှ လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် ကုန်သွယ်ရေး ပလက်ဖောင်းတွင် crytocurrency နှစ်ခုပါဝင်ပါသေးသည်။ FastGo က NextTech ၏ လက်ရှိဈေးကွက်တစ်ခုရှိ ဖောက်သည်နှင့် ရှိနေသော် အလုပ်လက်တွဲဖော်များနှင့် အလုပ်လုပ်ခြင်းအပေါ် အာရုံစိုက်လိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ဒေသအတွင်း ecosystem စနစ်တစ်ဖြင့် တည်ဆောက်ထားသည့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် Grab နှင့် Go-Jek နှင့် မတူညီတာက FastGo app သည် NextTech ၏ လက်ရှိ ecosystem စနစ်တစ်ခုဖြစ်သည့် ဝန်ဆောင်မှုကို ပေါင်းထည့်ထားသည်ဖြင့် စနစ်၏ အားသာချက်အားလုံးကို ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ FastGo သည် သြဂုတ်လ ရန်ပုံငွေရှာဖွေမှု ပထမဆုံး အလှည့်တွင် VinaCapital ပုဂ္ဂလိကရှယ်ယာအုပ်စု၏ နည်းပညာအာရုံစိုက် အကျိုးတူလှုပ်ရှားမှုမှ အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပါသည်။ကုမ္ပဏီက ဒေသဆိုင်ရာ တိုးချဲ့မှုကို အရှိန်အဟုန်မြှင့် ကူညီပေးရန် ၂၀၁၉ ၏ ပထမသုံးလပတ်တွင် စီစဉ်ထားသော နောက်ထပ် ရန်ပုံငွေရှာရန်အစီစဉ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ထိ မြှင့်တင်ရန် မျှော်လင့်ထားပါသည်။ FastGo သည် ခြောက်လတိုင်းအတွက် ရန်ပုံငွေတိုးရန် စီစဉ်နေပါသည်။နောက်နှစ်တွင် FastGoသည် ဗီယက်နမ်နိုင်ငံထဲရှိ မြို့ပေါင်း ၂၀ နှင့် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအပါအဝင်း အရှေ့တောင်အာရှရှိ ဈေးကွက် ၅ ခုတွင် ၎င်း၏ ဝန်ဆောင်မှုပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်းသိရပါသည်။ REF: asian nikkei

Tuesday, 09 October 2018 03:30

ရန်ကုန်-ကိုကိုးကျွန်း ပုံမှန် ရေကြောင်းခရီးစဉ်ပြေးဆွဲနိုင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့

