Transportation

ရေကြောင်းသယ်ယူပို့ဆောင်ရေးသည် နိုင်ငံတကာကုန်သွယ်မှုနှင့်ကမ္ဘာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်

ရေကြောင်းသယ်ယူပို့ဆောင်ရေးသည် နိုင်ငံတကာကုန်သွယ်မှုနှင့်ကမ္ဘာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ် google

သင်္ဘောလုပ်ငန်းသည် အမှန်တကယ်ကုန်ကျစရိတ်သက်သာ၍ အကျိုးဖြစ်ထွန်းစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကမ္ဘာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် သင်္ဘောအရေအတွက်မှာ တစ်နှစ်အတွင်းအစင်းရေ ၂၅ဝဝ ကျော်ထိ ရှိလာခဲ့ကြောင်း၊ အထွေထွေကုန်စည်ပမာဏမှာလည်း လွန်ခဲ့သော ၁ဝ နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆခန့် တိုးတက်လာခဲ့ကြောင်း၊ ရန်ကုန်ဆိပ်ကမ်း ဧရိယာအတွင်း အထူးသဖြင့် သီလဝါစီးပွားရေးဇုန်တွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ၁၈ ခုရှိလာခဲ့ကြောင်း၊ စီးပွားရေးတိုးတက်မှုအရှိန်နှင့်အတူ ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ရေကြောင်းပို့ဆောင်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှုများတွင် ဖွံ့ဖြိုးတိုးတက်လာခြင်းသာဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အပြည့်အဝအသုံးချ၍ သင်္ဘောလုပ်ငန်းဖြင့် စီးပွားတောင့်တင်းခိုင်မာပြီး ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန်အတွက် ရေကြောင်းလောကသားများအားလုံး တာဝန်ကိုယ်စီဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။



ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)မှ ၁၉၇၈ ခုနှစ်မှစတင်ပြီး နှစ်စဉ် နိုင်ငံအနှံ့ ကျင်းပလာခဲ့ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှလည်း ကမ္ဘာ့ပင်လယ်ရေ ကြောင်းနေ့အား နိုင်ငံတကာရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများ (အထူးသဖြင့် သင်္ဘောလုပ်ငန်း)ဖြင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် အထောက်အကူပြုမှု၏ အောင်ပွဲနေ့အဖြစ် ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ''ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်သော သင်္ဘောလုပ်ငန်း''ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

ရေကြောင်းကုန်သွယ်မှုလုပ်ငန်းတွင် ကမ္ဘာ့ကုန်သွယ်မှု၏ ပမာဏ ၈ဝ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၇ဝ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းမှ ပို့ဆောင်နေကြောင်း၊ မြန်မာ့ရေကြောင်းကုန်သွယ်မှုတွင်လည်း နိုင်ငံတကာ ကုန်သွယ်ရေးကဏ္ဍမှာ တန်ဖိုး/အရေအတွက်အားဖြင့် ပုံမှန်တိုးတက်မှုရှိနေကြောင်း သိရပါတယ်။



အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၁ နိုင်ငံရှိပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခန်းကဏ္ဍမှာ နယ်စပ်ဒေသကုန်သွယ်မှု ၂ဝ ရာခိုင်နှုန်းရှိပြီး ရေကြောင်းနှင့် လေကြောင်းမှကုန်သွယ်မှုမှာ ၈ဝ ရာခိုင်နှုန်း ရှိကြောင်းနှင့် ရေကြောင်းကုန်သွယ်မှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။

 

Source : moi.gov.mm

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)