ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (သောကြာနေ့)တွင် လုပ်ငန်းစတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (ခန့်မှန်း) တွင် လုပ်ငန်းပြီးဆုံးမည်ဖြစ်ပါတယ်။
သို့ဖြစ်၍ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ကို ဖြတ်သန်းသွားလာမည့် ရေယာဉ်များအနေဖြင့် တံတားစီမံကိန်းလုပ်ငန်းများအား အနှောင့်အယှက်မဖြစ်စေဘဲ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောကြားချက်အရ သိရပါတယ်။
“ဒီတံတားနှစ်ခုဟာ အဓိကအရေးကြီးတဲ့ ဒေသတွေကို ဆက်စပ်သွားမယ့် တံတားနှစ်စင်းဖြစ်ပါတယ်။ ရန်ကုန်-ဒလတံတား စီမံကိန်းကလည်း တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်ပြီး မကြာခင် ရေကြောင်းကနေပြီးတော့ တံတားတည်ဆောက်ရေး စီမံကိန်းအစီအစဉ်အတိုင်း ရေထဲလုပ်ငန်းတွေကို နိုဝင်ဘာလအတွင်းမှာ စတင်ခဲ့ပါတယ်။
ဒီလိုပဲ သန်လျင်အမှတ် ၃ မြစ်ကူးတံတားစီမံကိန်းကလည်း ရေကြောင်းဆိုင်ရာလုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီစီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်ကို ဖြတ်သန်းသွားလာမယ့် ရေယာဉ်များနဲ့ စီမံကိန်းလုပ်ငန်းတွေ အောင်မြင်ချောမွေ့အောင် ပေါင်းစပ်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီဘက်က ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ ရန်ကုန်မြစ်ကို ဖြတ်သန်းသွားလာမယ့် ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းနေရသလို ပြည်တွင်းသင်္ဘောများကလည်း ဖြတ်သန်းသွားလာနေတဲ့ ၂၄ နာရီ ဖြတ်သန်းတဲ့ ရေလမ်းကြောင်းဖြစ်တဲ့အတွက် တံတားစီမံကိန်းလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေဘဲ စီးပွားရေးအတွက် သွားလာနေကြတဲ့ ရေယာဉ်တွေ လုံခြုံရေးအလို့ငှာ သွားလာနေတဲ့ ရေယာဉ်တွေအားလုံးဟာ သက်ဆိုင်ရာ ဌာနတွေနဲ့ ပေါင်းစပ်ကူညီဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာဦးဇော်ထွန်းလွင်က ပြောကြားခဲ့ပါတယ်။
သန်လျင်တံတားစီမံကိန်းသည် Traffic နည်းသည့်အတွက် စိုးရိမ်ရန်မလိုသော်လည်း ရန်ကုန်-ဒလတံ တားစီမံကိန်းမှာ Traffic များသည့်အပြင် နိုင်ငံခြားသင်္ဘောကြီးများ ဖြတ်သန်းသွားလာမှုများသည့်အတွက် စိုးရိမ်ရမည်ဖြစ်ရာ လုပ်ငန်းစဉ်တိုင်းနှင့် ပတ်သက်သည့် အစည်းအဝေးများကို လုပ်ငန်းစဉ်တိုင်းတွင် ကြေညာသွားမည်ဖြစ်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား (ဒလ) အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး စုစုပေါင်းတံတားအရှည် ၁၈၇၂ ဒသမ ၅ မီတာ (၆၁၄၄ ပေ)၊ ပင်မ တံတားအရှည် မီတာ ၅၉၀ (၁၉၃၆ ပေ) ရှိပြီး အကျယ် ၂၆ ဒသမ ၅ မီတာ (၈၇ ပေ) ယာဉ်လေးလမ်းသွားဖြစ်ပါတယ်။
စီမံကိန်းကာလအတွင်း အောက်ဖော်ပြပါ ရေလမ်းကြောင်းသတ်မှတ်ချက်များအတိုင်းသွားလာ မောင်းနှင်ကြရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ချက်အရသိရပါတယ်။
Source : Transcom News