Singapore Airline စင်္ကာပူလေကြောင်းလိုင်း (SIA) သည် လေကြောင်းခရီး သွားလာမှု ဝယ်လိုအား များပြားလာခြင်းနှင့် နိုင်ငံတကာနယ်စပ်များ ပြန်လည် ဖွင့်လှစ်ခြင်းကြောင့် ယခု ဘဏ္ဍာနှစ် နောက်ဆုံး သုံးလပတ် မတိုင်ခင်အထိ အမြတ်ငွေ ဒေါ်လာ (၆၂၈) သန်းထိ ရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ ဘဏ္ဍာနှစ်သည် ၂၀၂၃ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ (၉) လတာကာလအတွင်း စံချိန်တင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံထိ တိုးလာခဲ့ပြီး ၎င်းအနက် အမြတ်ငွေ ဒေါ်လာ (၆၂၈) သန်းထိ ရရှိခဲ့ခြင်း ဖြစ်သည်။
စင်္ကာပူ လေကြောင်းလိုင်းအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ အမြတ်ငွေ ဒေါ်လာ (၇၅၂) သန်း ရရှိခဲ့ပြီး ယမန်နှစ် ကာလတူအတွင်းတွင် အမြတ်ငွေ ဒေါ်လာ (၅၅၇) သန်းသို့ လျော့ကျလာရာမှ ယခုနှစ်တွင် အမြတ်ငွေ ၁၂.၇ ရာခိုင်နှုန်းထိ ပြန်လည် မြင့်တက်လာခဲ့သည်။
အမြတ်ငွေသည် တစ်နှစ်ထက် တစ်နှစ် (၈) ရာခိုင်နှုန်း တိုးလာခဲ့ပြီး တတိယသုံးလပတ် ဝင်ငွေတွင် ဒေါ်လာ ၄.၈၅ ဘီလီယံအထိ ရရှိကာ နောက်ထပ် (၉) လတာကာလအတွင်းတွင် အမြတ်ငွေ ဒေါ်လာ ၁၃.၂၆ ဘီလီယံအထိ (၁၅၈) ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။
Advertisement
Click Here >King Metal
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် စင်္ကာပူ လေကြောင်းလိုင်း၏ အစုရှယ်ယာပိုင်ဆိုင်ခွင့်သည် ဒေါ်လာ (၁၉.၄) ဘီလီယံဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လတွင် မဖြစ်မနေ ပြောင်းလဲနိုင်သော ငွေချေးစာချုပ်များကို ရွေးထုတ်ပြီးနောက် ဒေါ်လာ (၃) ဘီလီယံ လျော့ကျသွားခဲ့သေးသည်။
ထို့ကြောင့် လေကြောင်းလိုင်း၏ စုစုပေါင်း ကြွေးမြီသည် ဒေါ်လာ (၄) ဘီလီယံမှ (၁၆.၁) ဘီလီယံအထိ ရှိခဲ့ပြီး အဓိကအားဖြင့် ရောင်းချခြင်းနှင့် အငှားချခြင်းဆိုင်ရာ လုပ်ဆောင်မှုများကြောင့် ဖြစ်ကာ လုပ်ငန်း၏ ကြွေးမြီ-ရှယ်ယာအချိုးသည် (၀.၇) ဆမှ (၀.၈၃) ဆအထိ မြင့်တက်ခဲ့သည်။
SIA သည် Air India တွင် ရှယ်ယာ (၂၅.၁) ရာခိုင်နှုန်း ထည့်ဝင်ကာ ဒေါ်လာ သန်း (၃၆၀) ရင်းနှီး မြှုပ်နှံထားပြီး Virgin Australia, Air New Zealand, Malaysia Airlines, Scandinavian Airlines, United Airlines များနှင့်လည်း ချိတ်ဆက်ကာ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန် ကြိုးစား လုပ်ဆောင်လျက် ရှိသည်။
ထိုသို့ တိုးချဲ့ခြင်းဖြင့် ၎င်းသည် နှစ်စဉ် လေကြောင်းခရီးသွားလာမှု ဝယ်လိုအား မြင့်တက်နေသည့် ကမ္ဘာ့အလျင်မြန်ဆုံးနှင့် လူဦးရေအထူထပ်ဆုံး စျေးကွက်များတွင် အခိုင်အမာ ခြေကုပ်ယူနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။ Vistara-Air India ပေါင်းစည်းမှုသည် လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရသည်။
၂၀၂၃ ခုနှစ်အတွက် သွားလာရ အလုံခြုံဆုံးနဲ့
အကောင်းဆုံး လေကြောင်းလိုင်းများ စာရင်းတွင်
SIA က နံပါတ် (၅) နေရာတွင် ရှိနေ
လက်ရှိတွင် စင်္ကာပူ လေကြောင်းလိုင်းအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ၎င်း၏ တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်သည့် Scoot အပါအဝင် SIA ၏ လမ်းကြောင်းကွန်ရက်တွင် စင်္ကာပူအပါအဝင် နိုင်ငံနှင့် မြို့ပေါင်း (၃၆) ခုသို့ ခရီးစဉ် (၁၁၁) ခု ပြေးဆွဲလျက် ရှိသည်။
၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီ ကာလများတွင်မူ နိုင်ငံနှင့် မြို့ပေါင်း (၃၇) ခုသို့ ခရီးစဉ်ပေါင်း (၁၃၇) ခုအထိ ပျံသန်း ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။
Su Mon Oo