Transportation

ကွန်တိန်နာသင်္ဘောလိုင်းကြီးများ လေကြောင်းကုန်စည်ပို့ဆောင်ရေး တွဲဖက်လုပ်ကိုင်

ကွန်တိန်နာသင်္ဘောလိုင်းကြီးများ လေကြောင်းကုန်စည်ပို့ဆောင်ရေး တွဲဖက်လုပ်ကိုင်

 

စျေးပိုသက်သာသော်လည်း ရေကြောင်းပို့ဆောင်မှုထက် အချိန်ဇယား  ပိုမိုစိတ်ချရသော လေကြောင်းပို့ဆောင်မှုကို ရွေးချယ်သောကြောင့် ကွန်တိန်နာသင်္ဘော  အော်ပရေတာများသည် လေယာဉ်များ ဝယ်ယူကာ လေကြောင်းပို့ဆောင်ရေးကိုပါ လုပ်ကိုင်လျက် ရှိသည်။ ကွန်တိန်နာများကို ရေကြောင်းမှ ပို့ဆောင်ရာတွင် ဆိပ်ကမ်းတွင် ပြည့်ကျပ်နေသဖြင့် ကြန့်ကြာသည်။

 

ကွန်တိန်နာ အခွံများသည် သွင်းကုန် တင်သွင်းသည့် နိုင်ငံတွင် စုပုံနေပြီး ပို့ကုန်တင်ပို့သည့် နိုင်ငံတွင် မလုံမလောက် ဖြစ်နေသည်။ အွန်လိုင်း ဈေးဝယ်သူများထံ ရောင်းကုန်ကို မြန်နိုင်သမျှ မြန်မြန်ဆန်ဆန် ပေးပို့ဖို့ အရေးကြီးသဖြင့်လည်း လေကြောင်းပို့ဆောင်ရေးကို အားထားလာကြသည်။

 

မော်တော်ကား အစိတ်အပိုင်းများ တင်သွင်းသူများ၊ ဖက်ရှင်ထည် ထုတ်လုပ်သူများနှင့် နည်းပညာကုမ္ပဏီများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ရွှေ့ပြောင်းရန်အတွက် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးကို မှီခိုအားထားနေကြရာမှ  ကုန်စည် အချိန်မီရရှိရေးအတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေးကို ပြောင်းလဲသုံးစွဲကြသည်။

 

ဖက်ရှင်ထည် လုပ်ငန်းများသည် ဖက်ရှင်ရာသီအစတွင် ဖက်ရှင်ထည်အသစ်များ စတင်ပြသ ရောင်းချဖို့အတွက် အချိန်မီ ရရှိဖို့ အရေးကြီးသည်။"ကွန်တိန်နာသင်္ဘောလိုင်းတွေကို အားကိုးလို့ မရတော့ဘူး" ဟု နယူးယောက်ရှိ စတိုးသုံးဆိုင်ပိုင်ဆိုင်သော အမျိုးသမီးအဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းလုပ်ငန်းတစ်ခုဖြစ်သည့် Palmer & Purchase ၏ပိုင်ရှင် Abbie Durkin က ပြောကြားသည်။

 

"ဆောင်းတွင်းဝတ် ဖက်ရှင်ထည်တွေ အကုန်လုံး ခရစ္စမတ်မတိုင်မီရောက်တာ သေချာစေဖို့ လေကြောင်းဖြင့် တင်သွင်းခဲ့ရပါတယ်" ဟု Abbie Durkin က ပြောကြားသည်။ ကုန်စည်တန်ချိန်-ခရီးတာအရ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည် ယခုနှစ်တွင် ယမန်နှစ်ထက် ၂၁% ပိုမိုကြီးထွားလာကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း International Air Transport Association IATA မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

 

လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ ဝင်ငွေသည် ကိုဗစ်အကြိုကာလ ၂၀၁၉ တွင် ကန်ဒေါ်လာ ၂၆၄ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၀ တွင် ကန်ဒေါ်လာ ၂၃၈ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၁ တွင် ကန်ဒေါ်လာ ကန်ဒေါ်လာ ၂၈၉ ဘီလီယံ ရရှိသည်အထိ မြင့်တက်ခဲ့သည်။ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတွင် ကုန်တင်လေယာဉ် အရေအတွက်လည်း တိုးလာသည်။

Myat-Noe-Lay.jpg

Boeing ၏ အဆိုအရ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတွင် လွန်ခဲ့သည့် ၃ နှစ်အတွင်း ကုန်တင်လေယာဉ်စီးရေ ၄၀၀ ထပ်တိုးခဲ့သည်။ ယခုအခါ ကုန်တင်လေယာဉ် စီးရေ ၂,၀၀၀ ဝန်းကျင် ရှိသည်။  "ကိုဗစ်ကာလ e-commerce ကြီးထွားတာ အလွန်မြန်တယ်။ e-commerce  စင်တာတွေ ကမ္ဘာတစ်လွှား ဖြန့်ကျက်ထားရှိကြတယ်။

 

အွန်လိုင်း ဝယ်ယူတဲ့ ပစ္စည်းတွေ နေ့ချင်းအရောက် ပို့ပေးကြရတယ်။ တချို့ပစ္စည်းတွေ ၄၈ နာရီအတွင်း အရောက်ပို့ပေးကြရတယ်။ အဲဒီအတွက် လေကြောင်းပို့ဆောင်ရေးကို သုံးစွဲကြရတယ်" ဟု Boeing Co မှ ဒုဥက္ကဋ္ဌ Darren Hulst က ပြောကြားသည်။ ကွန်တိန်နာ သင်္ဘော လုပ်ငန်းနယ်ပယ်ကို လွှမ်းမိုးထားသည့် ဥရောပကုမ္ပဏီ သုံးခုဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ AP Moeller-Maersk၊ ပြင်သစ်နိုင်ငံမှ CMA CGM Group နှင့် ဆွစ်ဇာလန်မှ  Mediterranean Shipping Co. MSC  တို့သည် ရှေးယခင်က လေကြောင်းကုန်စည် ပို့ဆောင်ရေးသည် ဈေးကြီးသဖြင့် လက်ရှောင်ထားခဲ့ကြသည်။ 

 

သို့သော် ကိုဗစ်ကာလတွင် ရေကြောင်းမှ ကွန်တိန်နာ သယ်ပို့ခများ မြင့်မားနေသည့်အပြင် ကွန်တိန်နာအလွတ် ရဖို့ အခက်အခဲရှိခြင်း၊ ကွန်တိန်နာ သင်္ဘောပေါ် နေရာရဖို့ အပိုကြေးများ ပေးသွင်းရခြင်း၊ အချိန်နှောင့်နှေးခြင်းတို့ကြောင့် ဈေးပိုပေးရသော်လည်း အချိန်ဇယား ပိုစိတ်ချရသည့် လေကြောင်းပို့ဆောင်ရေးကို ကုန်စည်ပို့ဆောင်သူတို့က ရွေးချယ်သုံးစွဲခဲ့ကြသဖြင့် လေကြောင်းကုန်စည် ပို့ဆောင်ရေးဈေးကွက်ထဲ စည်စည်ကားကား ဖြစ်လာသည်။

 

ယခုအခါ ကွန်တိန်နာသင်္ဘောလိုင်း ကုမ္ပဏီကြီးများသည်လည်း လေကြောင်းကုန်စည် ပို့ဆောင်ရေး ဈေးကွက်ထဲသို့ ဝင်ရောက်လာကြသည်။ Maersk သည် ယမန်နှစ်တွင် ဂျာမန်လေကြောင်း ကုန်စည်ပို့ဆောင်ရေး ဆီSenator International ကို ဝယ်ယူခဲ့ပြီး ၎င်း၏ လေကြောင်း ကုန်စည် ပိုဆောင်ပေးနိုင်မှု ပမာဏကို နှစ်ဆတိုး‌စေခဲ့သည်။

