Transportation

ယူကရိန်းစစ်ပွဲကြောင့် အမြတ်အစွန်း ပြန်ရလာဖို့ ခက်ခဲနေကြောင်း မလေးရှားလေကြောင်းလိုင်း စီအီးအို ပြောကြား

ယူကရိန်းစစ်ပွဲကြောင့် အမြတ်အစွန်း ပြန်ရလာဖို့ ခက်ခဲနေကြောင်း မလေးရှားလေကြောင်းလိုင်း စီအီးအို ပြောကြား

 

မူလက ယခုနှစ်မှာ Malaysia Airlines  က အရှုံးများ ကြေပြီး နောက်နှစ်မှာ အမြတ် ရတဲ့အဖြစ်ကို ပြန်လည်ရရှိဖို့ မျှော်မှန်းထားပေမဲ့ လေယာဉ်ဆီ ဈေးနှုန်းများ မြင့်မားနေတာကြောင့် လာမယ့်နှစ်မှာ အမြတ်ရဖို့ မသေချာတော့ကြောင်း စီအီးအို Izham Ismail က ပြောကြားပါတယ်။  

ယခုအခါ လေကြောင်းလိုင်းရဲ့ ပျံသန်းစရိတ်မှာ လေယာဉ်ဆီ စရိတ်က ၄၅%  အထိ သုံးစွဲနေရပါတယ်လို့  ၎င်းက ပြောကြားပါတယ်။ 

"လောင်စာဆီမှာ  ၁ အမေရိကန်ဒေါ်လာ တိုးရင် Malaysia Airlines မှာ ရင်းဂစ် ၃၂ သန်း ပိုမိုကုန်ကျပါတယ်" လို့  ၎င်းက ပြောကြားပါတယ်။ 

မလေးရှားရင်းဂစ်နှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ရင်းဂစ် တန်ဖိုးကျနေတာနဲ့ ပတ်သက်လို့ သူက "ငွေလဲနှုန်းမှာ ၀.၁၀ ဈေးပြောင်းသွားရင် အရှုံးအမြတ်မှာ ရင်းဂစ် သန်း ၁၀၀ ဝန်းကျင် အတိုးအလျော့ ဖြစ်ပေါ်ပါတယ်" လို့ ရှင်းပြပါတယ်။ 

 

 

286222362_5218617088176508_363212710640358580_n.jpg

 

ရုရှား၏ယူကရိန်းကျူး‌ကျော်စစ်ပွဲကြောင့် လေယာဉ်ဆီ ဈေးမြင့်တက်လို့ ထင်ထားတာတက် စောပြီး အမြတ်အစွန်းရရှိတဲ့ အခြေအနေသို့ ပြန်ရောက်မှာ မဟုတ်ကြောင်း Malaysia Airlines စီအီးအို Izham Ismail က သတင်းမီဒီယာ Nikkei Asia သို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လေကြောင်းလိုင်းက အဓိကကျတဲ့ တိုးတက်ကောင်းမွန်မှုများကို ဘဏ္ဍာရေးကဏ္ဍမှာ လုပ်ဆောင်နိုင်ခဲ့လို့ အတောင့်တင်းဆုံး အနေအထားကို ရရှိထားကြောင်း၊ အစိုးရထောက်ပံ့ငွေ ရယူသုံးစွဲနေရတာ အဆုံးသတ်စေမှာ ဖြစ်ကြောင်း စီအီးအိုက ပြောကြားပါတယ်။ 

 

 ၂၀၁၄ မှာ Malaysia Airlines ဆိုးဝါးတဲ့ ဖြစ်ရပ် နှစ်ခု ဖြစ်ပွားခဲ့လို့ နာမည်ထိခိုက်ခဲ့ပါတယ်။ တစ်ခုက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းသို့ ပျံသန်းတဲ့  ခရီးစဉ် MH370  လေယာဉ်ပျက်ကျပြီး အစအနတောင် ရှာမရ ဖြစ်ခဲ့ပါတယ်။ ဒုတိယဖြစ်ရပ်ကတော့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ခရီးစဉ် MH17 လေယာဉ် ပစ်ချခံခဲ့ရပါတယ်။ 

 

