ကွန်တိန်နာသင်္ဘောလိုင်း CMA CGM ကားတင်သင်္ဘောများ ပြေးဆွဲမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ပြင်သစ်ကွန်တိန်နာတင်သင်္ဘော CMA CGM သည် လေကြောင်းကုန်စည်နှင့် ထောက်ပံ့ပို့ဆောင်ရေးဈေးကွက်များသို့ အတောင်ပံဖြန့်ပြီး လုပ်ကိုင်လျက်ရှိပြီး ယခုအခါ ကားတင်သင်္ဘောကဏ္ဍတွင်လည်း ဝင်ရောက်လုပ်ကိုင်တော့မည် ဖြစ်သည်။ ကားတင်သင်္ဘော ၄ စီးကို စင်းလုံးငှား ချာတာငှားရမ်းပြီး ပြေးဆွဲမည် ဖြစ်သည်။
ကားတင်သင်္ဘောကဏ္ဍသည် ယမန်နှစ်ကတည်းက ခေတ်ထနေပြီး ပို့ဆောင်လိုသူတို့သည် ၃လ နှင့် အထက် ကြိုတင်စာရင်းသွင်းမှသာ သင်္ဘောရနိုင်သည့် အြေခအနေတွင် ရောက်ရှိနေသည်။
ကားတင်သင်္ဘောများ၏ ပို့ဆောင်ခနှုန်းထားများလည်း မြင့်တက်နေသည်။ အမြတ်များ စံချိန်တင် ရရှိနေသည်။ ယခုအခါ ကွန်တိန်နာသင်္ဘောလိုင်းများသည် ပို့ဆောင်ရန် ကွန်တိန်နာ မရသဖြင့် ပို့ဆောင်ခများ ဈေးကျဆင်းနေသည်။ သို့ဖြစ်ရာ ဈေးကောင်းရသည့် ကားတင်သင်္ဘောကဏ္ဍကို ကွန်တိန်နာသင်္ဘောလိုင်းများ ဝင်ရောက်လုပ်ကိုင်ကြသည့်အထဲ CMA CGM ပါဝင်လာခြင်း ဖြစ်သည်။
HMM သည် ကားတင်သင်္ဘောကဏ္ဍကို ဆန်းစစ်နေကြောင်း ပြောကြားခဲ့သည်။
Cosco က ကားတင်သင်္ဘောစစ်စစ် pure car and truck carrier (PCTC) ၃ စီး အသစ်မှာကြားထားသည်။ တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး၏ လက်အောက်ခံလုပ်ငန်း SAIC Anji Logistics နှင့် ဖက်စပ်လုပ်ငန်း Guangzhou Ocean Car Carrier အတွက်လည်း ကားတင်သင်္ဘောစစ်စစ် ၂၄ စီး အသစ်တည်ဆောက်ရန် အမှာစာ ချထားသည်။
လက်ရှိ ကားတင်သင်္ဘောလိုင်းများကလည်း သင်္ဘောအသစ်များ မှာကြားကြသည်။ Hyundai Glovis က ကားတင်သင်္ဘော ၅ စီး အသစ် မှာကြားထားသည်။ အီတလီမှ ကားတင်သင်္ဘောလိုင်း Grimaldi က ၁၅ စီး အမှာစာ ချထားသည်။
ကားတင်သင်္ဘောကဏ္ဍတွင် စီးရေ ၇,၀၀၀ တင်ဆောင်နိုင်သည့် အရွယ်အစား PCTC များကို အသုံးပြုလိုသူ များပြားနေသည်။
၂၀၃၀ တွင် လျှပ်စစ် SUV ကားများသည် ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်သည့် ကားများတွင် အနည်းဆုံး ၅၀ % ပါဝင်မည်ဟု ခန့်မှန်းထားကြသည်။ ၎င်းလျှပ်စစ် SUV ကားများသည် အရွယ်အစား ပိုကြီးပြီး ဘက်ထရီ အလေးချိန်လည်း ပိုများသည်။
လျှပ်စစ်ကားများတွင် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများ အသုံးပြုခြင်းသည် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းအတွက် မီးဘေးစိုးရိမ်စရာ ဖြစ်သည်။ ၎င်းဘက်ထရီ မီးထလောင်တတ်ပြီး မီးလောင်သည့် အခါ အပူချိန် 1,000°C ကျော်သည်အထိ ရောက်ရှိသည်။ သင်္ဘောပေါ်တွင် လောင်ကျွမ်းသည့်အခါ ငြိမ်းသတ်ဖို့ ခက်ခဲသည်။ မည်သို့ ငြိမ်းသတ်ရမည်ဆိုသည့် လမ်းညွှန်ချက်များလည်း တရားဝင် ထုတ်ပြန်ပေးထားခြင်း မရှိသေးချေ။
ပင်လယ်ရေကြောင်း အန္တရာယ်ရှိ ကုန်စည်များ ပို့ဆောင်ရေးအတွက် ပြဋ္ဌာန်းထားသည့် IMDG Code တွင် အီးဗီကား ဘက်ထရီ မီးလောင်သည့်အခါ မည်သို့ ငြိမ်းသတ်ရမည်ကို ညွှန်ကြားထားခြင်း မရှိသေးပေ။
Source loadstar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U