ကနေဒါနိုင်ငံသို့ ဗြိတိန်ခရီးသည်တင် လေယာဉ်များ ဝင်ရောက်ခြင်းကို ယမန်နေ့ သန်းခေါင်ယံချိန်မှ စတင်ကာ ၇၂ နာရီကြာ ရပ်နားထားကြောင်း အာဏာပိုင်များက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် မျိုးဗီဇအသစ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသဖြင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အခြားနိုင်ငံများက ဗြိတိန်နိုင်ငံနှင့် ပတ်သက်ပြီး ခရီးသွားလာမှုကို ကန့်သတ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကနေဒါနိုင်ငံက ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံရှိ အချို့ဒေသများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုများ မြင့်မားလာသဖြင့် ထိုနိုင်ငံမှ လေကြောင်းခရီးစဉ်များ ဝင်ရောက်ခွင့်ကို ၇၂ နာရီကြာ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ကနေဒါ ကျန်းမာရေး အာဏာပိုင်များ၏ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇအသစ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့ လာသည့်အတွက် လန်ဒန်နှင့် အင်္ဂလန်အရှေ့တောင်ပိုင်း ဒေသတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် အဆင့်လေး ချမှတ်ကြောင်း စနေနေ့က ထုတ်ပြန်ကြေညာခဲ့သည်။
မူရင်းဗိုင်းရပ်စ်ထက် ယခုတွေ့ရှိသည့် မျိုးဗီဇအသစ်မှာ ၇၀ ရာခိုင်နှုန်းခန့် ကူးစက်မှု ပိုမို လျင်မြန်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။ဗြိတိန်နိုင်ငံတွင် ဗိုင်းရပ်စ် မျိုးဗီဇအသစ် ကူးစက်မှုများ ပျံ့နှံ့လျက် ရှိသည်။
Xin Hua