Thai Smile လေကြောင်းလိုင်း ဇန်နဝါရီလမှစ၍ ပိတ်သိမ်းတော့မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဇန်နဝါရီလတွင် ဘတ်ဂျက်လေကြောင်းလိုင်း Thai Smile ပိတ်သိမ်းသည့်အခါ Thai Smile ၏ ခရီးစဉ်များကို Thai Airways International (THAI) မှ တာဝန်ယူ ပျံသန်းပြေးဆွဲပေးမည်။
Thai Smile သည် ပြည်တွင်းနှင့် ခရီးတို နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ပျံသန်းနေသည့် ဘတ်ဂျက် လေကြောင်းလိုင်းတစ်ခု ဖြစ်ပါသည်။
ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေး ကြိုးပမ်းမှုများတွင် အဓိက ခြေလှမ်းတစ်ရပ် အနေဖြင့် Thai Airways International (THAI) သည် ၎င်း၏ လုပ်ငန်းခွဲ Thai Smile Airways ကို ၎င်း၏ လုပ်ငန်းကဏ္ဍထဲ ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့သည်။
ပေါင်းစည်းခြင်းကို လာမည့်နှစ် ဇန်နဝါရီလတွင် အပြီးသတ်ရန် စီစဉ်ထားသည်။
Thai Airways အမှုဆောင်အရာရှိချုပ် Chai Eamsiri မှ ပြန်လည်ဖွဲ့စည်းတည်ေဆာက်ခြင်း လုပ်ငန်းစဉ်တွင် Thai Smile မှ အသုံးပြုသည့် Airbus A320 လေယာဉ် အစီး ၂၀ ကို ပြန်လည်ရယူခြင်းလည်း ပါဝင်သည်ဟု ပြောကြားသည်။
စုစည်းမှု အပြီးသတ် ပြီးစီးသည်နှင့် ထိုင်းအဲဝေးမှ လေယာဉ်အစီး ၂၀ ကို လွှဲပြောင်းရယူကြောင်းကို ထိုင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand (CAAT) နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ အကြောင်းကြားမည် ဖြစ်သည်။
ထိုအခါ လက်ရှိတွင် WE လေကြောင်းလိုင်းကုဒ်ဖြင့် လုပ်ကိုင်နေသော Thai Smile လေကြောင်း လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းလိုက်မည် ဖြစ်သည်။
THAI ၏ကုဒ် TG သည် နိုင်ငံတော် လေကြောင်းလိုင်း၏ တစ်ခုတည်းသော သတ်မှတ်အမှတ်အသားအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။
ပေါင်းစည်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ လေယာဉ်အသုံးပြုမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန်နှင့် အပြည့်အဝ အသုံးချနိုင်ရန် ဖြစ်သည်။
THAI ၏ ပျမ်းမျှပျံသန်းချိန်သည် တစ်ရက်လျှင် ၁၃ နာရီခန့် ဖြစ်ပြီး Thai Smile ၏ ပျမ်းမျှပျံသန်းချိန်သည် တရက်လျှင် ၉ နာရီခန့်ဖြစ်သည်။
Airbus A320 လေယာဉ်များကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းဖြင့် Thai Airways သည် ကုန်ကျစရိတ်များကို ၂၀% အထိ လျှော့ချရန် မျှော်လင့်ထားသည်။
Thai Smile ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ရပ်ဆိုင်းထားလိုက်မည် ဖြစ်ပြီး Thai Smile မှ ပျံသန်းနေသော ခရီးစဉ်အားလုံးကို THAI မှ ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။
Thai Smile မှ လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများ အပါအဝင် ဝန်ထမ်းများအားလုံး Thai Airways သို့ ကူးပြောင်းရမည် ဖြစ်ပါသည်။ Thai Airways ဝန်ထမ်းများ အဖြစ်သို့ ရောက်ရှိသွားမည်။ THAI ယူနီဖောင်းကို ဝတ်ဆင်ကြရမည် ဖြစ်သည်။
Thai Smile Airways အမည်ကို ဆက်လက်ထိန်းသိမ်းထားမည်။
အကယ်၍ နောင်တချိန်တွင် လက်အောက်ခံ လေကြောင်းလိုင်း ထားရှိရန် လိုအပ်လာပါက အသုံးပြုမည် ဖြစ်သည်။
Source nationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL