လက်ရှိ Logistics ကဏ္ဍနဲ့ပက်သတ်လို့ လူအများစိတ်ဝင်စားနေတဲ့ Bonded Warehouse နဲ့ပက်သတ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော SEZ Bonded Warehouse အဖြစ် လုပ်ကိုင်ခွင့်ရရှိထားခဲ့တဲ့ Daizen Myanmar ကုမ္ပဏီရဲ့ Managing Director ဖြစ်သူ Tomoaki Yabe နဲ့ ၁၂ရက်နေ့ စက်တင်ဘာလ ၂၀၁၉ခုနှစ်က သွားရောက်မေးမြန်းထားခဲ့တာဖြစ်ပါတယ်။
၁။ Tomoaki Yabe အနေနဲ့ Daizen Myanmar ကိုစတင်တည်ထောင်ခဲ့တဲ့အချိန်လေးကို ပြန်လည်ပြောပေးထား တာပဲဖြစ်ပါတယ်။
Daizen Myanmar ကို၂၀၁၅ ခုနှစ် ၅ လပိုင်းမှာ စပြီး ထူထောင်ခဲ့ပါတယ်။ SEZ ကုမ္ပဏီတစ်ခု ဖြစ်တဲ့အတွက် SEZအဖွဲ့ထံမှ ရင်းနှီးမြှုပ်နှံခွင့်ကို ၂၀၁၅ ခုနှစ် ၅ လ ပိုင်းမှာ ရရှိခဲ့ပါတယ်။
၂။ ကုမ္ပဏီတည်ထောင်ရတဲ့ ရည်ရွယ်ချက်၊ ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေနဲ့ package အမျိုးအစားတွေကိုရှင်းပြပေး ထားတာပဲဖြစ်ပါတယ်။
၂၀၀၈ခုနှစ် ၂၀၀၉ ခုနှစ်ကတည်းက အရှေ့တောင်အာရှ မှာ ဘယ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံရမလဲ၊ ဘယ်နိုင်ငံမှာ လုပ်ငန်း လုပ်ရမလဲဆိုတာ စတင်ရှာဖွေခဲ့ပါတယ်။ စူးစမ်းလေ့လာခဲ့တာမှာ မြန်မာနိုင်ငံက စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ တဖြည်းဖြည်းနဲ့ တိုးတက်လာတာကို တွေ့ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်၊ ပြည်တွင်းလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး စီးပွားရေး အခွင့်အလမ်းတွေ ပိုတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့တယ်။ ဒီမှာ လုပ်ပုံကိုင်ပုံတွေနဲ့ အနေအထားတွေက ဂျပန်မှာ လုပ်ကိုင်ပုံတွေနဲ့ လုံးဝမတူတာကို တွေ့ရတယ်။
အဲဒီလို တွေ့ရတဲ့အခါ ဂျပန်မှ logistics နဲ့ ပတ်သက်တဲ့ နည်းပညာ know-how တွေကို သယ်လာပြီးတော့ ဒီမှာ လုပ်ကိုင်မယ်၊ ဖြန့်ဖြူးမယ်ဆိုလို့ရှိရင် စနစ်တွေ ပိုတိုးတက်လာနိုင်တယ်လို့လည်း မြင်တယ်။ ဒီနိုင်ငံမှာ logistics အပိုင်းကို အခုထက် ပိုတိုးတက်အောင် လုပ်ပေးနိုင်တာဟာ ရင်းနှီးမြှုပ်နှံမှု ပြုတာအတွက် ရည်ရွယ်ချက် ဒုတိယအချက်ဖြစ်ပါတယ်။
>>> Cold Storages အအေးခန်းသိုလှောင်ရုံဝန်ဆောင်မှုပေါင်း ၇၇ ခုကိုရှာဖွေရန်နှိပ်ပါ<<<
၂၀၁၃ ခုနှစ်မှာပဲ ဘာကို တွေ့ရသလဲဆိုတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတဲ့သူတွေ တဖြည်းဖြည်းနဲ့ ပိုများလာနေတယ်။တိုးတက်လာမယ့် အခွင့်အလမ်းတွေကလည်း တဖြည်းဖြည်းနဲ့ အများကြီး ရှိလာနေတယ်။ ဒါပေမဲ့ Logistics နဲ့ ပတ်သက်တဲ့ နည်းပညာတွေ know-how တွေက မလုံလောက်သေးဘူး။ နောက်တစ်ချက်က ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူတွေ အတော် များလာတယ်။ ဂျပန်ဘက်မှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေလည်း ရှိတယ်။ အဲဒီ စံချိန်စံညွှန်းတွေ ပြည့်မီအောင် ဘယ်လိုပုံစံမျိုးနဲ့ ဖြည့်ဆည်းပေးလို့ ရနိုင်မလဲ။ Logistics ကုမ္ပဏီတစ်ခုအနေဖြင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုက်ခြင်းအားဖြင့် ဘယ်နိုင်ငံမှမဆို ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာတဲ့အခါပဲ ဖြစ်ဖြစ်၊ ပြီးတော့ မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေတဲ့ ပြည်တွင်း လုပ်ငန်းတွေလည်း