Izham က ဖြစ်ရပ်ဆိုးများကြောင့် နာမည်ပျက်ရတာ ပြန်ကောင်းလာစဉ် ကိုဗစ်ကပ်ဘေးကြောင့်  လေကြောင်းလိုင်းကို ထိခိုက်ခဲ့ပြန်ရာ အပြီးအပိုင် ရပ်ထားရတော့မယ့် အ‌ြေခအနေသို့ ဆိုက်ရောက်ခဲ့တယ်လို့ ပြောပြပါတယ်။ ယခု ကိုဗစ်လွန်ကာလ ပြန်အစမှာ ယူကရိန်းစစ်ပွဲ ပေါ်ပေါက်ရာမှ ဂယက်ထပြီး လေယာဉ်ဆီဈေးနှုန်းများ မြင့်တက်နေတာကြောင့် လုပ်ငန်းလည်ပတ်မှုကို ထိခိုက်နေပါတယ်။

 

Malaysia Airlines က ၂၀၂၁ အောက်တိုဘာလမှ စပြီး ငွေသား အပိုအလျှံ စရှိလာခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ဆက်လက်ရပ်တည်ဖို့ ဖူလုံတဲ့ အခြေအနေများကို ရရှိခဲ့တယ်လို့  စီအီးအို Izham Ismail က ပြောကြားပါတယ်။ 

 

 Malaysia Airlines ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Malaysia Aviation Group (MAG) က  EBITDA (earnings before interest, taxes, depreciation, and amortization) ၂၀၂၁ အတွက် ဝင်ငွေ ရင်းဂစ် ၄၃၃ သန်း ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကတော့ ရင်းဂစ် ၁.၇၆ ဘီလျံ အရှုံးပေါ်ခဲ့ပါတယ်။ 

 

Malaysia Airlines သည် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့ရာမှာ ၂၀၁၄ လေယာဉ်ပျက်ကျမှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး Khazanah Nasional ငွေကြေးရန်ပုံငွေက ပိုင်ဆိုင်သည့် လေကြောင်းလိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ 

စတော့အိပ်ချိန်းမှာ စာရင်းဝင်ထားတဲ့ Malaysian Airline System လုပ်ငန်းလည်ပတ်မှု ယတိပြတ် ရပ်လိုက်ပါတယ်။ လုပ်လခစာများ၊ ပိုင်ဆိုင်မှုများ၊ ပေးရန်ရှိကြွေးမြီများကို လုပ်ငန်းလည်ပတ်လုပ်ကိုင်ပေးမယ့် MAG လက်ထဲသို့ ရောက်ရှိသွားပါတယ်။ 

 

Khazanah က အစိုးရပိုင်လုပ်ငန်းဖြစ်ပြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။ လေကြောင်းလိုင်း အရှုံးပြနေတာကို ကယ်ဆယ်ရေးအတွက် ၂၀၁၄ ခုနှစ်မှစ၍ ယခုအထိ ရင်းဂစ် ၉.၆ ဘီလျံကို သုံးစွဲပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ သက်တမ်း ၇၅ နှစ်ရှိပြီဖြစ်တဲ့ Malaysia Airlines  မှာ မလေးရှားအစိုးရက ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီး အဓိကကျတဲ့ ဆုံးဖြတ်ချက်တိုင်းကို MAG က အစိုးရထံတင်ပြပြီး အတည်ပြုချက် ရယူရပါတယ်။ 

 

ဘဏ္ဍာရေး တည်ငြိမ်မှု အခြေအနေ တိုးတက်ကောင်းမွန်စေဖို့အတွက် လေကြောင်းလိုင်းက လေကြောင်းကုန်စည် လုပ်ငန်းပိုင်းနှင့် ကုန်တင်လေယာဉ် Airbus A380  ဂျမ်ဘိုဂျက် ၆ စီးကို ငွေဖော်ဖို့ အစီအစဉ် ရှိပါတယ်။ 

 

“အရင်က လန်ဒန်(အင်္ဂလန်)နဲ့ ဂျဒ်ဒါ (ဆော်ဒီအာရေဗျ) လမ်းကြောင်းတွေအတွက် အသုံးပြုခဲ့တဲ့ A380 ခြောက်စီးကို အနားပေးထားပြီး အဲဒီ လေယာဉ်တွေကို ရောင်းချဖို့ ကြေညာထားပြီးပါပြီ” လို့ Izham က ပြောကြားပါတယ်။

 

#MyanmarLogisticsGuide

Read times
Rate this item
(0 votes)