Transportation

မူဆယ်ကို ဆက်သွယ်မယ့် တာ့လီ- ရွှေလီ ရထားလမ်းပိုင်းရဲ့ ပထမတစ်ပိုင်း ဖွင့်လှစ်

မူဆယ်ကို ဆက်သွယ်မယ့် တာ့လီ- ရွှေလီ ရထားလမ်းပိုင်းရဲ့ ပထမတစ်ပိုင်း ဖွင့်လှစ်

ယူနန်ပြည်နယ် အနောက်တောင်ပိုင်းက တာ့လီမြို့(Dali)နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့ကို ဆက်သွယ်မယ့် တာ့လီ- ရွှေလီ ရထားလမ်းပိုင်းရဲ့ ပထမတပိုင်းကို ဖွင့်လှစ်လိုက်ပြီလို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

 

ယူနန်ပြည်နယ် အနောက်တောင်ပိုင်းက တာ့လီမြို့(Dali)နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့ကို ဆက်သွယ်မယ့် တာ့လီ- ရွှေလီ ရထားလမ်းပိုင်းရဲ့ ပထမတပိုင်းကို ဖွင့်လှစ်လိုက်ပြီလို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒီရထားလမ်းက တရုတ် BRI စီမံကိန်းနဲ့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံအတွက် ဝန်ဆောင်မှု ပေးလိမ့်မယ်လို့ တရုတ်ဘက်က ထုတ်ပြန်ခဲ့တာပါ။ 

 

တရုတ်- မြန်မာဆက်သွယ်မယ့် နိုင်ငံတကာ လမ်းကြောင်းအဖြစ် အရေးပါတဲ့ တာ့လီ- ရွှေလီ ရထားလမ်းပိုင်းရဲ့ ပထမတပိုင်းဖြစ်တဲ့ တာ့လီ- ပေါင်စန်း ရထားလမ်းပိုင်းကို ဖွင့်လှစ်လိုက်ပြီလို့ တရုတ်သံရုံးက ဩဂုတ်လ ၁ရက်မှာ ထုတ်ပြန်ထားပါတယ်။


တာ့လီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းဖွင့်လှစ်

 

မကြာသေးမီက C296 Fuxing EMU ရထားသည် ယူနန်ပြည်နယ် ပေါင်စန်းဘူတာမှ ထွက်ခွာခဲ့ပြီးအရှေ့ဘက်သို့ ခုတ်မောင်းကာတာ့လီသို့ ဦးတည်ခဲ့သည်။ ၁၄ နှစ်ကြာခက်ခဲစွာဖောက်လုပ်ပြီးနောက် တာ့လီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းကိုတရားဝင် ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့ရာပေါင်စန်းမြို့၏ ရထားလမ်းမပေါက်ရောက်သောသမိုင်းကြောင်းကိုအဆုံးသတ်နိုင်ခဲ့သည်။ ပေါင်စန်းမြို့သည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိပြီးမြန်မာနိုင်ငံနှင့် တောတောင်ရေမြေထိစပ်လျက်ရှိပါသည်။ တာ့လီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းအောင်မြင်စွာဖွင့်လှစ်ပြေးဆွဲပြီးကုန်းလမ်းနှင့် ရထားလမ်း၊ ရေကြောင်းနှင့် ရထားလမ်းပေါင်းစပ်ပို့ဆောင်ခြင်းနည်းလမ်းဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံစသည့် အရှေ့တောင်အာရှနိုင်ငံများအကြားကုန်စည်စီးဆင်းမှုလမ်းကြောင်းသစ်ကိုဖွင့်လှစ်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် တာ့လီ-ရွှေလီရထားလမ်း၏ ပေါင်စန်း-ရွှေလီလမ်းပိုင်းဖောက်လုပ်မှုကိုစနစ်တကျ မြှင့်တင်လျက်ရှိပြီးလမ်းကြောင်းတစ်ခုလုံးဖွင့်လှစ်နိုင်ပါကတရုတ်-မြန်မာနိုင်ငံတကာရထားလမ်းကြောင်း၏ တရုတ်နိုင်ငံတွင်းလမ်းပိုင်းကိုဘက်စုံတည်ဆောက်ပြီးစီးမည်ဖြစ်ပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးအတွက် တာ့လီ-ရွှေလီရထားလမ်းမှ ဝန်ဆောင်မှုပေးသည့် အခန်းကဏ္ဍကိုပိုမိုသိသာထင်ရှားစေမည် ဖြစ်သည်။


 