ရှိတယ်။ သူတို့ Logistics ကို သုံးနေကြရတဲ့အခါမှာ လုပ်ကိုင်တာတွေ ချောချောမွေ့မွေ့ဖြင့် မြန်မြန်ဆန်ဆန် ပြီးမြောက်စေဖို့ရယ်၊ အရည်အသွေးအဆင့်အတန်းတစ်ခု ပေးနိုင်ဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကို ချမှတ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ လာရောက်ခဲ့စဉ် အဲဒီအချက်တွေကို သုံးသပ်ခဲ့ပြီးတဲ့အခါ အရှေ့တောင်အာရှမှာ ချဲ့ထွင်လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ Logistics ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ Daizen Myanmar ကုမ္ပဏီ လုပ်ကိုင်နေတာကို အဓိကအားဖြင့် ခွဲခြားကြည့်ရင် ၄ မျိုး ရှိတာကို တွေ့ရတယ်။ ပထမဆုံး တစ်ခုကတော့ freight တွေပဲ ဖြစ်ပါတယ်။ Ocean freight တွေ ရှိမယ်။ Air freight တွေ ရှိမယ်။ နယ်စပ် ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးကိုလည်း လုပ်ကိုင်ပေးတယ်။ freight မှာ အဲဒီ ၃ခု ရှိမယ်။ အဲဒီအပြင် အကောက်ခွန် ရှင်းလင်းရေးအပိုင်းကိုလည်း ၀န်ဆောင်မှု ပေးတယ်။ ဒီတော့ freight forwarding လည်း လုပ်တယ်။ Custom clearance လည်း လုပ်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ warehousing ဖြစ်ပါတယ်။ warehousing ကိုတော့ နှစ်မျိုး ခွဲထားတယ်။ bonded warehouseနဲ့ normal warehouse တို့ ဖြစ်ပါတယ်။ warehouse ကို သုံးတဲ့ customer တွေ အနေနဲ့ warehouse တစ်ခုတည်းတင် မဟုတ်ဘဲ transportation ကိုပါ သုံးတဲ့အတွက် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီ ကုန်တင်ကားတွေ၊ လက်တွဲထားတဲ့ တခြားကုန်တင်ယာဉ်တွေ အသုံးပြုပြီး transportation service ကို ပေးတယ်။
၃။ ဘယ်အချိန်မှာ SEZ Warehouse လုပ်ပိုင်ခွင့်ကိုရခဲ့ပြီး ဘယ်လိုတွေကြိုးစားခဲ့ရတယ်။ ဘာတွေလိုအပ်ခဲ့သလဲဆိုတာနဲ့ ပက်သတ်ပြီးရှင်းပြပေးထားတာပါ။
၂၀၁၇ ခုနှစ် ၂ လပိုင်း ၂၄ ရက်မှာ SEZ Warehouse လုပ်ကိုင်ခွင့်ကို ရခဲ့ပါတယ်။ SEZ Warehouse အနေဖြင့်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ရခဲ့ပါတယ်။ Bonded Warehouseလို့ သိကြပေမဲ့ တကယ်တမ်း တရားဝင် သုံးနှုန်းတာကတော့ free zone warehouse လို့ သုံးနှုန်းပါတယ်။ တကယ့်တကယ် လိုင်စင်ရဲ့ အမျိုးအစားကတော့ SEZ Warehouse ဖြစ်ပါတယ်။ အဲဒီအထဲမှာ free zone warehouse ရော သာမန် warehouseရော နှစ်ခုစလုံး လုပ်ကိုင်ခွင့် ပါမစ်ကို ရပါတယ်။
warehouse မှာ ပစ္စည်းလာထားတယ်။ custom က လာစစ်တယ်။ ပစ္စည်းပိုင်ရှင် customer နဲ့ custom တို့ကြားမှာ Daizen Myanmar က အကုန်လုံးကို တာဝန်ယူပါတယ်ဆိုပြီး free zone warehouse မှာ ပစ္စည်းတွေကို Accept လုပ်ပေးထားပါတယ်။
၎။ SEZ ဆိုတာဘာလဲ၊ SEZ Bonded Warehouse နဲ့ပက်သတ်လို့ သက်ဆိုင်ရာကချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ပက်သတ်ပြီးလည်း အခုလိုရှင်းပြပေးထားခဲ့ပါတယ်။
SEZ ဆိုတာက Special Economic Zone ပါ။ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှာလည်း SEZ တွေ ရှိပါတယ်။ SEZ ထဲမှာ စက်ရုံတွေ ရှိမယ်။ ကုန်ထုတ်လုပ်မှုလုပ်ကိုင်တယ်။ ဒီနိုင်ငံမှာပဲ ထုတ်လုပ်မှုလုပ်ကိုင်ပြီး ဒီနိုင်ငံမှာပဲ ပြန်ဖြန့်တယ်။ promotion zone လို့ခေါ်ပါတယ်။ နောက်တစ်မျိုးက ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တယ်။ သူက export only ပဲ လုပ်တယ်။ free zone ရှိတယ်။
