မြန်မာနိုင်ငံရဲ့ ဈေးကွက်အသစ်တစ်ခုဖြစ်တဲ့ ကနေဒါနိုင်ငံကို ပထမဆုံးအကြိမ် ပမာဏအများဆုံးအဖြစ် ၂၀၁၈ ခုနှစ်အတွင်း
ကော်ဖီစေ့တန်ချိန် ၃၆ တန်ကို တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ အတွင်းရေးမှူးဦးမင်းလှိုင်က ပြောခဲ့ပါတယ်။“တန်အများကြီးဝယ်တာကတော့ ဒါပထမဆုံးပဲ" လို့လည်း ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံက ကော်ဖီစေ့တွေကို ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ အမေရိကန်၊ ထိုင်ဝမ်၊ ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေဆီ ပုံမှန်တင်ပို့လျက်ရှိပြီး အခု ၂၀၁၈ ခုနှစ်မှာတော့ ဈေးကွက်အသစ်အနေနဲ့ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေကို စတင် တင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းကနေ သိရပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကနေဒါကို တင်ပို့မယ့် ၃၆ တန်က ဈေးကွက်သစ်ထဲမှာ အများဆုံးတင်ပို့နိုင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။
အရင်က ပြည်ပနိုင်ငံတွေဆီ တစ်နှစ်ကို ကော်ဖီစေ့တန်ချိန် ၁၅၀ ခန့်သာ တင်ပို့နိုင်ခဲ့သော်လည်း အခု ၂၀၁၈ ခုနှစ်မှာတော့ တန်ချိန် ၃၀၀ ခန့်အထိ တိုးမြှင့်တင်ပို့နိုင်ဖို့ မျှော်မှန်းထားပြီး လက်ရှိအချိန်အထိ တန်ချိန် ၇၀ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း ၎င်းအသင်းထံမှ သိရပါတယ်။
မြန်မာကော်ဖီစေ့တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၀၀၀ ကနေ ၅၀၀၀ ကြား ရရှိပြီး ကော်ဖီကို မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ် ရွာငံ၊ နောင်ချိုနဲ့ မန္တလေးတိုင်းဒေသကြီးမှာ ပြင်ဦးလွင်၊ မိုးကုတ် စတဲ့နေရာတွေမှာ အများဆုံးစိုက်ပျိုးလျက်ရှိပြီး ကော်ဖီစိုက်ဧကပေါင်း ၃ သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံကော်ဖီများအသင်းကနေ သိရပါတယ်။
Source: The Voice
ReadMore ; ပို့ကုန် လိုင်စင် လျှေက်ထားရာတွင် လိုအပ်သည့် စာရွက်၊စာတမ်းများ