ထိုင်းလေကြောင်း ထိပ်တန်း(၁၀) စာရင်းဝင် ပြန်ဖြစ်ရန် ရည်မှန်းထား
Thai Airways International Plc (THAI) သည် ၎င်း၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ပြီးဆုံးသည့်အခါ ကမ္ဘာ့ထိပ်တန်း လေကြောင်းလိုင်း ၁၀ ခုတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းထားသည်။
.
ထိုင်းနိုင်ငံအလံ သယ်ဆောင်သည့် THAI လေကြောင်းလိုင်းသည် ၎င်း၏ လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်လုပ်ငန်းစုကြီး PTT Plc အပါအဝင် ပုဂ္ဂလိကကုမ္ပဏီများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားသည်။
.
လေကြောင်းလိုင်းသည် လေကြောင်းလိုင်း၏ဘဏ္ဍာရေးပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသောအဆင့်ဖြစ်သည့် ၎င်း၏ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အတည်ပြုချက် ရယူရန် မြီရှင်များအား တင်ပြခဲ့ရာ မြီရှင်များက သဘောတူညီကြပါသည်။
.
THAI လေကြောင်းလိုင်း၏ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ကြီးကြပ်ကွပ်ကဲသည့် ကော်မတီဥက္ကဋ္ဌ Piyasvasti Amranand က Bangkok Post သို့ ပြောကြားခဲ့သည်မှာ THAI သည် ၎င်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် အစပြုချိန်တွင် အခြေအနေ ကျဆင်းထားသဖြင့် ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်း ၃၀ စာရင်းသို့ ရောက်ရှိနေခဲ့သည်။
ထိုသို့ ဖြစ်ရသည်မှာကမ္ဘာ့လေကြောင်းလိုင်းလုပ်ငန်းကဏ္ဍ တစ်ရပ်လုံးကို သိသိသာသာ ရိုက်ခတ်ခဲ့သည့် ကာလရှည်ကြာ Covid-19 ကပ်ရောဂါကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
.
လေကြောင်းလိုင်းသည် ၂၀၂၁ ဒုတိယ၃လပတ်တွင် အရှုံး ဘတ် ၉ ဘီလီယံ ရှိခဲ့ပြီး ယခုနှစ် ဒုတိယ ၃လပတ်တွင် အမြတ် ဘတ် ၁၆၈ သန်း ရရှိခဲ့သည်ဟု Mr Piyasvasti က ပြောကြားသည်။
အခြေအနေဆက်တိုက် တိုးတက်ကောင်းမွန်လာခဲ့ရာ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင်လည်း ကောင်းမွန်ခဲ့သည်။
ကုန်ကျစရိတ် လျှော့ချခြင်းများ ပြုခဲ့ရာတွင် ဝန်ထမ်းအင်အားကို ဦးေရ ၂၉,၀၀၀ မှ ၁၄,၄၀၀ သို့ လျှေ့ချခဲ့သည်။ လေယာဉ်ဝန်ထမ်း ၃,၈၀၀ နှင့် လေယာဉ်မှူး ၉၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။
ဝန်ထမ်းလစာ လစဉ် ဘတ် ၂ ဘီလီယံ ရှိခဲ့ရာမှ ဘတ် သန်း ၇၀၀ ခန့်သို့ လျော့နည်းသွားသည်။
.
လေယာဉ်စုမှ လေယာဉ်စီးရေကိုလည်း လျှော့ချခဲ့သည်။ ၁၀၃ စီးမှ ၆၁ စီးသို့ လျှော့ချခဲ့ပြီး ၎င်း ၆၁ စီးတွင် ၂၀ စီးသည် လက်အောက်ခံလုပ်ငန်း Thai Smile Airways က အသုံးပြုသည်။
ပြန်လည်ထူထောင်ရေး အစီအစဉ် ပြီးမြောက်ပြီးသည့်အခါ ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းလိုင်းတွင် အစုရှယ်ယာ ပိုင်ဆိုင်မှု ၅၀% မကျော်အောင် ဆက်လက်ထိန်းထားမည်။ သို့သော် အစိုးရသည် ရှယ်ယာအများစု ပိုင်ဆိုင်သည့် အခြေအနေကို ရယူထားမည်။ အစိုးရက ၄၃% ပိုင်ဆိုင်မည်ဖြစ်ရာ ၃၃% ကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ကျန် ၁၀% ကို နိုင်ငံပိုင်ဘဏ်လုပ်ငန်း Krungthai Bank (KTB) ပိုင်ဆိုင်သည်။
THAI လေကြောင်းလိုင်းသည် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် ပြည်တွင်းလုပ်ငန်းများအပြင် ထောက်ပံ့ပို့ဆောင်ရေး၊ အစားအသောက် ကျွေးမွေးခြင်းနှင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး စသဖြင့် ကဏ္ဍအလိုက် ပြည်ပလုပ်ငန်းများနှင့်လည်း မဟာဗျူဟာမြောက် ပူးပေါင်းလက်တွဲမည် ဖြစ်သည်။
.
ယခုအခါ ခရီးသည်များ ပိုများလာနေသည်။ အထူးသဖြင့် ဥရောပခရီးစဉ်များတွင် ခရီးသည်ဦးရေ တိုးလာသည်။ THAI လေကြောင်းလိုင်းဝင်ငွေ၏ ထက်ဝက်ဝန်းကျင်ကို ဥရောပခရီးစဉ်များထံမှ ရရှိပြီး ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ ပါဝင်သည့် အာရှ အရှေ့မြောက်ပိုင်း ခရီးစဉ်များထံမှ ၂၀% ဝန်းကျင် ရရှိသည်။ ၁၀% ကို အိန္ဒိယနှင့် ပါကစ္စတန်တို့ ပါဝင်သည့် အာရှတောင်ပိုင်း ခရီးစဉ်များထံမှ ရရှိသည်။ အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်ပိုင်း ခရီးစဉ်များထံမှ ၁၀% ကို ရရှိသည်။ နောက်ထပ် ၁၀% ကို ဩစတေးလျ ခရီးစဉ်များထံမှ ရရှိသည်။ THAI လေကြောင်းလိုင်းအတွက် အရေးပါသည့် တရုတ်နှင့် ဂျပန် နိုင်ငံများသည် ကိုဗစ်ကန့်သတ်ပိတ်ပင်မှုများ ရှိနေဆဲ ဖြစ်သည်။
Source Bangkokpost
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U