နိုင်ငံတွေမှာ SEZ ကို ထူထောင်ရတဲ့ ရည်ရွယ်ချက်က ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ချင်တယ်။ ပြီးတော့ သူတို့ဆီမှာ ပါလာမယ့် technology တွေကို ကိုယ့်ဆီမှာ ပြန်ဖြန့်ဖြူးချင်တဲ့အတွက် infrastructure တစ်ခုကို လုပ်ပေးထားလိုက်တယ်။ အဲဒီမှာ အဓိကအားဖြင့် promotion zone ရယ်၊ free zone ရယ် ရှိတယ်။ Promotion zone ရယ်၊ free zone တွေမှာ production တွေ လုပ်ကိုင်ကြတယ်။ ဖြန့်ဖြူးကြတယ်။ အဲဒီအတွက် SEZ မှာ supply chain အတွက် စပြီး လုပ်ကိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုပြုမယ့်သူတွေကို ဖိတ်ခေါ်တယ်။ Product ထုတ်လုပ်မယ့် ကုမ္ပဏီတွေက ကုန်ကြမ်း raw materials တွေကို တင်သွင်းလာမယ်။ ဒီမှာ သူတို့ ထုတ်လုပ်မယ်။ ပြီးရင်ဖြန့်ချိမယ်။ transport လုပ်ရတယ်။ ဒီဟာတွေ အကုန်လုံး ပြီးစီးသွားဖို့ အတွက် logistics ကုမ္ပဏီရှိဖို့ အဓိကအားဖြင့် လိုအပ်လာတယ်။
SEZ ထဲမှာ promotion zone ရယ်၊ free zone ရယ် ရှိနေတာမှာ free zoneမှာ ကျတော့ ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလို့ ရတယ်။ promotion zone ကျတော့ သွင်းလာသမျှ ပစ္စည်းတွေကို အခွန်ဆောင်ထားရတယ်။ Production က ပိုတိုးလာတယ်ဆိုရင် သူတို့ ပစ္စည်းတွေ ထားသိုဖို့ နေရာတွေ လိုအပ်လာတယ်ဆိုတဲ့အခါ SEZ အထဲမှာ အဲဒီအတွက် warehouse ထားရှိပေးတာမှာ promotion zone အတွက်နဲ့ free zone အတွက်ဆိုပြီး နှစ်ခုခွဲမှရမယ်။ ဘာလို့လဲဆိုတော့ အခွန်မဆောင်သေးတဲ့ ပစ္စည်းတွေ ရှိမယ်။ အခွန်လုံးဝ ပေးဆောင်စရာ မလိုတာရှိမယ်။ အဲဒီနှစ်မျိုး ထားဖို့ SEZ အထဲမှာ SEZ warehouse လိုကိုလိုအပ်လာတယ်။
အဲဒီတော့ ဒီမှာဆိုလို့ရှိရင်လည်း SEZ ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာဆိုရင် အခွန်နဲ့ပတ်သက်လို့ free zone နဲ့ပက်သတ်တဲ့ warehouse ရှိကို ရှိရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိထားပြီးသား ဖြစ်ပါတယ်။ အဲဒီနှစ်မျိုးစလုံးကို အထောက်အကူ ပေးနိုင်ဖို့ Daizen Myanmar ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မယ့် ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ် ၅ လပိုင်းမှာ လိုင်စင်ရဖို့ စလျှောက်တယ်။ လျှောက်ထားတုန်းမှာ warehouse ကိုစဆောက်တယ်။ တည်ဆောက်မှု လုံးဝပြီးသွားတာက ၂၀၁၆ ခုနှစ် ၆ လပိုင်းမှာ ပြီးတယ်။ တကယ့်တကယ် လိုင်စင်ရလာတာက ၂၀၁၇ ခုနှစ် ၂ လပိုင်းကျမှရခဲ့တာ ဖြစ်ပါတယ်။ လိုင်စင်ရဖို့ နှစ်ဝက်လောက် ကြာခဲ့တယ်။ research လုပ်တာတွေ၊ review လုပ်တာတွေအတွက် အချိန်ပေးခဲ့ရပါတယ်။
Thilawa SEZ Management Committee ဆိုတာ ရှိတယ်။ အဲဒီ ကော်မတီကနေချမှတ်ထားတဲ့ စည်းမျဉ်းမှာ SEZ warehouse အတွက်လိုအပ်တဲ့ ညွှန်ကြားချက်တွေရှိတယ်။ ပြီးတော့ warehouse ကို မဖြစ်မနေလုပ်ကိုင်တဲ့အခါ ဘာတွေကို လိုက်နာရမယ်ဆိုတာ သတ်မှတ်ထားပြီးသား ရှိပါတယ်။ ဒီတော့ လိုင်စင်ကို စလျှောက်ကတည်းက အဲဒီ rules and regulations တွေကို သေသေချာချာ လေ့လာပြီးတော့မှ အဲဒီအချက်တွေအတိုင်း လိုင်စင်ကို လျှောက်ထားခဲ့ပါတယ်။
