မလေးရှားနိုင်ငံက တောင်ကိုရီးယားမှ ရင်းဂစ် (၄.၈) ဘီလီယံ၊ ဒေါ်လာသန်း (၉၁၀) ကျော် တန်ဖိုးရှိ FA-50 တိုက်လေယာဉ် (၁၈) စီးကို ဝယ်ယူလိုက်ကြောင်း Korean Aerospace Industries က ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်က အတည်ပြု ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အိန္ဒိယအခြေစိုက် Tejas နှင့် Pakistan-China GS17 ကို ကျော်ဖြတ်ပြီး တောင်ကိုရီးယားမှ ယခုကဲ့သို့ တိုက်လေယာဉ်များ ဝယ်ယူလိုက်ခြင်း ဖြစ်ကာ ၂၀၂၂ ခုနှစ် ဧပြီလတွင် Korean Aerospace Industries နှင့် လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
FA-50 သည် နိုင်ငံ၏ လေတပ်တွင် ၂၀၁၃ ခုနှစ်ကတည်းက Korea Aerospace Industries မှ ဖြန့်ကျက်ချထားခဲ့သော အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ဖြစ်သည်။ တိုက်လေယာဉ်တွင် နည်းဗျူဟာ အချက်အလက်ချိတ်ဆက်မှု၊ တိကျသော လက်နက်များနှင့် မိမိကိုယ်ကိုယ် ကာကွယ်မှုစနစ်ခွဲများ ပါရှိပြီး NATO စနစ်များတွင် အလွယ်တကူ ပေါင်းစပ်နိုင်သည်။
မလေးရှားသည် ၎င်း၏ FA-50 အကြောင်းကို အသေးစိတ် မဖော်ပြထားသော်လည်း သဘောတူညီချက်အရ FA-50 တစ်စီး၏ စျေးနှုန်းသည် ဒေါ်လာ သန်း (၅၀) ခန့်ရှိပြီး အမေရိကန်၊ ယူကေ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများမှ တိုက်လေယာဉ်များနှင့် နှိုင်းယှဉ်လျှင် ဈေးထက်ဝက်ခန့် လျော့နည်းသည်ဟု သိရသည်။
မလေးရှားသည် ပြည်တွင်းအသားတင်ထုတ်ကုန်အပေါ် အခြေခံ၍ အရှေ့တောင်အာရှနိုင်ငံများ အသင်းအဖွဲ့ဝင်များကြားတွင် လက်နက်အသုံးစရိတ် အနည်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေသော်လည်း ၎င်းသည် ယခုအခါ Korean Aerospace Industries ၏ အကြီးမားဆုံး ဖောက်သည်ဖြစ်လာကာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ကန်ဒေါ်လာ (၂) ဘီလီယံနီးပါးထိ ဝယ်ယူနေခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန ( Stockholm International Peace Research Institute ) မှ အစီရင်ခံစာ ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်မှ စတင်ပြီး တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တိုက်လေယာဉ်အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာကာ လွန်ခဲ့သည့် (၅) နှစ်အတွင်း မလေးရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူမှုတွင် ထိပ်ဆုံး၌ တည်ရှိနေခဲ့ကြောင်း မလေးရှားတက္ကသိုလ်မှ စီနီယာကထိက Hoo Chiew-Ping က ဆိုသည်။
Advertisement
Click Here >Lucky Bag & Swallow Plastic
အရှေ့တောင်အာရှတွင် စစ်အသုံးစရိတ် သုံးစွဲမှု တက်လာသည်နှင့်အမျှ တောင်ကိုရီးယားသည်လည်း စစ်လက်နက် ရောင်းဝယ်မှုတွင် အကြီးဆုံး ဖြစ်လာခဲ့ပြီး ၎င်းထံမှ မလေးရှားအပါအဝင် အာဆီယံနိုင်ငံများ၊ ဗြိတိန်နိုင်ငံများ၊ အိန္ဒိယနိုင်ငံနှင့် တူရကီနိုင်ငံများမှ စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ဝယ်ယူလျက် ရှိသည်။
အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားသည် အရှေ့တောင်အာရှတွင် ပထမဆုံးသော ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ယခု မလေးရှားအပါအဝင် ထိုင်းနှင့် ဖိလစ်ပိုင်တို့ကလည်း အလားတူ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် တာစူနေကြသည်။
ပိုလန်နိုင်ငံမှလည်း တောင်ကိုရီးယားမှ ဂျက်တိုက်လေယာဉ်များ၊ တင့်ကားများနှင့် တခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းအမြောက်အမြားကို မှာယူထားသည်ဟု Hoo Chiew-Ping က မှတ်ချက်ပြုခဲ့သည်။ လက်ရှိတွင် K2 တင့်ကား အစီးရေ ၁,၀၀၀ နီးပါး မှာယူထားပြီး တောင်ကိုရီးယားတွင် ၁၈၀ ပြုလုပ်ကာ ကျန် ၈၀၀ ကို ပိုလန်တွင် တပ်ဆင် ပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရသည်။
"တောင်ကိုရီးယားဟာ ကာကွယ်ရေးပစ္စည်း တင်သွင်းသူအနေနဲ့ အင်အားကြီးမားလာနေပြီး Korean Aerospace Industries အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်" ဟု မလေးရှားနိုင်ငံ၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ပညာရှင် Thomas Daniel က ပြောသည်။ "ဒါဟာ နေ့ချင်းညချင်း ကိစ္စတော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် တောင်ကိုရီးယားမှာ ကြီးမားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရှိပြီး နည်းပညာပိုင်းအရ ရန်လိုတဲ့ အိမ်နီးချင်းနိုင်ငံလည်း ရှိတာကြောင့် ကာကွယ်ရေးမှာ အများကြီး သုံးစွဲတယ်ဆိုတာ မှတ်သားထားဖို့ လိုပါတယ်။ " ဟု ၎င်းက ဆက်ပြောသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း Ismail Sabri လက်ထက်တွင် စီးပွားရေးကုန်သွယ်မှုကို ဦးစားပေးပြီး ထိုအချိန်က မလေးရှားအစိုးရသည် အိန္ဒိယ၏ Tejas ဂျက်တိုက်လေယာဉ်များ ဝယ်ယူရန်အတွက် စားအုန်းဆီ ကုန်ပစ္စည်းများကို အသုံးပြုကာ လဲလှယ် ရောင်းဝယ်ရေးစနစ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
မလေးရှား၏ ကာကွယ်ရေးမူဝါဒသည် နိုင်ငံ၏ ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့များကို လုံလောက်စွာ မထောက်ပံ့ပေးနိုင်ခြင်းနှင့် ၎င်း၏ ကာကွယ်ရေးဘက်ဂျက် ခွဲဝေချထားမှုသည် နည်းပါသဖြင့် ပြီးခဲ့သော နှစ်များအတွင်း ပြည်တွင်းနိုင်ငံရေးတွင် စိန်ခေါ်ခံခဲ့ရကြောင်း၊ အာဆီယံ၏ သုံးစွဲမှုအချိုးများထဲတွင် မလေးရှားနိုင်ငံသည် နောက်ဆုံးတွင် ရှိနေခဲ့ကြောင်း Hoo Chiew-Ping ၏ ပြောကြားချက်အရ သိရှိရသည်။
Su Mon Oo
Ref : Nikkei Asia