Transportation

အမေရိကန်နိုင်ငံသို့ လာရောက်မည့် ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးသည်များ COVID-19 ကင်းစင်ကြောင်း ပြသရန် လိုအပ်မည်

အမေရိကန်နိုင်ငံသို့ လာရောက်သည့် ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးသည်များအနေဖြင့် ခရီးမထွက်ခွာမီ ၇၂ နာရီ အတွင်း စစ်ဆေးထားသော ဗိုင်းရပ်စ်ကင်းစင်ကြောင်းပြသရန် လိုအပ်ကြောင်း အမိန့်ညွှန်ကြားချက်အသစ်ကို ဒီဇင်ဘာ ၂၅ ရက်တွင် လက်မှတ်ထိုးမည်ဟု မျှော်မှန်းထားကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) အဆိုအရ သိရသည်။
 
 
အမေရိကန်နိုင်ငံသို့ လာရောက်မည့် ဗြိတိန်နိုင်ငံမှခရီးသည်များသည် လေယာဉ်မထွက်ခွာမီ သုံးရက်အတွင်း ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူရန်နှင့် ၎င်းတို့၏ ဓာတ်ခွဲခန်းမှ ထုတ်ပေးထားသည့် စစ်ဆေးမှုရလဒ် စာရွက်စာတမ်းများကို လေကြောင်းလိုင်းသို့ ပေးအပ်ရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန် CDC က ဒီဇင်ဘာ ၂၄ ရက် ညပိုင်း ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
 
လေကြောင်းလိုင်းများအနေဖြင့်လည်း လေယာဉ်မထွက်ခွာမီ ခရီးသည်များအားလုံး ဗိုင်းရပ်စ်ကင်းစင်ကြောင်းရလဒ်ကို အတည်ပြုရမည် ဖြစ်သည်။ အကယ်၍ ခရီးသည်တစ်ဦးဦးက ဗိုင်းရပ်စ်စစ်ဆေးမှုကို မပြုလုပ်လျှင် လေကြောင်းလိုင်းအနေဖြင့် အဆိုပါ ခရီးသည်အား လေယာဉ်ပေါ်တက်ရောက်ခွင့် ငြင်းပယ်ရမည်ဖြစ်ကြောင်း CDC က ပြောကြားခဲ့သည်။
 
အဆိုပါ အမိန့်ညွှန်ကြားချက်အသစ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဆောင်ရွက်ချက်သည် မကြာသေးမီက ဗီဇပြောင်း SARS-CoV-2 ဗိုင်းရပ်စ် တွေ့ရှိကြောင်း ယူကေရှိ ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့များက ကြေညာခဲ့သောကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
 
ဗိုင်းရပ်စ်များသည် သန္ဓေပြောင်းလဲမှုကြောင့် မကြာခဏပြောင်းလဲလျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ကနဦးစိစစ်တွေ့ရှိမှုအရ ယခုဗီဇပြောင်းဗိုင်းရပ်စ်အသစ်သည် ယခင်ဖြစ်ပွားလျက်ရှိသော ဗိုင်းရပ်စ်ထက် ကူးစက်နှုန်း ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကြောင်း CDC က ဆိုသည်။
 
“ဒီညွှန်ကြားချက်အသစ်ဟာ COVID-19 ရောဂါကို ထိန်းချုပ်ဖို့နှင့် ရှာဖွေတွေ့ရှိနိုင်ဖို့ လုပ်ဆောင်နိုင်စွမ်း တိုးမြှင့်မယ့် ဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု CDC က ပြောခဲ့သည်။
 
Xinhua
 
Read times
Rate this item
(0 votes)