>>> Storage Services သိုလှောင်ရေးကဏ္ဍနှင့်ပက်သတ်ပြီး ၀န်ဆောင်မှု ၁၄ ခုကိုရှာဖွေရန်နှိပ်ပါ<<<
၂၀၁၇ ခုနှစ်မှာ လုပ်ကိုင်ခွင့် လိုင်စင်ကို ရခဲ့ပေမဲ့ ဒီလိုင်စင်ကို သုံးစွဲပြီးတော့ လုပ်ငန်းစဖို့ အချိန်နည်းနည်း ကြာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ SEZ custom ရှိတယ်။ ရန်ကုန်မြို့ ဒီဘက်ကမ်းမှာ custom ရှိတယ်။ ပြီးတော့ Thilawa SEZ Management Committe ရှိတယ်။ အဲဒီ ၃ ဖွဲ့စလုံး အကျုံးဝင်တဲ့ တသမတ်တည်း သေသေချာချာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိဘူး။ အဲဒီ ၃ ဖွဲ့မှာ တစ်ခုနဲ့ တစ်ခု ကွဲလွဲနေတယ်။ ဒီတော့ အဲဒီ ၃ ဖွဲ့ တစ်ပြိုင်တည်း ဆွေးနွေးကြပြီးတော့ rules and regulation တွေကို ရလာတဲ့အထိ အချိန်နည်းနည်းပေးပြီးတော့ စောင့်ခဲ့ရတယ်။ အဲဒီလို ညှိနှိုင်းကြတာမှာ ဘာတွေကို ညှိလို့ မရသလဲဆိုတော့ custom ကျတော့ ဒီပစ္စည်းတွေက ၀င်လာပြီ။ Daizen Myanmar ရဲ့ warehouse မှာ ထားမယ်။ ပြီးရင် အဲဒီပစ္စည်းကို ပြန်ထုတ်ယူပြီး အခွန်မ ဆောင်ဘဲ ရောင်းစားလိုက်တာမျိုးကို သူတို့က စိတ်ပူတယ်။ နောက်တစ်ခုကတော့ inventory ကို ဘယ်လို record လုပ်မလဲ။ ပစ္စည်း ခုရေ တစ်ရာ ၀င်လာမယ်။ အဲဒီပစ္စည်းတွေက အခွန်မဆောင်ထားဘူး။ ပြန်ထုတ်တော့ အကုန်လုံး ထုတ်တာလား၊ တချို့ပဲ ထုတ်တာလား ဆိုတာတွေအတွက် inventory ရဲ့ control တွေနဲ့ ပတ်သက်ပြီး custom က စိတ်ပူတယ်။
Thilawa SEZ Management Committee ကကျတော့ ဘာကို စိတ်ပူတာလဲဆိုတော့ သွင်းလာတဲ့ ပစ္စည်းတွေက free zone warehouse ဖြစ်တာကြောင့်မို့လို့ အခွန်မဆောင်ရလို့ မစစ်ဆေးရသေးဘူး။ အဲဒီအခါမှာ သွင်းခွင့် မရှိတဲ့ ပစ္စည်းတွေ၊ ခွင့်ပြုချက် မရှိတဲ့ ပစ္စည်းတွေ တင်သွင်းမှာကို စိတ်ပူတယ်။ ဘယ်လို အချက်မျိုးတွေကို အခြေခံပြီးတော့ ကာကွယ်ပေးနိုင်မလဲ။ ဒီလိုဟာမျိုးတွေ တင်သွင်းမလာအောင် ဘယ်လို လုပ်မလဲ။ဒီတော့ ဒီလို အချက်မျိုးတွေကို ဘယ်လို လုပ်ကြမလဲဆိုတာ သူတို့အချင်းချင်း ဆွေးနွေးကြတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းကြပြီး အတည်ပြုပေးတာကို စောင့်ဆိုင်းရတဲ့အတွက် Daizen Myanmar အနေဖြင့် ၂ လပိုင်းမှာ လိုင်စင် ရပေမဲ့ တကယ့်တကယ် စသုံးခဲ့ရတာ ၂၀၁၇ ခုနှစ် ၁၂ လပိုင်းကျမှ ဖြစ်ပါတယ်။
၅။ SEZ warehouse လျှောက်ထားဖို့နဲ့ပက်သတ်ပြီး အရေးကြီးအချက်လက်တွေကိုလည်း အခုလိုရှင်းပြပေးထားခဲ့ပါတယ်။
SEZ warehouse လိုင်စင်ကို လျှောက်ဖို့ အဓိက အချက် ၄ ချက် ရှိတယ်။ ပထမတစ်ချက်က လျှောက်ထားမယ့် ကုမ္ပဏီသည် financial အတွက် အပါအ၀င် ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီ ဖြစ်ရမယ်။ တကယ်ခိုင်မာတဲ့ ကုမ္ပဏီ ဖြစ်ရမယ်။ ဒုတိယတစ်ချက်ကတော့ custom officers တွေက အချိန်မရွေး warehouse ကို လာစစ်ဆေးမယ်။ စစ်ဆေးတာကို လက်ခံနိုင်ရမယ်။ warehouse ဆောက်မယ်ဆိုကတည်းက specification ကလည်း အဲဒီ ပုံစံအတိုင်း ဖြစ်နေရမယ်။ တတိယမြောက် တစ်ချက်ကတော့ ၂၄ နာရီ ပတ်လည် CCTV နဲ့ အမြဲတမ်း စောင့်ကြည့်နေရမယ်။ နောက်တစ်ချက်ကတော့ freezone warehouse နဲ့ သာမန် warehouse ကို နေရာ သေသေချာချာ ကာရံထားပြီး သီးသီးခြားခြား သတ်မှတ်ထားရမယ်။
၆။ SEZ bonded Warehouse နဲ့ အခြားသော အပြင်က bonded Warehouse တို့ရဲ့ကွာခြားမှုနဲ့ တကယ်လို့ များအခွင့်အရေးရခဲ့ရင် အပြင်က bonded warehouse ကိုလုပ်ကိုင်ဖို့ရော အစီအစဉ်ရှိမရှိ။
