တရုတ်နိုင်ငံတွင် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကို ဩဂုတ်လ (၁၆) ရက်နေ့မှ စတင်၍ (၂၀) ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ နှစ်စဉ် ပါဝင် ပြသလျက် ရှိသည့်အတိုင်း ယခုနှစ်တွင်လည်း မြန်မာလုပ်ငန်းရှင် (၁၀၀) ကျော်က ပါဝင်ပြသသွားမည်ဟု သိရသည်။
၎င်းကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် Country of Honor အဖြစ် ပါဝင် ပြသမည် ဖြစ်ပြီး ပထမအကြိမ် Country of Honor အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ပါဝင် ပြသခဲ့သည်။
Click Here > Phyo Eain Si
ယခုနှစ်တွင် ကုန်စည်ပြပွဲနှင့် ဆက်စပ်၍ ဖိုရမ် (၁၀) ခုကျော်ကို တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပြီး (၁၆) ကြိမ်မြောက် တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အလှည့်ကျဥက္ကဋ္ဌအဖြစ် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် စုစုပေါင်း (၁၀၀) ကျော်တို့က မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများအား ပါဝင် ပြသကြမည်ဖြစ်ပြီး ဆက်စပ်စီးပွားရေးဖိုရမ်များသို့လည်း ပါဝင် တက်ရောက်ကြမည်ဟု ဆိုသည်။