ရန်ကုန် နှင့် ကိုကိုးကျွန်းသို့ သွားလာနိုင်သည့်ရေယာဉ်များအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ညှိနှိုင်းနိုင်ခြင်းမရှိသေးသည့်အတွက် ယင်းခရီးစဉ်ကို လတ်တလောပြေးဆွဲ နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ပြောခဲ့ပါတယ်။ ကိုကိုးကျွန်း နှင့် ရန်ကုန်သို့ ဆက်သွယ်သွားလာနိုင်အောင် ရေကြောင်းပို့ဆောင်ရေး ပိုင်ရေယာဉ်များ ပုံမှန်ပြေးဆွဲပေးရန် အစီအစဉ်ရှိမရှိ၊ အစီအစဉ်ရှိလျှင် မည်သည့်အချိန်တွင် စတင်ပြီး အစီအစဉ်မရှိလျှင် အဘယ်ကြောင့်ဆိုသည်ကို ပြန်လည်ပြောပြချက်အရ သိခဲ့ရပါတယ်။ "ယခုအခါမှာ အစိုးရက ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် ပြေးဆွဲလိုသော ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။အဲဒီလိုညှိနှိုင်းနေတဲ့အခါမှာ ရေကြောင်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ ပြေးဆွဲနိုင်ရန်လိုအပ်တဲ့ ပစ္စည်းပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ဆာဗေးတွေစစ်ဆေးပြီးတော့ ကူညီဆောင်ရွက်ပေးမယ်လို့လည်း လုပ်ငန်းရှင်တွေကို ပြောကြားထားပါတယ်။ သို့သော်လည်း ယခုညှိနှိုင်းနိုင်ခြင်းမရှိသေးတဲ့အတွက် ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင်လုပ်ငန်းရှင်တွေရှိသော်လည်း ရာသီဥတုဆိုးရွားချိန်မှာ ကမ်းခိုရတာဖြစ်တဲ့အတွက် ပုံမှန် သတ်မှတ်ပေးလို့မရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်"ဟု ဝန်ကြီးက ပြောပြချက်အရ သိခဲ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ရန်ကုန်-ကိုကိုးကျွန်း ပုံမှန် ရေကြောင်းခရီးစဉ်ပြေး ဆွဲနိုင်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါတွေ ခေါ်ယူနေပြီး ပို့ဆောင်ရေးဝန်ကြီးဌာနက လည်းပါဝင်ကူညီပေးသွားမယ်လို့  ဆိုပါတယ်။ ရန်ကုန်-ကိုကိုးကျွန်းကို အရင်က မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းက ပြေးဆွဲပေးပြီး လက်ရှိမှာ မပြေးဆွဲတော့သလို ပြည်တွင်းရေကြောင်းက သင်္ဘောတွေကလဲ မြစ်တွင်းနဲ့ ကမ်းရိုးတန်းသွား ဖြစ်လို့ မပြေးဆွဲနိုင်တာလို့  ဝန်ကြီးက ပြောပါတယ်။ ကိုကိုးကျွန်းဟာ ရန်ကုန်မြို့မှ အနောက်တောင်ဘက် မိုင်(၂၆ဝ)အကွာ မြန်မာနိုင်ငံရဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ် အကြားမှာ တည်ရှိပြီး ၁၉၇၄-ခုနှစ်က မြို့နယ်အဆင့် သတ်မှတ်ခဲ့ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က အဆိုပါခရီးစဉ်အတွက် ညှိနှိုင်းပြီးဆောင်ရွက်သွားရန် အဆက်မပြတ် စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိခဲ့ရပါတယ်။

