မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းကို မေလ ဒုတိယပတ်အတွင်း စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း Inland Waterways Authority of India (IWAI) က ပြောသည်။
အဆိုပါ စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အတည်ပြုခဲ့ပြီး ဆောင်ရွက်ခဲ့သည်မှာ (၁၅) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ယခုလတွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော ရေလမ်းကြောင်းကို စတင် ဖွင့်လှစ်မည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် အိန္ဒိယနိုင်ငံရှိ ကာလကတ္တားမှ မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းသို့ ကုန်စည်ပို့ဆောင်မှုဖြင့် ကုန်သွယ်မှု စတင် လည်ပတ်မည် ဖြစ်ပြီး ပြီးခဲ့သည့်လက ဆန်တင်သင်္ဘောတစ်စင်းကို စစ်တွေဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စမ်းသပ် မောင်းနှင်စေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယင်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယနှင့် မြန်မာကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ရန်နှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ရောက်မှု ဖြေလျှော့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ရေနက်ဆိပ်ကမ်းကို ဘိလပ်မြေ၊ ပဲမျိုးစုံနှင့် အစားအစာ အစေ့အဆန်များ ကဲ့သို့သော ကုန်စည်များအား ကုန်သွယ်ရန်အတွက် အဓိက အသုံးပြုမည် ဖြစ်ပြီး နောက်ထပ် ဆိပ်ကမ်းတစ်ခုဖြစ်သည့် ပလက်ဝဆိပ်ကမ်းအားလည်း တည်ဆောက်ပြီးပြီ ဖြစ်ကြောင်း IWAI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီဆိပ်ကမ်းကို လည်ပတ်ဖို့ မြန်မာဘက်က ခွင့်ပြုချက်က ဒီနှစ် ဇန်နဝါရီလမှာ ရလာတာပါ။ အားလုံးရှင်းလင်းရေးတွေ စပြီးပါပြီ၊ ဘိလပ်မြေတင်ဆောင်လာတဲ့ ပထမဆုံး ကုန်တင်ကုန်ချကို ကာလကတ္တားကနေ စစ်တွေဆိပ်ကမ်းအထိ မေလဒုတိယပတ်မှာ စတင်မယ်လို့ မျှော်လင့်ထားပါတယ်။ ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
Advertisement
Click Here > Tin Aye (U)
စစ်တွေဆိပ်ကမ်းကို ၂၀၁၈ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော်လည်း မြန်မာနိုင်ငံတွင်း လှုပ်ခတ်နေသည့် နိုင်ငံရေးအခြေအနေများ အထူးသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဍိပက္ခ အခြေအနေများကြောင့် စီမံကိန်းလုပ်ငန်း လည်ပတ်ရန်အတွက် လိုအပ်သော လိုင်စင်နှင့် ခွင့်ပြုချက်များ ရရှိမှု ကြန့်ကြာခဲ့သည်ဟု ဆိုသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက…
- မြန်မာနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊
- အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့် သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်ခြင်း၊
- ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုစေခြင်း၊
- ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊
- ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပွင့်လန်းလာခြင်း၊
- ဒေသခံတိုင်းရင်းသားများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်မည် ဖြစ်သည်။
ကုလားတန်မြစ်သည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ် တောင်တန်းများမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ဖြတ်သန်း စီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်ပြီး ကုလားတန်မြစ်ဆိုသည့် အခေါ်မှာ ဒေသအသုံးအနှုန်း ဖြစ်ကာ စာပေတွင် ကစ္ဆပနဒီမြစ်ဟု ခေါ်ဆိုကြသည်။
ယခုအခါ စီမံကိန်းနှင့် ပတ်သက်၍ ရုံးအဆောက်အအုံများ၊ စက်ယန္တရားများနှင့် မြစ်တွင်းသွား သယ်ယူပို့ဆောင်ရေးယာဉ်များ ရှိနေပြီ ဖြစ်သည့်အပြင် ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းတို့ကို တည်ဆောက်ထားပြီး အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်း အဖြစ်လည်း သတ်မှတ် ဆောင်ရွက်မည်ဟု သိရသည်။
ပလက်ဝမြို့မှ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ရှိသည့် မီဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့သို့ ဆက်သွယ်မည့် အဝေးပြေးကားလမ်းကိုလည်း ဖောက်လုပ်ရန် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ အဝေးပြေးကားလမ်းသည် ကီလိုမီတာ ၁၁၀ ရှည်လျားသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခုလုံး ပြီးစီးပါက မြန်မာနိုင်ငံသာမက အိန္ဒိယနိုင်ငံ၏ ပြည်နယ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။