မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းတွင် မိုးရွာပြီး လမ်း များပိတ်ဆို့မှု ဆိုးရွားသဖြင့် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်သို့ နိုဝင်ဘာ ၂၄ ရက်က ဖရဲ၊ သခွား တင်ဆောင်သည့်ယာဉ်အ၀င် ထက်ဝက်လျော့ကျခဲ့ကြောင်း အဆိုပါ ကုန်စည်ဒိုင်အ တွင်းရေးမှူးက ပြောသည်။
ယခင်ရက်များက နေ့စဉ် ဖရဲ၊ သခွား ယာဉ်အစီးရေ ၂၀၀ ခန့် ၀င်ရောက်သော်လည်း နိုဝင် ဘာ ၂၄ ရက်တွင် အစီးရေ ၁၀၀ ခန့်သာ ၀င်ရောက်လာကြောင်း ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင် က ပြောသည်။
‘‘မနေ့ညက မိုးသည်းတယ်။ ဒီနေ့တော့ ဖွဲဖွဲလေးပဲ ကျတာပါ။ မြေသားလမ်းနေရာတွေက လမ်း ချော်ပြီးကားတွေ ပိတ်ကုန်တာ။ ခုပိတ်တာ နည်းနည်းဆိုးတယ်။ နမ့်ဖက်ကာနဲ့ ကွတ်ခိုင်ကြားက ရှုခင်းသာတောင်ကြောမှာ ပိတ် တာ။ ဒီနေ့လာဖို့ ရှိတဲ့ကားတွေ မလာနိုင်ကြဘူး’’ ဟု ဦးစိုင်းခင် မောင်က ပြောသည်။
ယာဉ်အ၀င်နည်း၍ ၀ယ်လိုအားများကာ အရောင်းအ၀ယ်သွက်လာကြောင်း ၎င်းက ပြောကြားသည်။
နိုဝင်ဘာ ၂၄ ရက် နံနက်က လမ်းပိတ်ဆို့နေပြီး ညနေအထိ လမ်းမပွင့်သေးကြောင်း စစ်ကိုင်း တိုင်း ဖရဲ၊ သခွားစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အစု အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသစ္စာက ပြောသည်။
‘‘ကျွန်တော့်ကားက ကောင် လေးတွေပြောတာကတော့ လမ်း မှာပိတ်နေတာ ၈ နာရီလောက် ကြာနေပြီတဲ့။ ခုအချိန်ထိတော့ လမ်း ပွင့်ပြီလို့ အကြောင်းပြန်တဲ့ ဖုန်းမ၀င်လာသေးဘူး’’ဟု နိုဝင် ဘာ ၂၄ ရက် ညနေ ၅ နာရီခန့် တွင် ၎င်းကပြောသည်။
ရှုခင်းသာနှင့် ပန်ကျလော နေရာများတွင် ယာဉ်များပိတ်နေ ပြီး မူဆယ် ၁၀၅ မိုင် အနီးတစ်ဝိုက်၌ ကားတန်းရှည်လျားစွာ တန်းစီပိတ်မိနေကြောင်း မူဆယ်သို့ သွားနေသည့် ယာဉ်မောင်းများက ဆိုသည်။ လမ်းချော်မှု များကြောင့် တိမ်းမှောက်သည့် ယာဉ်ပင်ရှိကြောင်း၊ လမ်းချော်မှု ကြောင့် ယာဉ်ကြီးများသွားလာ၍ မရဘဲ ယာဉ်ငယ်များသာ သွားနေ ကြောင်း ၎င်းတို့ဆိုသည်။
နောင်နှစ်ရက်အထိ လမ်းကြောတွင် ကားပိတ်နေနိုင်သေးကြောင်း ဖရဲသီးများ တင်ဆောင်သည့် ယာဉ်မောင်းတစ်ဦးက ခန့်မှန်းပြောဆိုသည်။
Source: 7 days new