Knowledge

ထိုင်းနှင့် ယူနန်ပြည်နယ်တို့ကြား ကုန်သွယ်ရေးဆိုင်ရာစာချုပ် လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံသည် ထောက်ပံ့ပို့ဆောင်ရေး (Logistics) နှင့် နယ်စပ်ဖြတ်ကျော် E-commerce စသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုကို ဖြန့်ကျက်နိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် Mini FTA လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

ယင်းစာချုပ်ကို တရုတ်နိုင်ငံ ယူနန်တွင် ကျင်းပခဲ့သည့် မဲခေါင်ဒေသခွဲ ဥက္ကဋ္ဌများဖိုရမ် (GMS Governors Forum) တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနနှင့် ယူနန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များအကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု Mr. Phusit Ratanakul က ပြောကြားခဲ့ပါသည်။

 

ယင်းစာချုပ်ကြောင့် ထိုင်းနိုင်ငံသည် ကမ္ဘာနှင့်အဝှမ်း လယ်ယာထုတ်ကုန်များနှင့် အရေးပါသော အစားအသောက် ထုတ်ကုန်များ၏ တင်ပို့သူအဖြစ် ထင်ပေါ်စေပြီး အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်သကဲ့သို့ တရုတ်သို့ အသီးများနှင့် ပြုပြင်ပြီး အသီးများ တင်ပို့မှုကိုလည်း မြင့်တက်စေမည် ဖြစ်ကာ ထိုင်းနှင့် တရုတ်အစိုးရတို့အကြား စီးပွားရေးအရ တိုးတက်မှုကိုလည်း ပြသနိုင်မည် ဖြစ်သည်။

 

ထိုင်းနိုင်ငံသည် ယခုသဘောတူစာချုပ် အပါအဝင် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် ကိုရီးယားတို့နှင့် Mini FTA (၈) ခုကို လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ထိုင်း ပုဂ္ဂလိကကဏ္ဍနှင့် ယူနန်မှ မိတ်ဖက်များအကြားလည်း စာချုပ်များ လက်မှတ်ရေးထိုးကြပြီး နှစ်ဖက် ပုဂ္ဂလိက ကဏ္ဍတို့၏ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း မြင်တွေ့နိုင်မည် ဖြစ်ကြောင်း ဆိုသည်။ 

 

Advertisement

Click Here > Better World

 

ဩဂုတ်လ (၁၆) ရက်နေ့တွင် နှစ်နိုင်ငံမှ ကုမ္ပဏီများက တရုတ်ဈေးကွက်သို့ ထိုင်းထုတ်ကုန်များ တိုးမြှင့် ထိုးဖောက်နိုင်ရေး နယ်စပ်ဖြတ်ကျော် e-commerce အတွက် ညှိနှိုင်းရန် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဆိုသည်။

 

ထိုင်းနှင့် တရုတ်ကို တရုတ်-လာအို အမြန်ရထားလမ်းပေါ်မှ ရထားလမ်းတစ်ခုဖြင့် ချိတ်ဆက်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ (၂) ခုသည်လည်း လက်မှတ် ရေးထိုးခဲ့ကြကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ယူနန်၏ GDP သည် ယွမ် ၂.၈၉ ထရီလီယံ ဖြစ်သည်။ ယူနန်သည်…

  • တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် ပြည်နယ်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နီးကပ်ကြောင်း၊
  • တရုတ်နိုင်ငံ၊ အနောက်ပိုင်းမှ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများသို့ ချိတ်ဆက်ပေးသည့် အဓိက အရေးပါသော ဝင်ပေါက်တစ်ခု ဖြစ်ကြောင်း၊ 
  • ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းနှင့် ရထားလမ်းကြောင်းတို့ အပါအဝင် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး အပေါ် အဓိကထားသည့် “One Belt, One Road” နှင့် ကိုက်ညီကြောင်း၊ 
  • ၂၀၂၂ ခုနှစ်တွင် ထိုင်းနှင့် ယူနန်တို့အကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂.၃၄) ဘီလီယံ ရှိခဲ့ကြောင်း သိရှိရသည်။

 

ထိုင်းနိုင်ငံသည် တရုတ်အပါအဝင် ဂျပန်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့ရှိ ပြည်နယ်အချို့နှင့် Mini FTA များ ရေးထိုး၍ ကုန်သွယ်မှုလမ်းကြောင်း ချဲ့ထွင်လျက် ရှိသည်။ 

Read times
Rate this item
(0 votes)