Transportation

LNG သင်္ဘောငှားရမ်းခများ မြင့်တက်

LNG သင်္ဘောငှားရမ်းခများ မြင့်တက်

ရုရှားနိုင်ငံက  ဥရောပသို့ သဘာဝ‌ဓာတ်ငွေ့ ထောက်ပံ့မှု ဖြတ်တောက်မှုကြောင့် ယခုနှစ်အတွင်း ဥရောပနိုင်ငံများက အမေရိကန်၊ ကာတာနှင့် အခြားသော ရင်းမြစ်များမှ သဘာဝဓာတ်ငွေ့ရည်များကို အရှိန်တိုးမြှင့် ဝယ်ယူခဲ့ကြပါတယ်။

ထိုစဉ်မှာ ဂျပန်နှင့် တောင်ကိုရီးယားတို့မှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အဲကွန်းသုံးစွဲမှု မြင့်တက်ပြီး ဓာတ်အားသုံးစွဲမှု များပြားနေတာအတွက် သဘာဝဓာတ်ငွေ့များ ပိုမိုသုံးစွဲပြီး ဓာတ်အား ပိုမိုထုတ်လုပ်နေကြရလို့ LNG ကို ပိုမိုတင်သွင်းနိုင်ဖို့ ကြိုးစားကြပါတယ်။ 

LNG သင်္ဘောအရေအတွက်က အကန့်အသတ်ဖြင့်သာ ရရှိနိုင်တဲ့အတွက် ဈေးကြီးပေးပြီး အလုအယက် ငှားရမ်းသုံးစွဲကြရပါတယ်။ ဈေးကွက်မှာ တောင်းဆိုချက် မြင့်မားလာတာကြောင့် LNG သင်္ဘောအသစ်များ တည်ဆောက်ဖို့ သင်္ဘောကျင်းများမှာ မှာကြားတဲ့ပမာဏ ပိုများသွားစေခဲ့ပါတယ်။ ဘောလုံးကွင်း သုံးကွင်းစာ ရှည်လျားတဲ့ LNG သင်္ဘောအသစ် အကြီးစားများ မှာကြားကြပါတယ်။ 

LNG သင်္ဘောလိုအပ်ချက်က ယူကရိန်း ပဋိပက္ခ မတိုင်ခင်ကတည်းက မြင့်မားနေခဲ့ပါတယ်၊။  ယခုအခါ ဈေးကွက်မှာ တောင်းဆိုချက် ပိုမိုမြင့်မားနေတာကြောင့် LNG ချာတာငှာရမ်းနှုန်းတွေ မြင့်တက်ပါတယ်။ 

ချာတာငှာရမ်းနှုန်းတွေ မြင့်တက်တဲ့အတွက် ဓာတ်ငွေ့လက်လီရောင်းဈေးများ ဥရောပဈေးကွက်မှာ ၁၅% မြင့်တက်ပါတယ်။ 

တရုတ်ပြည်မှာ Covid-19  လော့ဒေါင်းများကြောင့် LNG လိုအပ်ချက် လျော့နည်းနေခဲ့ရာမှ ပုံမှန်ပြန်ဖြစ်လာတဲ့အခါ ဝယ်လိုအား ပြန်လည်မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆောင်းရာသီ အနွေးဓာတ်ပေးဖို့ LNG သုံးစွဲမှုများ ပိုများလာမှာအတွက် ကြိုတင် ဝယ်ယူလိမ့်မယ်လို့ မှန်းဆထားကြပါတယ်။ 

လက်ရှိအခြေအနေမှာတင် LNG သင်္ဘောရဖို့ ရှားပါးပြတ်လပ်နေပါတယ်။ 

သင်္ဘောပွဲစားလုပ်ငန်း Poten & Partners မှာ ဌာနမှူးတစ်ဦးဖြစ်သူ Jason Feer က "ယခုအချိန်မှစလို့ နောက်ထပ် နှစ်လ သို့မဟုတ် နှစ်လသုံးလမက ကြာတဲ့အထိ အာရှမှာ  စင်းလုံးငှား LNG သင်္ဘောတစ်စင်းသာ ရနိုင်မှာ ဖြစ်ပြီး ခရီးတစ်ကြောင်းတည်းအတွက်သာ ရနိုင်မှာပါ။ အတ္တလန္တိတ်သမုဒ္ဒရာဘက်မှာတော့ တစ်စီးမှ မရနိုင်ပါ" လို့ ပြောကြားပါတယ်။ 

