Transportation

ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခ ဈေးမတန်တဆ မြင့်မားခြင်းများ အဆုံးသတ်ပိုင်းရောက်ရှိ

ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခ ဈေးမတန်တဆ မြင့်မားခြင်းများ အဆုံးသတ်ပိုင်းရောက်ရှိ

 

ဝင်ငွေ စံချိန်တင် ရရှိရန်အတွက် ကွန်တိန်နာ တင်ပို့မှုကို တွန်းအားပေးခဲ့သော ကပ်ရောဂါကာလအတွင်းတွင် မြင်တွေ့ခဲ့ရသည့် ကွန်တိန်နာရေကြောင်းပို့ဆောင်ရေး လိုအပ်ချက်များ မြင့်တက်မှုသည် ယခုအခါ အတိတ်မှာ ကျန်ခဲ့ပြီလို့ ကိုပင်ဟေဂင် အခြေစိုက် Sea-Intelligence ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

.

.

ကိုဗစ်ခေတ်ကာလအတွင်း ကွန်တိန်နာပို့ဆောင်ရေး လိုအပ်ချက်နှင့် ကွန်တိန်နာသင်္ဘောများ သယ်ပို့ပေးနိုင်စွမ်း အချက်အလက်ကိန်းဂဏန်းများကို ဆန်းစစ်ခဲ့ပါတယ်။ လက်ရှိအခြေအနေကို သုံးသပ်ခဲ့ပါတယ်။ ယခုအခါမှာ လိုအပ်ချက်ပမာဏများ တိုးများလာနေခြင်း ပြန်လျော့ကျနေပြီး ကွန်တိန်နာဆိပ်ကမ်းများ ပြည့်ကျပ်နေခြင်းကဲ့သို့သော ပစ္စည်းပို့ဆောင်ရေးကွင်းဆက်မှာ ပရမ်းပတာ ဖြစ်ပွားခြင်းများကြောင့်သာ ကွန်တိန်နာပို့ဆောင်ခများ မြင့်တက်ဖို့ အကြောင်းတရား ရှိပါတော့မယ်လို့ ကောက်ချက်ချပါတယ်။ 

.

.

Sea-Intelligence ရဲ့ အဆိုအရ  ၂၀၂၀ နိုဝင်ဘာလမှ ၂၀၂၂ ဇန်နဝါရီလအထိ ကာလမှာ ကမ္ဘာ့ကွန်တိန်နာ ပို့ဆောင်ရေးလိုအပ်ချက်ဟာ ပို့ဆောင်နိုင်စွမ်းထက် အမြဲတစေ ၁၀% ပိုများနေခဲ့ပါတယ်။ 

ထိုကွာဟချက် လျော့ကျလာနေပါတယ်။ လတ်တလောအဖြစ်ဆုံး အချက်အလက်များအဖြစ် ဇွန်လရဲ့ အချက်အလက်များက ကွာဟချက်  ၂% မျှသာ ရှိပါတော့တယ်။ 

"အားလုံးခြုံငုံကြည့်ရင် အချက်အလက်များက ပြသနေသည်မှာ ၂၀၂၁ ခုနှစ်တွင် ကွန်တိန်နာပို့ဆောင်ခများ လွန်ကဲသွာ မြင့်တက်နေရခြင်းဟာ ကမ္ဘာ့အဆင့်တွင် လိုအပ်ချက်က သယ်ပို့ပေးနိုင်စွမ်းထက် ရုတ်တရက် ကျော်လွန်သွားတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့လို့ ကွန်တိန်နာပို့ဆောင်ခများ အဆမတန် မြင့်တက်စေခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

"နောက်ထပ် ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့အချက်က သယ်ပို့နိုင်စွမ်း မရရှိနိုင်တဲ့အဖြစ်ကလည်း ကွန်တိန်နာပို့ဆောင်ခများ မြင့်တက်အောင် တွန်းတင်ပေးခဲ့ပါတယ်" ဟု သတင်းထုတ်ပြန်ချက်တွင် သုံးသပ်ထားပါတယ်။ 

ဆိပ်ကမ်းများမှာ စောင့်ဆိုင်းနေကြရတာကြောင့် ကွန်တိန်နာသင်္ဘောများရဲ့ သယ်ပို့နိုင်စွမ်း အချိန်နဲ့အမျှ လေလွင့်ဆုံးရှုံးနေတဲ့အတွက် ဈေးကွက်ထဲမှ သယ်ပို့နိုင်စွမ်းကို ဖယ်ရှားပစ်နေတဲ့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ပါတယ်။ 

.

.

ယခုအခါ ပုံမှန်ပြန်ဖြစ်တဲ့ဆီသို့ သွားနေပါတယ်။ သင်္ဘော အချိန်ဇယား ပိုမိုစိတ်ချလာနိုင်ခြင်း၊ ဆိပ်ကမ်းများမှာ နှောင့်နှေးကြန့်ကြာမှုများ လျော့ကျလာနေခြင်းတို့ကြောင့် လိုအပ်ချက်/သယ်ပို့နိုင်စွမ်း ချိန်ခွင်လျှာညီလာပြီး ကွန်တိန်နာ ပို့ဆောင်ခများ ကျဆင်းဖို့ ဖိအား ဖြစ်ပေါ်နေပါတယ်။ 

.

