ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် City Taxi အစီးရေအတွက်နှင့် စာရင်းထဲတွင်ရှိသည့် City Taxi အစီးအရေအတွက် တကယ်ရှိမရှိကို ကညနနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောကြားခဲ့ပါတယ်။
တက္ကစီယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံခြင်း၊ နယ်လိုင်စင်ပြောင်းလဲခြင်းများကို YRTA ထံ သတင်းပို့ခြင်းမရှိသည့်အတွက် တက္ကစီယာဉ်များမှာ အရေအတွက်ဖောင်းပွနေသောကြောင့် အမှန်တကယ် မြေပြင်ရှိ ယာဉ်အရေအတွက်ကို တိုက်ဆိုင်စစ်ဆေးကာ ပယ်ဖျက်ရမည့် ယာဉ်များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။
"ယာဉ်အစီးရေ ၆၇,၀၀၀ ကျော်ဆိုတာ တကယ်ဟုတ်လား မေးစရာရှိတယ်။ ယာဉ်ဖောင်းပွမှုလို့ပြောလို့ရတယ်။ ဒါကြောင့် ဘယ်ယာဉ်တွေက ယာဉ်အို၊ ယာဉ်ဟောင်းအပ်ပြီးတာ မရှိတော့ဘူးလဲ။ ဘယ်ယာဉ်ပိုင်ရှင်ကမှလည်း ဖျက်ပြီဆိုတာ လာသတင်းမပို့ဘူး။ မပို့တော့ ကျွန်တော်တို့ဘက်ကပဲ ကိုယ့်လုပ်ငန်းကို လုပ်စရာရှိတာလုပ်ရမှာပေါ့။ တိုက်စစ်ပြီး မရှိတဲ့ယာဉ်တွေကို ပယ်ဖျက်မယ်၊ ရှိတဲ့ယာဉ်တွေကို အတည်ပြုမယ်”ဟု YRTA မှတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ယင်းကဲ့သို့ City Taxi များကို တိုက်စစ်ဆေးပြီးပါက စစ်ဆေးပြီးစီးသည့်ယာဉ်များကို အတည်ပြု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရပါတယ်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် စီးတီးတက္ကစီ ယာဉ်အစီးရေမှာ ၆၇,၀၈၅ စီးရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။
Source; The Voice