Tuesday, 09 October 2018 03:09

ကားအရောင်းစင်တာ ၇၀ နီးပါးပိတ်သိမ်း

ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုခဲ့ပြီးနောက်ပိုင်း တစ်ပတ်ရစ် ဂျပန်နိုင်ငံထုတ်ညာမောင်း ကားများတင်သွင်းရောင်းချနေသည့် ကားအရောင်းစင်တာ ၂၀ဝ နီးပါးခန့်ရှိသည့်အနက် အရောင်းစင်တာ ၇၀ နီးပါး ပိတ်သိမ်းထားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၈ ရက်တွင် သိရပါတယ်။ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒသတ်မှတ်ရာတွင် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့်ကိုက်ညီမှုရှိသည့် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ကားအရောင်းစင်တာများပိတ်သိမ်းမည်ဆိုလျှင် အရောင်းစင်တာပိတ်သိမ်းမည်ဖြစ်ကြောင်း တင်ပြ၍ ငွေစာရင်းရှင်းတမ်းများ Deposit ထားရှိခြင်း၊ အခွန်ကိစ္စရှင်းလင်းစေခြင်း၊မော်တော်ယာဉ်များလက်ကျန်၊ရောင်းချ၊ငွေလွှဲလက်ကျန် စာရင်းရှင်းလင်းစေခြင်းတို့ ပြုလုပ်ပြီးမှသာ အရောင်းစင်တာ ပိတ်သိမ်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ "ကားအရောင်းစင်တာအားလုံး ၂၀ဝ လောက်ဖွင့်ထားတာက အခုထိ အရောင်းစင်တာ ပိတ်သိမ်းလိုက်တာ ၇၀ လောက်ရှိပါတယ်။ အရောင်းစင်တာပိတ်သိမ်းမယ်ဆိုရင် ငွေစာရင်းရှင်းတမ်းတွေ ပြီးပြတ်အောင်လုပ်ဆောင်ရမယ်။ ပြည်ပကုမ္ပဏီနဲ့ Consignment (အပ်ကုန်စနစ်) နဲ့ တင်သွင်းပြီးတော့ စာရင်းရှင်းတာတွေ လုပ်ဆောင် ပြီးမှ ပိတ်သိမ်းလို့ရမယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားချက်အရ သိရပါတယ်။ ယခုနှစ်တွင် ညာမောင်းကားတင်သွင်းမှုပိတ်လိုက်ခြင်းကြောင့် ပြည်ပနိုင်ငံက ဘယ်မောင်းကားများကိုသာ တင်သွင်းမှုရှိလာရာ ယခင်နှစ်များထက် ပြည်ပကားတင်သွင်းမှုနည်းပါးလာပြီး ယခင်နှစ်များက တင်သွင်းထားသော လက်ကျန်ရှိနေသည့် ကားများ အစီးရေ ထောင်ဂဏန်းနီးပါးကျန်ရှိနေကြောင်း သိရပါတယ်။ ကားအရောင်းစင်တာမရှိ သိုလှောင်ရုံမရှိသည့် ကားတင်သွင်းသည့် ကုမ္ပဏီ ၇၇ ခု ကို သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီ၍ အရောင်းစင်တာ ပိတ်သိမ်းရန် သတ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။ Source myanmar time

Monday, 08 October 2018 08:52

ဖျက်သိမ်းတော့မည့် ၁၀ဘီးနှင့် ၁၂ဘီးယာဉ်များ

ကုန်သေတ္တာ(ကွန်တိန်နာ)များတင်ဆောင်သော၁၀ဘီး နှင့် ၁၂ဘီးယာဉ်များသည်အာဆီယံစံနှုန်းများ နှင့်မကိုက်ညီသောကြောင့်ယခုနှစ်အတွင်းဖျက်သိမ်းမည်ဖြစ်ကြောင်းသိရပါတယ်။ မြန်မာပြည်တွင်ရှေ့ခေါင်းနှင့်နောက်တစ်ဆက်တည်းဖြစ်နေသည့်ကုန်သေတ္တာတင် ၁၀ ဘီးယာဉ်၊ ၁၂ ဘီးယာဉ်များကိုတဖြည်းဖြည်းရပ်ဆိုင်းသွားရမည်ဖြစ်ပါတယ်။ ထို့နောက်ပေ ၂၀ ရှိသည့်အတွဲယာဉ်များကိုတင်သွင်းသွားမည့်ဖြစ်ကြောင်းသိရပါတယ်။ ယခင်က ၁၀ ဘီးယာဉ်နှင့် ၁၂ ဘီးယာဉ်အစီးရေမှာ ၂၄၀၀ ကျော်ရှိခဲ့သော်လည်းလက်ရှိတွင်အစီးရေ ၈၀၀ သာရှိကြောင်း၊ ယင်းအစီးရေ ၈၀၀ ကိုဖျက်သိမ်းပြီး အခြားအတွဲယာဉ်များကိုအရစ်ကျစနစ်ဖြင့်ငွေပေးချေရန် ဘဏ်များနှင့်ချိတ်ဆက်သော်လည်းငွေသွင်းကာလကို ၂နှစ်သာပေးသောကြောင့် လုပ်ငန်းရှင်များအခက်အခဲ ဖြစ်နေကြောင်းမြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းဥက္ကဌမှ ပြောကြားထားခဲ့ပါတယ်။ ယင်းကုန်တင်ယာဉ်များကိုအရစ်ကျဝယ်နိုင်ရန်အပြင်အသေးစားအလတ်စားလုပ်ငန်းချေးငွေရရှိစေရန်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းနေကြောင်း၊ပေ၂၀ရှိသောအတွဲယာဉ်များကိုဝယ်ယူရာတွင်လည်းသုံးပြီးသားယာဉ်တစ်စီးကိုကျပ်သိန်း၅၀၀နှင့်ဝယ်ယူရမည်ဖြစ်ပြီးအသစ်ကိုဝယ်ပါကကျပ်သိန်းတစ်ထောင်ကျော်ပေးရမည်ဖြစ် ကြောင်းသိရပါတယ်။ အိမ်နီးချင်းနိုင်ငံများတွင်ကုန်သေတ္တာယာဉ်အစီးရေမှာနှစ်စဉ်တိုးလျှက်ရှိသောကြောင့်မြန်မာနိုင်ငံတွင်လည်းယခုနှစ်အတွင်းကုန်သေတ္တာယာဉ်အစီးရေတစ်သန်းကျော်ရှိလာမည်ဟု မျှော်လင့်ထားကြောင်းသိရပါတယ်။ Source:free4reader