.

ကွန်တိန်နာ လိုအပ်ချက် အထွတ်အထိပ်ရောက်စေတဲ့ရာသီချိန်ခါ မရှိတာကြောင့် ပို့ဆောင်ခ ပေါက်ဈေးနှုန်းများ ဆက်လက် ကျဆင်းပါတယ်လို့  HSBC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  ယခုရောက်ရှိနေတဲ့ တတိယ ၃ လပတ်ဟာ ကွန်တိန်နာလိုအပ်ချက် များပြားလာလေ့ရှိတဲ့ ၃လပတ်ဖြစ်ပေမဲ့လည်း Shanghai Containerized Freight Index (SCFI)  ယခင် ၃ လပတ်ထက် ယခု ၃လပတ်မှာ ပျမ်းမျှအားဖြင့်  ၈% ကျဆင်းပါတယ်။ China Containerized Freight Index(CCFI) ယခင် ၃ လပတ်ထက် ယခု ၃လပတ်မှာ ပျမ်းမျှအားဖြင့် ၁% မျှသာ မြင့်တက်ပါတယ်။ 

ဆိပ်ကမ်းများမှာ သင်္ဘောများ ပြည့်ကျပ်နေခြင်း၊ ဥရောပဆိပ်ကမ်းမှာ ဆိပ်ကမ်းလုပ်သားများ လစာတိုးပေးဖို့ ဆန္ဒပြနေခြင်းများ ဖြစ်ပွားနေသော်လည်း အမေရိကန်နှင့် ဥရောပတို့မှာ ငွေဖောင်းပွမှု ရှိနေခြင်း၊ ပစ္စည်းလက်ကျန်များ ရှိနေခြင်းတို့ကြောင့် တင်သွင်းမှု ကျဆင်းနေဆဲ ဖြစ်သဖြင့် ကွန်တိန်နာပို့ဆောင်ရး လိုအပ်ချက်လည်း ကျဆင်းပါတယ်။ 

.

ဈေးကွက်ပေါက်ဈေး ကျဆင်းပေမဲ့ ကာလတစ်ရပ်အတွက် ကန်ထရိုက်စာချုပ်ချုပ်ဆိုထားတဲ့ နှုန်းထားတွေက ယခင် မြင့်မားစဉ်က စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်လို့ ကန်ထရိုက်နှုန်းထားတွေက မြင့်မားနေဆဲ ဖြစ်ပါတယ်။ သို့ဖြစ်ရာ ကွန်တိန်နာသင်္ဘောလိုင်းများအနေဖြင့် ကန်ထရိုက်အရ အမြင့်ဈေးနှုန်းများ ဆက်လက် ရရှိနေကြဦးမှာ ဖြစ်လို့ ယခုနှစ်မှာလည်း ဝင်ငွေဆက်လက် မြင့်မားနေကြဦးမှာ ဖြစ်ပါတယ်။ 

.

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်လျှင် လိုအပ်ချက်က သယ်ပို့နိုင်စွမ်းထက် အလွန်အကျွံ ပိုများနေတာ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ 

Demand-led_spikes.png

 

 

Sea Intelligence ရဲ့ ဆန်းစစ်လေ့လာချက်အရ ဆိပ်ကမ်းများမှာကြန့်ကြာတာကြောင့် ကွန်တိန်နာသင်္ဘောများရဲ့ သယ်ပို့နိုင်စွမ်း ဖယ်ထုတ်ခံနေရခြင်းကြောင့် ကွန်တိန်နာသင်္ဘော မလောက်မင ဖြစ်ကြုံရတဲ့အတွက် သင်္ဘောကျင်းများမှာ ကွန်တိန်နာအသစ်များ မှာကြားကြဖို့ တွန်းအား ဖြစ်စေခဲပါတယ်။ ကွန်တိန်နာသင်္ဘော အကြီးမားဆုံး အရွယ်အစားများ အပါအဝင် ကွန်တိန်နာသင်္ဘောအသစ်များ ဈေးကွက်ထဲ ဝင်လာနေတဲ့အတွက် ကမ္ဘာ့ကွန်တိန်နာသင်္ဘောအရေအတွက် တိုးတဲ့အပြင် သယ်ပို့နိုင်စွမ်း ပမာဏလည်း မြင့်တက်စေပါတယ်။ ထိုအချက်က ကမ္ဘာ့ဈေးကွက်ထဲမှဦ လိုအပ်မှု/သယ်ပို့နိုင်စွမ်း ချိန်ခွင်လျှာကို တစ်ဖက်စောင်းနင်း ဖြစ်မသွားအောင် ထိန်းထားပေးနေပြီ ဖြစ်ပါတယ်။ 

Source: sea-intelligence.com

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(1 Vote)