Transportation

Thai Lion Air လေယာဉ်စီးရေ တိုးမြှင့်

Thai Lion Air (TLA) သည် ယခုနှစ်တွင် လေယာဉ်စီးရေ ထပ်တိုးသွားမည် ဖြစ်သည့်အပြင် ပြည်ပခရီးစဉ်များကိုပါ ချဲ့ထွင် ပြေးဆွဲသွားရန် ပြင်ဆင်နေသည်။ ကိုဗစ်ကြောင့် ပိတ်ပင်ထားသည့် လေကြောင်းခရီးစဉ်များ ပြန်ပွင့်လာသည်အခါ အဆင်သင့် ဖြစ်နေစေရန် ပြင်ဆင်နေခြင်းဖြစ်သည်။

TLA အမှုဆောင် အရာရှိချုပ် Aswin Yangkirativorn လေယာဉ်စီးရေ တိုးချဲ့သည့် အစီအစဉ်သည် ပြည်ပခရီးစဉ်များ မကြာမီကာလတွင် ပြေးဆွဲရန်အတွက် ဖြစ်ပြီး အစိုးရ နှစ်ဉီးနှစ်ဖက် သဘောတူညီမှု အပေါ် မူတည်ကြောင်း ပြောကြားသည်။

လေကြောင်းလိုင်းသည် လတ်တလောတွင် Airbus A320neo ၂ စီး လက်ခံရယူထားပြီး စုစုပေါင်း လေယာဉ် ၁၀ စီး ရှိသွားပြီ ဖြစ်သည်။ နောက်ထပ် Boeing 737 ၂စီးကို ယခုနှစ်အတွင်း ထပ်မံရယူရန် အစီအစဉ် ရှိသည်။

ကပ်ရောဂါမတိုင်ခင်က လေကြောင်းလိုင်း ရရှိသည့် ခရီးသည် ၆၀% တို့သည် လေကြောင်းလိုင်း၏ အခရာကျသော ရင်းမြစ်ဈေးကွက်များတွင် ပါဝင်သည့် တရုတ်နိုင်ငံမှ ခရီးသည်များ ဖြစ်သည်။ ယခုအခါ တရုတ်အစိုးရက ပြည်တွင်းခရီးသွားလုပ်ငန်းကိုသာ စူးစိုက်ထားသဖြင့် နောက်နှစ် နှစ်လယ်ပိုငးအထိ တရုတ်ခရီးသည်များ ပြည်ပခရီး ထွက်နိုင်ကြမည်မဟုတ်ဟု သူက ပြောသည်။

TLA သည် ဒေသတွင်း ဈေးကွက်များ ဖြစ်သော အိန္ဒိယ၊ ဂျပန်၊ တိုင်ဝမ်နှင့် စင်ကာပူတို့ကို စူးစိုက်ထားသည်။

TLA သည် ၎င်း၏ ဝန်ထမ်းများကို လစာပေးရန်အတွက် အစိုးရထံမှ အတိုးနှုန်းသက်သာသည့် ချေးငွေ ဘတ် ၅ ဘီလျံ တောင်းခံသည့် ပြည်တွင်းလေကြောင်းလိုင်း ခုနစ်ခုတွင် ပါဝင်သည်။ သို့သော် ချေးငွေ မရရှိသေးချေ။

Mr Aswin က “ချေးငွေ မရရှိသေးသော်လည်း ကျွန်တော်တို့အနေဖြင့် TLA က ဆက်ထိန်းထားနိုင်မယ်ဆိုတာ ယုံကြည်ထားဆဲ ဖြစ်ပါတယ်” ဟု ပြောပြသည်။

လက်ရှိတွင် TLA သည် ပြည်တွင်း ခရီးစဉ် ၁၃ ခု ကို ပြေးဆွဲနေသည်။ တတိယ သုံးလပတ်အတွင်းတွင် ခရီးနှစ်ခု ပြန်စမည် ဖြစ်သည်။

ပျမ်းမျှ ပျံသန်းကြိမ်ရေသည် တစ်ရက် အကြိမ် ၃၀ ဖြစ်ပြီး လေယာဉ်သုံးစွဲချိန်သည် ၅ မှ ၆ နာရီအထိ ရှိသည်။ ကိုဗစ်မတိုင်ခင်က တစ်ရက် လေယာဉ်သုံးစွဲချိန် ၁၀ မှ ၁၁ နာရီအထိ ရှိခဲ့သည်။

ပြည်တွင်း လေကြောင်းခရီးစဉ်များတွင် ကိုဗစ်ကြောင့် ပြဋ္ဌာန်းထားခဲ့သည့် လိုက်ပါရမည့် ခရီးသည် ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ ယခင်က သယ်ဆောင်နိုင်သည့် စုစုပေါင်း ခရီးသည်ဦးရေ၏ ၇၀ % ကိုသာ လိုက်ပါရန် ကန့်သတ်ချက် ပြဋ္ဌာန်း ခဲ့သည်။

Read times
Rate this item
(0 votes)