Daizen Myanmar လုပ်ကိုင်နေတာက Free zone warehouse ဖြစ်တဲ့အတွက် SEZ ထဲမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ကိုင်ရပါတယ်။ ဒါပေမဲ့ SEZ မဟုတ်တဲ့ နေရာ အပြင်မှာ ကျတော့ bonded warehouse ကို အခုမှ ခွင့်ပြုမယ် စမယ်ဆိုတော့ ဘယ်လိုအချက်အလက်တွေ ချမှတ်ဆောင်ရွက်မယ်ဆိုတာ မသိရသေးလို့ နှိုင်းယှဉ်ပြောကြားလို့ မရနိုင်သေးဘူး။ ဒီတော့ ကွာခြားချက်တွေကို ပြောပြဖို့ ခက်ခဲနေပါသေးတယ်။
Daizen Myanmar အနေဖြင့် အခုလို လုပ်ကိုင်တာတွေကို အတွေ့အကြုံ ရှိထားပြီးဖြစ်လို့ တကယ်လို့ SEZ မဟုတ်တဲ့ အပြင်နေရာမှာ bonded warehouse လုပ်ကိုင်ဖို့ အခွင့်သာခဲ့ရင်တော့ ရထားပြီးသား အတွေ့အကြုံတွေကို အသုံးချပြီး လုပ်ကိုင်ဖို့ အစီအစဉ် ရှိပါတယ်။
၇။ Bonded warehouse လုပ်ကိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေ အစီအစဉ်တွေ ရေးဆွဲနေတာမှာ ဘယ်လိုမျိုးတွေ ဖြစ်သင့်သလဲ။ ဘယ်လိုမျိုးတွေဆိုရင် လုပ်ကိုင်ဖို့ အဆင်ပြေမလဲ။ လုပ်သာကိုင်သာ ဖြစ်မလဲဆိုတာနဲ့ပက်သက် ပြီးလည်းယခုလိုပဲ ရှင်းပြပေးခဲ့ပါတယ်။
bonded warehouse တွေ ခွင့်ပြုမယ်ဆိုပြီး သတင်းထွက်ပေါ်တယ်။ Bonded warehouse နဲ့ ပတ်သက်တဲ့ seminar တွေ အစည်းအဝေးတွေလည်း လုပ်နေကြတယ်။ အဲဒီ အစည်းအဝေးတွေကို အမြဲတက်တယ်။ အကြံပြုတဲ့အနေဖြင့်တင်ပြတယ်။
လက်ရှိလုပ်ကိုင်နေတဲ့သူ ဖြစ်တာမို့ ကိုယ့်ကုမ္ပဏီမှာ လုပ်ကိုင်နေတာတွေကိုလည်း လူကြီးတွေကို ပြောပြတယ်။ Bonded warehouse တွေ အပြင်မှာ ခွင့်ပြုဖို့ကျတော့ custom အနေဖြင့် ဘယ်လို control လုပ်မလဲဆိုတာ အခက်အခဲရှိတယ်။ SEZ ထဲမှာပဲ လုပ်ကိုင်တာကျတော့ control လုပ်ရတာ လွယ်ကူတယ်။ ဒီတော့ စည်းမျဉ်း၊ စည်းကမ်းတွေ စဉ်းစားပြီး ချမှတ်ပေးထားဖို့ လိုသေးတယ်။
နောက်တစ်ချက်က bonded warehouse လုပ်ကိုင်ဖို့ လိုင်စင် လျှောက်ထားမယ့်လုပ်ငန်းမှာ SOP (Standard Operating Procedures) တိတိကျကျ သေသေချာချာ ရှိထားဖို့ လိုအပ်တယ်။ အဲဒီလို မရှိခဲ့ရင် bonded warehouse ကို control လုပ်ဖို့အပိုင်းမှာ အခက်အခဲတွေ ရှိနေလိမ့်မယ်။ ဒီတော့ အပြင်မှာ bonded warehouse လုပ်ကိုင်ဖို့ လွယ်လွယ်ကူကူဖြင့် မြန်မြန်ဆန်ဆန်ကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။
၈။ ကုမ္ပဏီက ဖက်စပ်လား၊ တစ်ဦးတည်းပိုင်လားဆိုတာနဲ့ပက်သတ်ပြီး ယခုလိုပဲရှင်းရှင်းလင်းပြောဆို ဖြေကြားခဲ့ပါတယ်။
Daizen Myanmar ဟာ Joint Venture ကုမ္ပဏီ မဟုတ်ပါဘူး။ ရာနှုန်းပြည့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်ပါတယ်။
၉။ လက်ရှိမြန်မာပြည်ရဲ့ Logistics ဈေးကွက်နဲ့ အရင်နှစ်ကနှိုင်းယှဉ်ချက်၊ အနာဂတ်အတွက် ထင်မြင်ယူဆချက်နဲ့ပက်သတ်ပြီးလည်း ယခုလိုရှင်းပြပေးထားခဲ့ပါတယ်။
ယမန်နှစ်နဲ့ နှိုင်းယှဉ်ရင် Logistics လုပ်ငန်းတွေ ၅ ကနေ ၆ ရာခိုင်နှုန်း တိုးတက်လာတယ်။ Daizen Myanmar အနေဖြင့်လည်း မနှစ်ကထက်စာရင် ဒီနှစ်မှာ အလုပ်ပိုများလာတယ်။ နောက်တစ်ခုကတော့ SEZ ထဲမှာ လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် SEZ ထဲမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ Daizen Myanmar ရဲ့ customer တွေ ဖြစ်ပြီး သူတို့ production ပိုများလာရင် များလာတဲ့အတိုင်း Daizen Myanmar ကိုပဲ သုံးကြတဲ့အတွက် မနှစ်ကထက်စာရင် promotion zone အတွက်ရော၊ free zone အတွက်ရော အလုပ်ပိုများလာပါတယ်။