 

Maersk သည် ယခင်က Star Air ဟု သိကြသည့် ၎င်း၏ လေကြောင်းကုန်စည်ဌာနခွဲအတွက် လေယာဉ်များကို ဝယ်ယူခဲ့သည်။ United Parcel Service Inc. နှင့် Germany DHL တို့အတွက် နှစ်အတော်ကြာ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ၎င်းဌာနခွဲသည် Boeing 767 ကုန်တင်လေယာဉ် ၁၅ စီးဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိသည်။ ၎င်းသည် နောက်ထပ် ၄ စီးကို ငှားရမ်းထားပြီး နောက်ထပ် Boeing 767 ၃ စီးနှင့် Boeing 777 ၂ စီးကို Boeing Co ထံ မှာကြားထားသည်။

 

ကွန်တိန်နာသင်္ဘောလိုင်း  CMA နှင့်  Air France-KLM တို့က ကုန်တင်လေယာဉ်များမှ ကုန်တင်ရန်နေရာများ မျှဝေသုံးစွဲကြရန် သဘောတူထားကြသည်။ ကိုဗစ်ကာလ ခရီးသည်တင်လေယာဉ်များ ရပ်နားထားရသဖြင့် ငွေမလည်သည့် Air France-KLM  တွင် ကန်ဒေါ်လာ သန်း ၄၀၀ ထည့်ဝင်ရန် CMA က သဘောတူထားသည်။

 

CMA သည် ကိုယ်ပိုင် လေကြောင်းကုန်စည်ပို့ဆောင်ရေးဌာနခွဲကို ယမန်နှစ်က စတင်ခဲ့ပြီး လက်ရှိတွင် Airbus A330 ကုန်တင်လေယာဉ်   ၄ စင်းနှင့် Boeing 777  ၂ စင်းတို့ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ‌ကုန်တင်လေယာဉ် အသစ်များ မှာကြားထားသည် ဖြစ်ရာ လာမည့်နှစ်တွင် နောက်ထပ် Boeing 777 ၂ စင်းနှင့် ၂၀၂၅ နှင့် ၂၀၂၆  ခုနှစ်တွင် Airbus A330 ၄ စင်းတို့ ရရှိမည် ဖြစ်သည်။

 

လေကြောင်းပို့ဆောင်ခသည် ရေကြောင်းပို့ဆောင်ခထက် ဈေးပိုကြီးသည်။ အထူးသဖြင့် ထုထည်ကြီးမားသော ကုန်စည်၊ လေးလံသော ကုန်သည်များအဖို့ ရေကြောင်းပို့ဆောင်ခများက ၃ ဆမက သက်သာသည်။ သို့သော် ကွန်ပျူတာ ချစ်ပ်များ၊ အီလက်ထရွန်းနစ် က်ရိယာ အ‌သေးအမွှားများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများကဲ့သို့သော ထုကုန်သည်များအတွက် ကွာခြားချက်မှာ သေးငယ်သည့်အပြင် လေကြောင်းဖြင့် ပို့ဆောင်ပါက ဆောလျင်စွာ လက်ခံရရှိသည်။

 

ကိုဗစ်လော့‌ဒေါင်းကာလ ခရီးသည်တင်လေယာဉ်များ ရပ်နားထားရစဉ် လေကြောင်းလိုင်းများအတွက် ကုန်စည်ပို့ဆောင်မှုသည် ဝင်ငွေအတွက် အသက်သွေးကြောဖြစ်သည်။ ကွန်တိန်နာသင်္ဘောလိုင်းများအတွက် စီးပွားရှာရန် မိတ်ဘက်ကျသောလုပ်ငန်းကဏ္ဍ ဖြစ်ပြီး ဆက်လက်ချဲ့ထွင် လုပ်ကိုင်သွားရန် ဆုံးဖြတ်ထားကြပါသည်။

 

Source Bangkokpost

#MyanmarLogisticsGuide 
To join Telegram Channel  https://t.me/Guid4U

Read times
Rate this item
(0 votes)