အမေရိကန်မှ ဥရောပသို့ အတ္တလန္တိတ်သမုဒ္ဒရာခရီးစဉ်မှာ စက်တင်ဘာလ လလယ်မှ နိုဝင်ဘာလ လလယ်အထိ တည်ရှိပြီးသား LNG သင်္ဘောများရဲ့ တစ်ရက်ငှားရမ်းခ ကန်ဒေါ်လာ ၁၀၅,၂၅၀ အထိ မြင့်တက်နေပါတယ်။ ယခုဩဂုတ်လမှာ ကန်ဒေါ်လာ ၆၄,၀၀၀ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကန်ဒေါ်လာ ၄၇,၀၀၀ ဖြစ်ပါတယ်။ 

ဇွန်လမှာ ကန်ဒေါ်လာ ၁၀၀,၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ အမေရိကန်မှ LNG တင်ပို့တဲ့ ဆိပ်ကမ်းမှာ မီးအကြီးအကျယ်လောင်ခဲ့ပြီး တင်ပို့မှု ရပ်ထားလိုက်တဲ့အတွက် LNG သင်္ဘော ငှားရမ်းခများ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။ 

 

LNG234.jpg

 

၂၀၂၂ အတွင်း LNG သင်္ဘောအသစ် မှာကြားမှု ဩဂုတ်လမှာ အသစ် ၈ စီး အပါအဝင် စုစုပေါင်း ကန်ဒေါ်လာ ၂၄.၁ ဘီလီယံဖိုး မှာကြားထားကြပါတယ်။ 

၂၀၂၁ တစ်နှစ်လုံး မှာကြားတဲ့တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၁၅.၆ ဘီလီယံထက် တစ်နှစ်မပြည့်ခင်မှာကတည်းက ပိုများနေတာ ဖြစ်ပါတယ်။  LNG သင်္ဘောအသစ် ၂၅၇ စီး မှာကြားထားပြီး ဖြစ်ပါတယ်။ 

LNG သင်္ဘော အများဆုံး ဝယ်ယူနေတဲ့နိုင်ငံက LNG အများဆုံး တင်ပို့တဲ့ ကာကာနိုင်ငံ ဖြစ်ပါတယ်။ 

LNG သင်္ဘော အများဆုံး တည်ဆောက်တဲ့ တောင်ကိုရီးယားနိုင်ငံမှ သင်္ဘောကျင်းများမှာ ၂၀၁၇ ခုနှစ်အထိ ပြည့်နေပြီ ဖြစ်ပါတယ်။ 

LNG သင်္ဘောတည်ဆောက်ဖို့ ဈေးနှုန်းများလည်း မြင့်တက်ပါတယ်။ ယမန်နှစ်က ကန်ဒေါ်လာ သန်း ၁၉၀ ကုန်ကျတဲ့ LNG သင်္ဘောတစ်စီး ယခုအခါ ကန်ဒေါ်လာ သန်း ၂၄၀ နီးပါး ဖြစ်နေပါပြီ။

LNG ရေပေါ်သိုလှောင်ရေးနှင့် ဓာတ်ငွေ့အဖြစ်သို့ ပြန်ပြောင်းပေးတဲ့သင်္ဘော   floating storage and re-gasification units FSRU တွေရဲ့ ဈေးနှုန်းများလည်း မြင့်တက်ပါတယ်။ ယခုအခါ ဥရောပမှာ FSRU ၁၄ စီး သုံးစွဲထားပါတယ်။ FSRU ချာတာအငှားဈေးနှုန်းက တစ်ရက် ကန်ဒေါ်လာ ၂ သိန်းအထိ မြင့်တက်နေပါတယ်။ ၂၀၂၁ ဈေးနှုန်းထက် ၂ ဆကျော် ဖြစ်ပါတယ်။ 

ဓာတ်ငွေ့ကို အနုတ် ၂၆၀ ဒီဂရီ အေးစက်နေစေပြီး အရည်အဖြစ် ကျုံ့သွားစေကာ သိုလှောင်ခြင်း၊ သင်္ဘောဖြင့် တင်ပို့ခြင်းများ ဆောင်ရွက်ပါတယ်။ သင်္ဘောထံမှ ဓာတ်ငွေ့ရည်ကို လက်ခံရယူပြီးတဲ့အခါ အငွေ့အခြေအနေ ဖြစ်အောင် ပြန်လုပ်ပေးပြီး ဓာတ်အားစက်ရုံများ၊ အိမ်သုံးဓာတ်ငွေ့လိုင်းများထံသို့ ပေးပို့ပါတယ်။ အဲဒီလုပ်ငန်းစဉ်အတွက် LNG ကို  LNG သင်္ဘောများထံမှ လွှဲပြောင်းရယူပြီး ငွေ့ရည် အဖြစ်မှ ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲပေးဖို့ မြေပြင်စခန်း မရှိသေးတဲ့အတွက် LNG  အရေးပေါ် လိုအပ်ချက်အရ FSRU ကို ငှားရမ်း သုံးစွဲကြရပါတယ်။ 

Source WSJ

#MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)