၁၀။ ရာနှုန်းပြည့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့အတွက် properties တွေ ၀ယ်ယူတဲ့အခါ အခက်အခဲတွေရှိခဲ့မလားဆိုတဲ့ စိုးရိမ်မှုအပေါ်နဲ့ပက်သတ်ပြီလည်း ရှင်းပြပေးထားခဲ့ပါတယ်။
သီလ၀ါမှာ Thilawa SEZ Management Committeရှိတယ်။ သူ့လက်အောင်မှာ OSCS(One-Stop Service Company) ၀န်ဆောင်မှု ရှိတယ်။ ဒီတော့ Daizen Myanmar အနေဖြင့် fixed assets ၀ယ်တဲ့အခါ မြေ၀ယ်တာဖြစ်ဖြစ်၊ ကုန်တင်ကားတွေ ၀ယ်တာဖြစ်ဖြစ် OSSC မှာ ဆိုင်ရာဆိုင်ရာ ဌာနတွေ ခွဲပေးထားတာမို့ သက်ဆိုင်ရာဌာနမှာ လျှောက်ထားတယ်။ ခက်ခက်ခဲခဲ မရှိပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေအတွက် ထောက်ကူမှုတွေ အများကြီး ပေးထားတာဖြစ်လို့ OSSC မှာ လျှောက်ထားပြီး လုပ်ကိုင်လိုက်ရုံပါပဲ။ သူတို့က သေသေချာချာ စိစစ်ပြီး လုပ်ပေးတယ်။ ဒီတော့ အချိန်ကုန် သက်သာတယ်။ ပြဿနာလည်း အထွေအထူး မရှိပါဘူး။
၁၁။ Myanmar Automated Cargo Clearance System (MACCS) သုံးစွဲတာနဲ့ ပတ်သက်လို့ သူ့ရဲ့အတွေ့ အကြုံနဲ့ပက်သတ်ပြီလည်း ပြောပြပေးထားခဲ့ပါတယ်။
အစပိုင်း စပြောင်းခါစ ၃ လလောက်မှာတော့ အကောက်ခွန်ဌာနဘက်မှာ ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အားနည်းလို့ အခက်အခဲ ရှိခဲ့ပေမဲ့ ၃ လနောက်ပိုင်းမှာတော့ အခက်အခဲ မရှိတော့ပါဘူး။ အားသာချက်ကတော့ အလွန်လိုင်းမှာ လုပ်ကိုင်တာဖြစ်တဲ့အတွက် စာရွက်စာတမ်းတွေ သုံးစွဲမှု နည်းပါးသွားတယ်။ Custom ဘက်မှာလည်း လုပ်ရကိုင်ရတာ သက်သာသွားတယ်။ အရင်လို စာရွက်စာတမ်း တစ်ပုံကြီး ထိုင်စစ်နေဖို့ မလိုတော့ဘူး။ ကုမ္ပဏီအနေဖြင့်လည်း code number ယူထားပြီး လုပ်ကိုင်လိုက်ရုံပဲ ဖြစ်လို့ အလုပ်ပြီးတယ်။ အချိန်ကုန် သက်သာတယ်။ အလုပ်ပြီးစီးတယ်ဆိုတဲ့ အားသာချက် ရှိပါတယ်။ Registration လုပ်တာကတော့ yellow card က နိုင်ငံသားတွေကိုပဲ ပေးတာဆိုတော့ ကုမ္ပဏီမှာ yellow card ရထားတဲ့သူ သုံးယောက်ကို ခန့်ထားပြီး သူတို့က registration လုပ်ပေးတယ်။
>>> Racking Storage Systems နှင့်ပက်သတ်ပြီးကုမ္ပဏီပေါင်း ၂၉ ခုကိုရှာဖွေရန်နှိပ်ပါ <<<
၁၂။ လက်ရှိပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ Logistics market အတွက် ဈေးကွက်ခွဲဝေမှုအခြေအနေနဲ့ပက်သတ်ပြီးလည်း ဆက်လက်ရှင်းပြပေးခဲ့ပါတယ်။
ပြည်တွင်း Logistics market ထဲကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနေပေမဲ့ ပြည်တွင်း လုပ်ငန်းတွေ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် နည်းနေပါသေးတယ်။ Daizen Myanmar အနေဖြင့် SEZ ထဲမှာတော့ customer တွေ အတော်များများကို ရရှိထားပါတယ်။ အပြင်ဘက်ပြည်တွင်း လုပ်ငန်းတွေထက် ဈေးက နည်းနည်း များတယ်။ ဒါပေမဲ့ ပေးတဲ့ ၀န်ဆောင်မှုကတော့ ကွာခြားတယ်။ Daizen Myanmar ရဲ့ customer တွေထဲမှာ ကြည့်ရင်တော့ ၈၅ ရာခိုင်နှုန်းလောက်က နိုင်ငံခြား ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းလောက်ကတော့ ပြည်တွင်း လုပ်ငန်းတွေ ဖြစ်ပါတယ်။
