အင်ဒိုနီးရှားမှ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း စတင်ပြေးဆွဲရက် နှောင့်နှေးနိုင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အင်ဒိုနီးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အတိုင်ပင်ခံ သုံးဦးတို့သည် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့်ရထား စီမံကိန်း ဝန်ဆောင်မှုကို ဩဂုတ်လတွင် စတင်ပြေးဆွဲရန် အစီအစဉ်သည် ပြဿနာအသစ်များဖြင့် နှောင့်နှေးနေဦးမည် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒူဒူ၏ အထင်ကရ စီမံကိန်းတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း ခေါင်းစဉ်အောက်မှ မြန်နှုန်းမြင့်ရထားလမ်းလည်း ဖြစ်သည်။
ဂျကာတာနှင့် ဘန်ဒေါင်း မြို့နှစ်မြို့အကြား ၁၄၂ ကီလိုမီတာ ရှည်လျားသည့် မြန်နှုန်းမြင့်ရထားလမ်းကု အင်ဒိုနီးရှားနှင့် တရုတ်တို့၏ နိုင်ငံပိုင်လလုပ်ငန်းများက ကုမ္ပဏီစုတစ်ခု ထူထောင်ကာ ကနဦး ဘတ်ဂျက် ကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် စတင်ေဖာက်လုပ်ခဲ့သည်။ လျာထားသည့် အချိန်ဇယားထက် ၄ နှစ် နောက်ကျနေသည်။
အင်ဒိုနီးရှား အစိုးရက ဩဂုတ်လတွင် ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် ဖွင့်ပွဲကျင်းပရန် စီစဉ်ထားသည်။ နောက်နှစ် ရွေးကောက်ပွဲအတွက် နာမည်ကောင်း ရလိုသည်။
ကုမ္ပဏီစုတွင် ပါဝင်သည့် တရုတ်လုပ်ငန်းများက ဘူတာရုံများ အားလုံး မပြီးစီးသေးခင်မှာ ရထားကို စတင်ပြေးဆွဲရန် မလိုလားကြချေ။ ပြည့်ပြည့်စုံစုံဖြင့်သာ ပြေးဆွဲလိုကြသည်။
ထိုသို့ ပြည့်ပြည့်စုံစုံ ဖြစ်နေမှ ပြေးဆွဲမည် ဆိုလျှင် ဩဂုတ်လတွင် မမီချေ။ ဆောက်လုပ်ရေး လုပ်ငန်းများကို ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား ပြီးစီးအောင် ဆောင်ရွက်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြေးဆွဲ နိုင်မည် ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်း PT Wijaya Karya Tbk (WIKA) သည် ကုမ္ပဏီစုတွင် တစ်ဆင်ခံဖြင့် ရှယ်ယာအနည်းစု ပိုင်ဆိုင်ထားသော ဆောက်လုပ်ရေး လုပ်ငန်းဖြစ်သည်။ ရထားလမ်း ဖောက်လုပ်ရေးကို လုပ်ကိုင်ခဲ့ရာ စီမံကိန်းဘတ်ဂျက်မှ ငွေရစရာ အနည်းဆုံး စုစုပေါင်း ကန်ဒေါ်လာ ၃၈၁.၇၅ သန်း ရှိနေသဖြင့် ယခုအခါ အလုပ်ဆက်လုပ်ရန် အရင်းအနှီး ပြတ်လပ်နေသည်။
WIKA ကော်ပိုရိတ်အတွင်းရေးမှုး Mahendra Vijaya က ကုမ္ပဏီသည် လက်ကျန်အလုပ်များကို အပြီးသတ်ရန် ငွေကြေးဆိုင်ရာ စွမ်းရည်ရှိသော်လည်း စီမံကိန်းဘတ်ဂျက်မှ ပြီးခဲ့သောအလုပ်များအတွက် ငွေပေးချေရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် နောက်ထပ် ကန်ဒေါ်လာ သန်း ၅၆၀ ထပ်ချေးရန် တရုတ်နှင့် ညှိနှိုင်းနေသည်။
China Development Bank (CDB) က အတိုးနှုန်း ၃.၄၆% ဖြင့် ချေးငွေ ကမ်းလှမ်းသည်။ အင်ဒိုနီးရှားက ချေးငွေတွင် ယွမ်ဖြင့် ရယူမည့် ပမာဏကို အတိုးနှုန်း ၂.၈% ထားပေးဖို့ တောင်းဆိုထားသည်။
ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ Septian Hario Seto က အတိုးနှုန်းကို အဓိကထား၍ CDB နှင့် ကြွေးမြီဆိုင်ရာ ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
အဆိုပါ ရထားလမ်းအား ဩဂုတ်လလယ်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်များအား အခမဲ့ စီးနင်းစေရန် အစီအစဉ် ရေးဆွဲထားသည်။ အခကြေးငွေဖြင့် စက်တင်ဘာလတွင် စတင်ပြေးဆွဲမည်။ ဆောက်လုပ်ရေး မပြီးစီးသေးသော ဘူတာရုံများကို နိုဝင်ဘာလတွင် အပြီးအစီး တည်ဆောက်မည်ဟု အစီအစဉ် ချထားသည်။
PT KCIC သည် ဂျပန်ပြိုင်ဘက်များထက် စျေးသက်သာသော အဆိုပြုချက်ဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းကို ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားခဲ့သည်။
ရထားလမ်း ဖြတ်သန်းသည့် မြေများအတွက် လျော်ကြေးပေးရာတွင် ပိုင်ရှင်များနှင့် အငြင်းပွားခဲ့သဖြင့် ကြန့်ကြာခဲ့သည်။ ကိုဗစ်ကပ်ဘေးကြောင့်လည်း နှောင့်နှေးခဲ့သည်။
PT KCIC က နှစ်ပေါင်း ၂၀ တွင် အရင်းကြေမည်ဟု ယခင်က တွက်ချက် ခန့်မှန်းခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၄၀ ကြာမည်ဟု အချိန်နှစ်ဆတိုးပြီး ပြင်ဆင်ခနိ့မှန်းသည်။
ရထားခမှာ အစအဆုံး ခရီးစဉ်တစ်ကြောင်း ရူပီယာ ၃၅၀,၀၀၀ (24 USD) ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး တစ်ပတ်တာ ပျမ်းမျှဝင်ငွေ၏ လေးပုံတစ်ပုံ နီးပါးနှင့် ညီမျှသော ပမာဏ ဖြစ်သည်။
ဂျကာတာနှင့် ဘန်ဒေါင်းကြား ခရီးစဉ်သည် ၄၅ မိနစ်ကြာသည်။ ကားဖြင့် သွားလျှင် နှစ်နာရီ၊ သုံးနာရီ ကြာသည်။ လက်ရှိပြေးဆွဲနေသော ရထားသည် သုံးနာရီ ကြာသည်။
ခရီးဆုံး ရထားဘူတာတို့ကို မြို့ပြင်မှာ ထားရှိသဖြင့် ဘူတာသို့ တကူးတက သွားရသည့် ကရိကထနှင့် ကြာချိန် ရှိသည်။
ဂျာကာတာ-ဘန်ဒေါင်းသို့ မြန်နှုန်းမြင့်ရထား ပထမဆုံး စမ်းသပ်မှု ပြီးမြောက်
https://www.logisticsguide.com.mm/en/industry-news/transportation/227236-hsr.html
Source: Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U