Transportation

ကမ္ဘာတွင်မရှိနိုင်သည့် ဝန်ဆောင်မှုစနစ်ကို ကုန်သေတ္တာတင်ယာဉ်များအတွက် ပြုလုပ်ပေးသွားရန်ရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်မှပြောကြား

ကမ္ဘာတွင်မရှိနိုင်သည့် ဝန်ဆောင်မှုစနစ်ကို ကုန်သေတ္တာတင်ယာဉ်များအတွက် ပြုလုပ်ပေးသွားရန်ရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်မှပြောကြား google

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်နေကြသော ကုန်သေတ္တာတင်ယာဉ်များ အားလုံးကို ကုမ္ပဏီတခု၏ လက်အောက်သို့ ထားရှိပြီး ဝန်ဆောင်မှုပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောဆိုခဲ့ပါတယ်။ရန်ကုန်မြို့ Lotte ဟိုတယ်၌ မေလ ၁၀ ရက်က ကျင်းပသည့် ရန်ကုန် ရင်းနှီးမြုပ်နှံမှု ဖိုရမ်၂၀၁၉ တွင် ယင်းသို့ ပြောကြားခဲ့ခြင်းလဲ ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကုန်စည် သယ်ယူ ပို့ဆောင်တဲ့ logistic ကိစ္စမှာ ကုန်တင်ယာဉ်တွေကို လူတဦး တယောက်ချင်း ပိုင်နေတာက တော်တော် ခက်တဲ့ကိစ္စပါ။ အဲဒီဟာက logistic ကုမ္ပဏီ တခုတည်းသာ ဖြစ်ရင်တော့ သူ့ကို အလုပ် အပ်လိုက်တာနဲ့ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချတဲ့ ကိစ္စက အစ စနစ်တကျနဲ့ လုပ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

 

လက်ရှိ အချိန်တွင် ကုန်စည် သယ်သူပို့ဆောင်ရေးလုပ်ငန်း ဝန်ဆောင်မှု ပေးနေသော ကုန်သေတ္တာတင်ယာဉ် အများစုသည် တဦးတယောက်ချင်းစီ ပိုင်ဆိုင်ကြပြီး စည်းကမ်း ထိန်းချုပ်ရန် ခက်ခဲခြင်း၊ ယာဉ်ကြော ကျပ်တည်းမှု ပြဿနာများရှိသည့် အတွက် ကုန်စည်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ပိုမို လွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် ယင်းသို့ လုပ်ဆောင်စေလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

 

ယင်းသို့ ပြောင်းလဲရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (YRTA) က စီစဉ်နေလျက်ရှိကာ ကုန်သေတ္တာတင်ယာဉ် အသင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ဦးဖြိုးမင်းသိန်းက ဆက်လက်၍ “ဒီလို ပုံစံက ကမ္ဘာမှာ မရှိလောက်တော့ဘူး။ ကျနော်တို့ဆီမှာပဲ ကျန်တော့တာ။ ဒီပြုပြင် ပြောင်းလဲရေး က စိန်ခေါ်မှု အများကြီး ရှိပါတယ်” ဟု ဆိုခဲ့ပါတယ်။

 

ယင်းသို့ ကုမ္ပဏီ တခုတည်း အဖြစ် လုပ်ဆောင်မည် ဆိုပါက တဦးချင်း မော်တော်ယာဉ် ပိုင်ဆိုင်မှု အရေအတွက် မတူ ညီခြင်း၊ ပိုင်ဆိုင်သည့် မော်တော်ယာဉ်များ၏ တန်ဖိုးချင်း မတူခြင်းနှင့် အမြတ်ငွေ ရရှိမှုကို ပြန်လည် ခွဲဝေပေးရာတွင်လည်း အချိန်တခု ကြာနိုင်ခြင်းတို့ကြောင့် အများပိုင် ကုမ္ပဏီသို့ ပြောင်းလဲရန် အဆင်မပြေနိုင်ကြောင်း ကုန်တင်ယာဉ် အစီးရေ ၁၀၀ ခန့် ပိုင်ဆိုင်သော လုပ်ငန်း ရှင် တဦးက ဧရာဝတီသို့ ပြောပြချက်အရ သိခဲ့ရခြင်းလဲ ဖြစ်ပါတယ်။

 

“ဒါက YBS လို ယာဉ်လိုင်း တလိုင်းချင်း အတွက် ကုမ္ပဏီထောင်ပြီး လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သဘော သဘာဝချင်းလည်း မအပ်စပ်ဘူး။ အားနည်းတဲ့ လုပ်ငန်းရှင်တွေကို အားကြီးတဲ့သူက သိမ်းလိုက်သလို ဖြစ်နေမယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာ မှန်ပေမယ့် အပြောကတော့ လွယ်ပါတယ်။ အတွင်းပိုင်းမှာ လုပ်ရမယ့် အခက်အခဲတွေ အများကြီး ရှိတယ်” ဟု ဆိုပါတယ်။