၁၃။ လက်ရှိပြည်တွင်းရဲ့ Logistics Market အတွက် Major Player တွေက ဘယ်သူတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီးလည်း သူ့ရဲ့အမြင်ကိုပြောပြပေးထားခဲ့ပါတယ်။
အဲဒါကတော့ ပြောဖို့ ခက်ပါတယ်။ ဂျပန် ကုမ္ပဏီတွေ လိုင်စင်ရယူပြီး လုပ်ကိုင်နေတာ အခု ၃၀ ရှိတယ်။ အဲဒီအထဲမှာ အမြတ်တွေ ရနေတယ်ဆိုတဲ့ ကုမ္ပဏီအရေအတွက်က နည်းနေပါသေးတယ်။ လက်ချိုးရေလို့ ရနေတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ သက်တမ်းကလည်း လွန်ရောကျွံရော ၅ နှစ် လောက်ပဲ ရှိသေးတော့ ပြောဖို့ စောနေသေးတယ်။ တချို့ဆိုရင်လည်း ဆက်မလုပ်တော့တာတွေ ရှိတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ကြတာဟာ ဖြစ်လာနိုင်တဲ့ အလားအလာ အခွင့်အလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံနေကြတာ ဖြစ်ပါတယ်။ တကယ့်တကယ်မှာတော့ တခြားအာဆီယံ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာ ရတဲ့ market share က နည်းနေသေးတယ်။ ကိတ်မုန့် သေးသေးလေးကို လူအများကြီးက ခွဲဝေပြီး စားနေကြရတာမျိုး ဖြစ်နေတော့ ဘယ်သူတွေက Major Player တွေ ဆိုတာ ပြောဖို့ ခက်တယ်။ ပြောလို့ မရသေးဘူး။
၁၄။ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေက ပြည်တွင်း Logisitcs ဈေးကွက်အတွက် ဘာတွေအကျိုးရှိစေမလဲဆိုတာ ကိုလည်း သေသေချာချာလေးရှင်းပြပေးထားခဲ့ပါတယ်။
ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့အခါ သူတို့ရဲ့ အသိပညာ အတတ်ပညာတွေ ပါလာမယ်။ know-how တွေ ပါလာမယ်။ ပြည်တွင်း Logisitcs လုပ်ငန်းတွေအနေဖြင့် လေ့လာသင်ယူနိုင်တယ်။ SEZ မှာကျတော့ Daizen Myanmar က ၁၀၀ ရာခိုင်နှုန်း အပြည့်ရင်းနှီးမြှုပ်နှံထားတယ်။ တခြားအပြင်မှာတော့ ဖက်စပ်လုပ်ငန်း လုပ်ကိုင်ကြမယ်။ ဖက်စပ်လုပ်တဲ့ နိုင်ငံခြားကုမ္ပဏီမှာ မြင့်မားတဲ့ နည်းပညာတွေ ပါလာမယ်။ သူတို့လုပ်ကိုင်ပေးတဲ့ supplier ကုမ္ပဏီတွေကလည်း နည်းပညာအမြင့်ကို သုံးပြီး ၀န်ဆောင်မှု ပေးရမယ့်လုပ်ငန်းတွေ ဖြစ်နေတယ်။ ဒီတော့ နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာတာ ပိုများလာလေလေ နည်းပညာတွေ ပိုပါလာမယ်။ ပြည်တွင်း ကုမ္ပဏီတွေအနေဖြင့် လေ့လာသိရှိပြီး တိုးတက်မှုတွေ ရရှိအောင် လုပ်ကိုင်နိုင်ကြမယ်။ ပြည်တွင်း Logisitcs ဈေးကွက် ပိုတိုးတက်လာမယ်လို့ မြင်ပါတယ်။
Daizen Myanmar အနေဖြင့် MIFFA(Myanmar International Freight Forwarders' Association) မှာ Fork lift နဲ့ပက်သတ်ပြီးသင်တန်းတွေမှာ training ပေးတယ်။ Daizen Myanmar ရဲ့ warehouse ကို လာရောက်လေ့လာပြီး သင်ယူမှုကို စီစဉ်ပေးတယ်။ သုံးစွဲထားတဲ့ warehouse management system ကို ရှင်းပြတယ်။ ဂျပန်မှာ ကျင့်သုံးတဲ့ system အတိုင်း တထေရာတည်း လုပ်ထားတာကို training လုပ်ပေးတယ်။ နောက်တစ်ခုကတော့ transportation နဲ့ ပတ်သက်လို့ ကုမ္ပဏီပိုင် ကားအစီးသုံးလေးဆယ်ရှိတယ်။ အဲဒီလောက်နဲ့ မလောက်ငဘူး။ ဒီတော့ third party တွေ sub contractor တွေကို အသုံးချရတယ်။ အဲဒီအခါမှာ ကိုယ့် customer တွေရဲ့ requirements တွေ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ဖို့ အဲဒီ third party တွေ contractor တွေကို သင်တန်းပေးရတယ်။ မပေးလို့ မရဘူး။ ကိုယ့်ကုမ္ပဏီရဲ့ နာမည်ခံပြီး ထွက်မှာဆိုတော လက်ရှိသုံးနေတဲ့ သူတို့ကို training တွေ ပေးရတယ်။ အဲဒီလုပ်ငန်း ခုနစ်ခု ရှစ်ခုမှ ကားသမားတွေ ယာဉ်မောင်းတွေကို training တွေ ပေးရပါတယ်။
