Transportation

Korean Air က Asiana Airlines နှင့် ပေါင်းစည်းမည်

တောင်ကိုရီးယားနိုင်ငံမှ Korean Air က Asiana Airlines ကို ဝယ်ယူခဲ့ပြီး

Korean Air လက်အောက်မှာ ပေါင်းစည်းထည့်သွင်းတာကို Malaysian Aviation Commission (Mavcom) က စက်တင်ဘာလ ၉ ရက်နေ့မှ ခွင့်ပြုဖို့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ပြည်တွင်း ယှဉ်ပြိုင်မှု ဥပဒေများနဲ့ ငြိစွန်းခြင်း ချိုးဖောက်ခြင်း မရှိတဲ့အတွက် ယခုလို ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ Mavcom က တောင်ကိုရီးယား နဲ့ မလေးရှားတို့အကြား ပြေးဆွဲတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ Seoul-Kota Kinabalu ကို ဆန်းစစ်ခဲ့ပါတယ်။ အဲဒီလမ်းကြောင်းကို Korean Air ရဲ့ ညီအစ်မလုပ်ငန်းဖြစ်တဲ့ Jin Air နဲ့ Asiana ရဲ့ ချွေတာရေးလေကြောင်းလိုင်း Air Seoul တို့ ပျံသန်းပြေးဆွဲကြပါတယ်။ ၎င်းတို့နဲ့ မသက်ဆိုင်တဲ့ Jeju Air လေကြောင်းလိုင်းလည်း ပြေးဆွဲပါတယ်။

Asiana ကျ စီးပွားရေး ကျရှုံးနေပြီး အကြွေးတင်နေတဲ့ အခြေအနေထဲမှာ ပြန်နာလန်ထဖို့ မရနိုင်တဲ့အတွက် အခုလို ပေါင်းစည်းတာကို လက်ခံလိုက်တယ်လို့ ဆိုပါတယ်။

Korean Air အနေဖြင့် Asiana ကို ပေါင်းစည်းဖို့ ရှေ့ကို တစ်ဆင့်ထပ်တက်နိုင်လိုက်တာ ဖြစ်ပါတယ်။


Korean Air က ၂၀၂၀ နိုဝင်ဘာလမှာ Asiana ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုဗစ်ကြောင့် ခရီးသွားလာမှုတွေ ပိတ်ပင်ထားချိန် လေကြောင်းလိုင်းများ လေယာဉ်အများစု မြေပြင်မှာ ရပ်ထားရစဉ် ယခုလို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီလမှာ စီးပွားရေးလုပ်ငန်းနှစ်ခု ပေါင်းစည်းမယ့်အကြောင်း အသိပေးအစီရင်ခံစာကို အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ်၊ အီးယူ အစရှိတဲ့ နိုင်ငံတွေမှ သက်ဆိုင်ရာ လေကြောင်းအာဏာပိုင်တွေထံ တင်သွင်းခဲ့ပါတယ်။

အရင်အဦးဆုံး ခွင့်ပြုချက် ပေးခဲ့တာ တူရကီမှ Turkish Competition Authority ဖြစ်ပြီး ဖေဖော်ဝါရီလမှာ ခွင့်ပြုချက် တရားဝင် ရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှမှာတော့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က ပေါင်းစည်းမှုကို မီးစိမ်းပြခဲ့ကြတာ မေလကတည်းက ဖြစ်ပါတယ်။

 
Read times
Rate this item
(0 votes)