ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရာတွင် ကလေးမြို့သို့ လေယာဉ်ဖြင့် လာရောက်ကြမည့် ခရီးသွားပြည်သူများအတွက်
သိရှိ လိုက်နာရမည့်အချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကလေးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နောက်ဆုံး ထွက်ရှိထားသည့် ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲပေးရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်း များနှင့် လေယာဉ်စီး ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေး ဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures – SOP) နှင့်အညီ ကလေးမြို့ လေဆိပ်မှတစ်ဆင့် ကလေးမြို့သို့ ရောက်ရှိလာသော လေယာဉ်စီး ခရီးသည်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း။
ကလေးမြို့နယ်သည် လက်ရှိတွင် Non-Stay-At-Home မြို့နယ် ဖြစ်သဖြင့် ချမှတ်ထားသော စံသတ်မှတ်ချက်များအရ ကလေးမြို့ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသွားပြည်သူများအနေဖြင့် Stay-At-Home မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါက ကလေးမြို့ပေါ်ရှိ သီတဂူမျက်စိ ဆေးရုံကြီး (CBFQ Centre) ၊ အထက(၁) (CBFQ Centre) ၊ အထက(၈) (CBFQ Centre) ၊ Hotel Moe (Hotel Quarantine) ၊ ရှင်းဟုန်ဟိုတယ် (Hotel Quarantine) နှင့် မြို့နယ်အတွင်းရှိ သတ်မှတ် ထားရှိသော အခြား CBFQ Centre များတွင် တစ်ပတ် (၇)ရက်) နေထိုင်ကြရမည်ဖြစ်ပြီး (၇) ရက် မြောက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူကာ RDT Test Kit ဖြင့် စစ်ဆေးပြီး Negative (ပိုးမတွေ့) အဖြေထွက်ရှိမှသာ မိမိနေအိမ် (သို့မဟုတ်) မိမိသွားရောက်လိုသည့် မြို့နယ်များသို့ ဆက်လက် ခရီးထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် Non-Stay-At-Home မြို့နယ်မှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါက Quarantine ဝင်ရောက်ရန်မလိုပဲ မိမိနေအိမ် (သို့မဟုတ်) မိမိ သွားရောက်လိုသည့် မြို့နယ်များသို့ ဆက်လက်ခရီးထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
MRTV