ဒီရထားလမ်းဟာ တရုတ်- မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်တယ်လို့ ပီကင်းနိုင်ငံတကာအသံလွှင့်ဌာနရဲ့ China Radio International (CRI) မြန်မာပိုင်း FB စာမျက်နှာက မနေ့ကတနင်္လာနေ့မှာ ရုပ်သံတင်ခဲ့သလို Railway Gazette ကလည်း ဒီနေ့ ဩဂုတ်လ ၂ရက်မှာ ဒီရထားလမ်းပိုင်းဖွင့်ပွဲကို ရေးသားခဲ့ပါတယ်။ ဒီရထားလမ်းကို အသုံးပြုမယ်ဆိုရင် ယူနန်ပြည်နယ် မြို့တော်ကူမင်း ကနေ မြန်မာနယ်စပ်က တရုတ်ရွှေလီမြို့အရောက် ၆ နာရီပဲကြာလိမ့်မယ်လို့ CRI သတင်းဌာနက မြန်မာဘာသာနဲ့ တင်ဆက်ခဲ့တာပါ။

 

"ယူနန်ပြည်နယ်က မြန်မာနိုင်ငံရဲ့ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံကို ဝင်ရောက်တဲ့ တံခါးပေါက်ဖြစ်ပါတယ်။ အဆိုပါလမ်းကြောင်းကြီး တည်ဆောက်ပြီးတဲ့နောက်မှာ သရက်သီး၊ ဖရဲသီး၊ ဆန်နှင့် ရော်ဘာစတဲ့ မြန်မာနိုင်ငံကုန်ပစ္စည်းတွေကို တရုတ်ဈေးကွက်အတွင်းကို ပိုမိုလွယ်ကူစွာ ဝင်ရောက်သွားစေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ တာ့လီ- ရွှေလီရထားလမ်းရဲ့ ပေါင်စန်းမှရွှေလီ လမ်းပိုင်းတည်ဆောက်မှုကို စနစ်တကျ ဖော်ဆောင်လျှက်ရှိပါတယ်။ ရထားလမ်းတခုလုံး ဖွင့်လှစ်ပြီးတဲ့နောက်မှာ တရုတ်- မြန်မာ နိုင်ငံတကာရထားလမ်းကြောင်းရဲ့ တရုတ်နိုင်ငံ ပြည်တွင်းလမ်းကြောင်း ဘက်စုံတည်ဆောက် ပြီးစီးမှာဖြစ်ပါတယ်။"

 

ဒါကတော့ တရုတ်အသံလွင့်ဌာန CRI မှာ ဖော်ပြခဲ့တာပါ။

 

ဒီရထားလမ်းရဲ့ ဒုတိယတပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးမြို့နဲ့ ဆက်စပ်မဲ့ ပေါင်စန်းရွှေလီရထားလမ်းကိုတော့ ဆက်ပြီးလုပ်နေတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ တရုတ်ရွှေလီမြို့မှာနေတဲ့ မြန်မာတဦးကတော့ ကျန်တဲ့လမ်းပိုင်းရဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

 

"ဒီဘက်ကတော့ ဘာသံမှမကြားသေးဘူး၊ ရထားလမ်းကလုပ်တာတော့ ငုတ်တွေတော့ စိုက်ထားပြီးပြီ၊ ရထားဆိုတာတို့ ဘာတို့တော့ ဘာမှမလုပ်သေးဘူး။ ငုတ်တိုင်တွေပဲရိုက်ထားတာ။ အပေါ်သံလမ်းနဲ့ပတ်သက်တဲ့ဟာတော့ အခုလောလောဆယ်တော့ ဘာသံမှမကြားသေးဘူး။"

 

ဒီရထားလမ်းပိုင်းဟာ ၂၀၂၀ ဇန်နဝါရီလ တရုတ်သမ္မတ မြန်မာနိုင်ငံကိုလာတုန်းက မြန်မာအစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ် ၃၃ ခုထဲက စီမံကိန်းတချို့ကို အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ တချို့က ပြောပါတယ်။ စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ခွန်သိန်းမောင်ကတော့ ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး မြန်မာဘက်မှာတော့ ပြင်ဆင်ဆောင်ရွက်ထားတာ လတ်တလောမရှိသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

 

"အဲဒီစီမံကိန်းက အဝေးကြီးလိုပါသေးတယ် အဲဒါတွေကလေ၊ ကျနော်တို့ဘက်ကတော့ ဘာမှမရှိသေးပါဘူး၊ အခုမှကျနော်တို့က ဒါတွေက တဖက်က အစီအမံပဲရှိတာလေ ဒီဘက်မှာဘာမှ မလုပ်ရသေးပါဘူးနော်။"

 

မြန်မာအစိုးရနဲ့ တရုတ်အစိုးရ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်တွေထဲမှာ ရပ်ဝန်းနဲ့လမ်းမစီမံကိန်း BRI ကိုပံ့ပိုးတဲ့ စီမံကိန်းအများအပြား ပါဝင်ခဲ့တာပါ။ ဒီထဲမှာ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျှင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား မြန်မာ့ စီးပွားရေးစင်္ကြန် ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ မူဆယ်မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ ဒါတွေကတော့ သိသာထင်ရှားတဲ့ သဘောတူညီမှုတွေ ဖြစ်ပါတယ်။

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U
Source: VOA

 

 

MLG

Read times
Rate this item
(0 votes)