 

လက်ရှိအချိန်တွင် ကုမ္ပဏီကြီးတခု မတည်ထောင်ထားသော်လည်း ဈေးနှုန်း သတ်မှတ်ခြင်းနှင့် မော်တော်ယာဉ်များ၏ စည်းကမ်းထိန်းသိမ်းခြင်း အပိုင်းကို ယာဉ်ပိုင်ရှင်များ အချင်းချင်း စုပေါင်းပြီး နည်းစနစ်ကျကျ လုပ်ဆောင်လျက်ရှိ ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ထိုသို့ လုပ်ဆောင်မည် ဆိုပါက ကုန်တင်ယာဉ် ပိုင်ရှင်များ အားလုံး လက်ခံနိုင်မည့် စည်းမျဉ်း စည်းကမ်းများ တိတိကျကျ ထုတ်ထားရန် လိုအပ်မည် ဖြစ်ပြီး ယာဉ်ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ မတူညီခြင်းမှာ အခက်အခဲ တခု ဖြစ်ကြောင်းနှင့် အသင်းအနေဖြင့်လည်း ပုံစံ တခု ပြောင်းလဲနိုင်ရန် အတွက် ကုန်တင်ယာဉ် ပိုင်ရှင်များကို တိုက်တွန်းမှုများ လုပ်ဆောင် လျက်ရှိကြောင်း ကုန်သေတ္တာယာဉ်များ အသင်း ဥက္ကဋ္ဌ ဦးသန်းလွင် က ဧရာဝတီသို့ ပြောပြချက်အရ သိခဲ့ရခြင်းလဲ ဖြစ်ပါတယ်။

 

ဥက္ကဋ္ဌ ဦးသန်းလွင် က “အခုက ပေါင်းပြီး လုပ်နေတာမျိုးတွေ အစုအဖွဲ့ လုပ်နေတာမျိုးတွေတော့ ရှိပါတယ်။ ကုမ္ပဏီလိုမျိုး ဖြစ်ဖို့ကတော့ တချိန်မှာ သွားရမှာပေါ့။ ဒါပေမယ့် အရှိန်လေးတခုနဲ့ အချိန် တခုလောက်တော့ လိုမယ်” ဟု ဆိုပါတယ်။မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများအတွက် အခက်အခဲတခုမှာ သယ်ယူပို့ဆောင်ရေး စရိတ်ကြီး မြင့်နေခြင်း ဖြစ်ပြီး အများပိုင် ကုမ္ပဏီ အနေဖြင့် လုပ်ဆောင်နိုင်ပါက ယင်းဈေးနှုန်းများ သက်သာလာနိုင်ကာ စနစ်တကျ ပိုမိုရှိလာနိုင် ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် တချို့က ပြောခဲ့ပါတယ်။

 

လတ်တလော၌ ကုန်တင်ယာဉ် တချို့သည် စည်းကမ်းတကျ မောင်းနှင်ခြင်း မရှိခြင်းနှင့် ပြဿနာတခုခု ဖြစ်ပေါ်ပါက တာဝန်ယူမှုမရှိဘဲ ထွက်ပြေး တိမ်းရှောင်ခြင်းများ ရှိနေကြောင်းလည်း လုပ်ငန်းရှင်များမှ ထပ်မံ၍ပြောကြားခဲ့ပါတယ်။လက်ရှိ အချိန်တွင် ၁၀ ဘီး ကုန်သေတ္တာတင်ယာဉ် တစီး (ပေ၂၀ ကွန်တိန်နာ တလုံး) ၏ ရန်ကုန်ရှိ စက်မှုဇုန် တခုခုမှ ဆိပ်ကမ်း အရောက် ခရီးစဉ် တကြောင်း ဝန်ဆောင်ခမှာ ပျမ်းမျှအားဖြင့် ငွေကျပ် တသိန်း ဝန်းကျင် ရှိကြောင်း သိရပြီး ကုန်သေတ္တာတင်ယာဉ် အသင်းတွင် အသင်းဝင်ထားသော ကုန်တင်ယာဉ် အစီးရေပေါင်း ၂၅၀၀ ကျော် ရှိပြီး YRTA တွင် မှတ်ပုံ တင်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၌ ဝန်ဆောင်မှု ပေးနေသော ကုန်သေတ္တာယာဉ် အစီးရေမှာ ၇၀၀၀ ကျော် ရှိကြောင်း အဆိုပါ အဖွဲ့အစည်းများ၏ စာရင်းဇယားများတွင် ဖော်ပြထားချက်အရ သိရပါတယ်။

 

Source : ဧရာဝတီ

 

Myanmar Logistics Guide

 
 

 

 
 
Read 1163 times
Rate this item
(1 Vote)