Friday, 05 October 2018 11:05

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာချက်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ Online Booking ယာဉ်မှန်/ မမှန် ယာဉ်စစ်ရက်ချိန်း ရယူဆောင်ရွက်ခြင်းနှင့်ပတ်သတ်၍ သတိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ ၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် Online Booking ယာဉ်မှန်/မမှန်ယာဉ်စစ် ရက်ချိန်းရယူဆောင်ရွက်ခြင်းကို (၂၀.၈.၂၀၁၈)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ တင်ပြချက်အရ (၁၀.၉.၂၀၁၈) ရက်နေ့မှစ၍ မူလသတ်မှတ်ထားသည့် ယာဉ်စီးရေအပြင် ရုံးတစ်ရုံးစီတွင် တစ်ရက်လျှင် (၁၀) စီးစီ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဌာနအနေဖြင့် လုပ်ငန်းများ များပြားသည့်ကြားမှ ကြိုးစား၍ တိုးမြှင့်ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ သို့သော် ယာဉ်စစ်ရက်ချိန်းရယူထားသည့် ယာဉ်စီးရေ၏ ၆၀% ခန့်သာ အမှန်တကယ်လုပ်ငန်းလာရောက်ဆောင်ရွက်ပြီး၊ ကျန် ၄၀% ဝန်းကျင်မှာ လာရောက်ဆောင်ရွက်ခြင်းမရှိဘဲ Online ရယူထားလေ့ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ မလိုအပ်ဘဲတင်သည့် Booking များကြောင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသောယာဉ်များအတွက် Booking အခက်အခဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းဖြစ်ရာ အမှန်တကယ်လာရောက်ဆောင်ရွက်ခြင်းမပြုဘဲ ကြိုတင်ရက်ချိန်းရယူခြင်း မပြုကြပါရန် အကြိမ်ကြိမ်အသိပေးနှိုးဆော်ထားပြီး ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ (၈.၁၀.၂၀၁၈) ရက်နေ့မှစတင်၍ Online Booking စနစ်ဖြင့် ယာဉ်မှန် /မမှန်စစ်ဆေးရန် ရက်ချိန်းရယူပြီး အမှန်တကယ်လာရောက်ဆောင်ရွက်ခြင်းမရှိသည့် ယာဉ်အမှတ်များကို ၎င်း Booking ပျက်ကွက်ရက်မှ တစ်လ(တစ်လ) အတွင်း နောက်ထပ်ရက်ချိန်းယူ၍ မရအောင် ပိတ်တားစာရင်းသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယာဉ်မှန်/မမှန်ယာဉ်စစ် ရက်ချိန်းကို အမှန်တကယ်လိုအပ်မှသာ Booking တင်ဆောင် ရွက်သွားကြပါရန် ထပ်မံနှိုးဆော်အပ်ပါသည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။ Source: Transcom