၁၅။ Logistics လို့ဆိုလိုက်တာနဲ့ အဓိကကဏ္ဍရပ်ဘယ်နှစ်ခုလောက်ရှိမလဲ၊ အဆိုပါကဏ္ဍအလိုက် တွေ့ကြုံ နေရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကဘာတွေလည်း ဆိုတာကိုယခုလိုရှင်းပြပေးထားခဲ့ပါတယ်။
Logistics ကဏ္ဍထဲမှာ sector တွေအများကြီးရှိနေတယ်။ freight forwarder ရှိမယ်။ warehouse ရှိမယ်။ transportation လိုမယ်။ coordinators တွေလည်း လိုမယ်။ ကဏ္ဍတွေ အများကြီး ရှိနေပါတယ်။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိသလဲဆိုတော့ မြန်မာနိုင်ငံမှာတော့ စိန်ခေါ်မှုတွေ အမြဲရှိနေမယ်။ ဂျပန်နိုင်ငံမှာ logistics ကဏ္ဍမှာ လုပ်ကိုင်မယ်ဆိုရင် လမ်းတွေကလည်း ကောင်းတယ်။ ကားတွေကလည်း ကောင်းတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့အခါ အချိတ်အဆက်ပြုတာကလည်း အရမ်းကောင်းပြီး မြန်ဆန်တယ်။ မြန်မာနိုင်ငံမှာတော့ လမ်းတချို့ မကောင်းတာ ရှိမယ်။ ကားဝင်လို့ မရတာ ရှိမယ်။ ဒီအခက်အခဲတွေ ပြေလည်အောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲ ကြံဆ အဖြေရှာပြီး လုပ်ရတဲ့အတွက် စိတ်ဝင်စားစရာကောင်းတယ်။ ကုမ္ပဏီဝန်ထမ်းတွေ၊ အခြားပြည်တွင်းလုပ်ငန်းတွေအတွက် အဖြေရှာပေးပြီး ဗဟုသုတ အသိပညာ ပေးနိုင်တဲ့အခါ ပျော်စရာကောင်းတယ်။
၁၆။ လက်ရှိပြည်တွင်း Logistics ဈေးကွက်အနဲ့ပက်သတ်ပြီးလည်းယခုလို အကြံပြုရှင်းပြပေးထားခဲ့ပါတယ်။
လက်ရှိပြည်တွင်း Logistics ဈေးကွက်အပေါ် စိတ်ကျေနပ်မှု ရှိပါတယ်။ ၅ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်း တိုးတက်မှု ရရှိထားတဲ့ လက်ရှိအခြေအနေ တိုးတက်မှုကို ကျေနပ်မိပါတယ်။ ဒီထက်လည်း ပိုမိုတိုးတက်လာဖို့ရှိပါတယ်။
Transportation နဲ့ပက်သတ်လို့ ဘယ်လိုကားအမျိုးအားတွေကိုသုံးသလဲ Brand new or Used.စတင် ရင်းနှီးမြှုပ်နှံစဉ်က ဒီမှာပဲရှိနေတဲ့ တစ်ပတ်ရစ်ထရပ်ကား လေးစီး ၀ယ်ပြီး သုံးစွဲခဲ့တယ်။ ကုမ္ပဏီ စတင်ထူထောင်ခါစမှာ ချက်ချင်းကြီး ကားအသစ်တွေ သွင်းလို့ မရသေးတဲ့ အခြေအနေဖြစ်နေတာကြောင့် ဒီမှာ ရှိနေတဲ့ ကားတွေကို သုံးခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ကားအသစ်တွေ ၀ယ်သုံးပါတယ်။ ၁၂ စီး မှာယူထားပြီး မရောက်သေးဘူး။ ဘယ်လိုမှာယူသလဲဆိုတော့ တရုတ်နိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံတို့မှာ တည်ရှိတဲ့ စက်ရုံတွေမှာ ထုတ်တဲ့ Japan brand ကားတွေကို ၀ယ်ယူသုံးစွဲပါတယ်။ နောက်တစ်မျိုးကတော့ ကမ်းလှမ်းထားတုန်းပဲ။ ဈေးနှုန်းကိုတော အတိအကျ မညှိနှိုင်းရသေးဘူး။ အဲဒါက ဂျပန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေ ဖြစ်ပါတယ်။ ဈေးပိုကြီးတာ မှန်ပေမဲ့ ရေရှည်အတွက်ကျတော့ ပိုကောင်းပါတယ်။
ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုကားမျိုးကိုသဘောကျလဲ?
လက်ရှိစီးနေတာက SKD နဲ့ Brand new ပါ။ ဒီမှာလာထုတ်တဲ့ကားနဲ့အသစ်သွင်းလာတဲ့ကားကိုကြိုက်ပါတယ်။ Used ကိုတော့ သိပ်မကြိုက်လှပါဘူး။ လက်ရှိအစိုးရရဲ့မူဝါဒကလည်း brand new ကိုအသားပေးလာလို့ used ကတော့ ဈေးကွက်ရှိတော့ ရှိနေမယ် brand new ဘက်ကိုပိုများလာမယ်လို့ထင်ပါတယ်။